အခန်း (714)

809 132 0
                                    

အခန်း (၇၁၄)  :   ကြာပန်းနီအတွက် တိုက်ခိုက်ခြင်း

“ စီနီယာအစ်မစု … ကျတော်က အဲဒါကို ကောက်ယူနိုင်ရုံလောက်လေးပဲ။ ဒါကို သတိပြုမခံရဘဲနဲ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး ” အင်မော်တယ်စွမ်းအားများ နည်းပါးနေသည့် ဂူအတွင်း၌  တုံ့ဟွားလုံက သူ့ရှေ့တွင် ကြာပန်းနီကို ချထားရင်း ပြောလိုက်သည်။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ထိုကြာပန်းနီကို  သိမ်းထားဖို့ရာ အားတော်တော် သုံးထားရကြောင်း သိသာလှသည်။

“ငါတို့တွေ အချိန်တစ်ခုအထိ ထွက်ဦးမှာ မဟုတ်ဘူးဆိုတော့ ကိစ္စမရှိဘူးလေ။ ကျိုးပျက်ကမ္ဘာထဲက အလွှာတွေက အကျယ်ကြီးပဲဆိုတော့ ငါတို့တွေ သတိထားသရွေ့ ဘယ်သူကမှ ငါတို့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး ကြာပန်းနီကို သိမ်းထားလိုက် … ပြီးရင် နေရာပြောင်းရအောင်။ ငါတို့တွေ ဒီနေရာမှာ နေနေတာ ကြာလှပြီ ” စုရိုအာက ခေါင်းညိတ်ကာ ပြောလိုက်သည်။

တုံ့ဟွားလုံက အားနာစွာဖြင့် “ စီနီယာအစ်မစု ဒီကြာပန်းနီက အစ်မဟာ ဖြစ်သင့်တယ်လေ ဒါပေမဲ့ … ”

သူက အမှန်တကယ် အားနာနေမိသည်။ သူတို့ ဤနေရာသို့ ရောက်လာသည့် အကြောင်းအရင်းမှာ ကျင့်ကြံရေး အရင်းအမြစ်များ လာရှာခြင်း ဖြစ်သော်လည်း စုရိုအာက သူ့အား အဖော်ပြုကာ ဤနေရာ၌ တစ်နှစ်ကျော်ကြာ ပုန်းအောင်းနေခဲ့ရသည်။ စုရိုအာက သူ့ထက် များစွာ အားကောင်းပြီး ကျင့်ကြံဆင့် မြင့်သော်လည်း ကံကြမ္မာ ကြာနီကဲ့သို့သော ရတနာမျိုးကို မလိုချင်ပေ။ ထိုအကြောင်းသာ ပြန့်နှံ့သွားပါက မည်သူကမှ ယုံကြည်ကြမည် မဟုတ်ပေ။

စုရိုအာနှင့် သူက သွေးသားတော်စပ်ခြင်း မရှိသလို တုံ့ဟွားလုံအနေနှင့် အစ်ကိုကြီးမိုကြောင့်သာ မဟုတ်လျှင် သူမနှင့် တွေ့မိမည် မဟုတ်ပေ။ ဤသို့ဆိုလျှင်ပင် ထွက်ပြေးနေစဉ်အတွင်း  စုရိုအာက သူမ အတွေ့အကြုံများကို အသုံးချ၍ တုံ့ဟွားလုံအား အကြိမ်များစွာ ကူညီပေးခဲ့သည်။ ဤတစ်ကြိမ်၌ သူမက ကံကြမ္မာကြာနီကိုပင် ငြင်းဆန်နေပြီး သူ့အား ပြန်ပေးနေလေ၏။

စုရိုအာက ပြုံးကာ

“ ဂျုနီယာမောင်လေး ဟွားလုံ … တကယ်လို့ ငါ တွေ့ခဲ့တာဆိုရင်တော့ ကိုယ့်ဘာသာ သိမ်းထားမှာပေါ့။ ဒါပေမဲ့ ကံကြမ္မာ ကြာနီကို မင်းတွေ့ခဲ့တာလေ။ အဲကြောင့် မင်းအပိုင်ပဲ …. ဒီလိုမျိုး ရတနာကို ရဖို့က ကံတရားနဲ့လည်း ဆိုင်သေးတယ်။ ကံမဆုံဘဲ အတင်းသိမ်းထားရင် ဆိုးကျိုးဘဲ ဖြစ်လာလိမ့်မယ် ”

လူသားသစ္စာ (701-900)Where stories live. Discover now