အခန်း (710) End of Book 51

922 147 5
                                    

အခန်း  (၇၁၀)  :  ပိုင်ယဲ့၏ နှလုံးသားထဲမှ အရိပ်

“ ကျုပ်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ ” ပိုင်ယဲ့က သူ့ဆံပင်များပင် ရုတ်တရက် ထောင်သွားသလို ခံစားလိုက်မိ၏။ ဓားအကျဉ်းထောင်ထဲ၌ လူတစ်ယောက် ရှာဖို့ရာ ကြိုးစားခြင်းမှာ ကောက်ရိုးပုံ အပ်ရှာရသည်ထက် ပို၍ ခက်ခဲပေသည်။

ဤခက်ခဲမှုကို သူ့ရှေ့တွင် ရှိနေသော ဂိုဏ်းချုပ်မိုက အမှန်တကယ် လုပ်ဆောင်ခဲ့သောကြောင့် သူ့အား အထိတ်တလန့် ဖြစ်မိစေပြန်သည်။ ထိုစဉ် သူက ကိုယ့်ဘာသာ ယုံကြည်ချက် လျော့နည်းလာမိ၏။ သူက မိုဝူကျိအား အလွှတ်မပေးကြောင်း၊ အစီအရင်အတွင်းသာ မဟုတ်ပါက သတ်ပစ်မည် ဖြစ်ကြောင်း တွေးနေခဲ့သော်လည်း ဤကဲ့သို့ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော မိုဝူကျိကိုမူ ဘာမှ မလုပ်ရဲတော့ချေ။

သူက မိုဝူကျိအပေါ် ကြောက်ရွံ့မိသော ဒုတိယအကြိမ် ဖြစ်ပေသည်။ ပထမအကြိမ်မှာ မိုဝူကျိ တစ်ယောက် ဓားစွမ်းအင်မြစ်ထဲ ဆင်းသွားသည့် အချိန်က ဖြစ်ပြီး ထိုမြင်ကွင်းမှာ သူ့အား အမြဲလိုလို ခြောက်လန့်နေခဲ့သည်။ ထိုစဉ်ကတည်းမှ ယခုအချိန်အထိ သူ့စိတ်ထဲ၌ ထိုမြင်ကွင်းသာ ကြီးစိုးနေ၏။

ကြောက်စရာ အကောင်းဆုံးအရာမှာ မသိခြင်းတရား ဖြစ်၏။ သူက မိုဝူကျိသည် မည်မျှ အားကောင်းကြောင်း အတိအကျ မသိသေးပေ။ မိုဝူကျိက ဓားစွမ်းအင်မြစ်ထဲ အလွယ်တကူ ဆင်းပြီး သူ့အား အလွယ်လေး ရှာတွေ့သည့် အကြောင်းကိုလည်း မသိချေ။

“ ခင်ဗျား သိရမဲ့ အရာ မဟုတ်ဘူး။ အရင်တုန်းက ခင်ဗျားက ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့မှတော့  လျော်ကြေးရဖို့ လိုတယ်မလား ” မိုဝူကျိက မထူးမခြားနား ပြောလိုက်၏။

ပိုင်ယဲ့က သူ့အစီအရင်မှ ထွက်သွားသည့်အခါ မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြု၍ ပိုင်ယဲ့အပေါ် အမှတ်အသား ချန်ရစ်ထားလိုက်သည်။ သူက ပိုင်ယဲ့သည် ထိုအမှတ်အသားကို အလွယ်တကူ တွေ့လိမ့်မည် မဟုတ်ကြောင်း သေချာသိနေသည်။

အကယ်၍ ဓားအကျဉ်းထောင် ပြင်ပ၌ ဖြစ်နေမည်ဆိုလျှင် မိုဝူကျိက ပိုင်ယဲ့ကဲ့သို့ အင်မော်တယ် ဧကရာဇ် တစ်ယောက်အပေါ်  စိတ်ဝီညာဉ် အမှတ်အသားထားဖို့ ကြိုးစားခြင်းမှာ ရယ်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်သော်လည်း  ယခုကား  ဓားအကျဉ်းထောင်ထဲ ဖြစ်၏။ ပိုင်ယဲ့၏ တစ်ကိုယ်လုံးမှာ မိုဝူကျိကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး သူက အားကုန်စိက်ထားမှ သူ့ကိုယ်သူ ပြန်ကောင်းလာအောင် စွမ်းဆောင်ထားနိုင်ရုံမျှ ဖြစ်ပေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now