အခန်း (702)

914 147 0
                                    

အခန်း  (၇၀၂)  :  နောက်ဆုံးတော့

“ အဲဆို ဓားအကျဉ်းထောင် ဘယ်လိုဖြစ်လာတာလဲ ဆိုတဲ့ အကြောင်းကို သိထားလား ” ခဏအကြာတွင် ရှန့်ဟဲကောင်းက ရုတ်တရက် မေးလိုက်သည်။
ဖန်းဟုန်နှင့် ဝေကျီတောက်တို့က ရှန့်ဟဲကောင်းအား ကြည့်လိုက်ကြသည်။ ဤနေရာ၌ ဝေကျီတောက်သည် ကျင့်ကြံဆင့် အမြင့်ဆုံး ဖြစ်ကာ ဖန်းဟုန်သည် အားအကောင်းဆုံး ဖြစ်သော်လည်း အတွေ့အကြုံ အများဆုံးသူမှာ ရှန့်ဟဲကောင်း ဖြစ်နေသည်။ သူက အလွန်တရာ လိမ္မာ ပါးနပ်ပေ၏။ ကံကောင်းမှုကြောင့်သာ မဟုတ်လျှင် မဟာဓားလမ်းစဉ်ဂိုဏ်းအနေနှင့် ရှန့်ဟဲကောင်းကို ဓားအကျဉ်းထောင်ထဲ ဖမ်းထည့်နိုင်မည် မဟုတ်ပေ။
ရှန့်ဟဲကောင်းက လက်ညိုးဖြင့် ညွှန်ပြကာ အသံနက်နက်ဖြင့် ပြောလိုက်သည်   “  ဓားအကျဉ်းထောင်က နတ်ဘုရားစစ်ပွဲ ပြီးသွားတော့ ကျန်ခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ။ ကောလဟာလတွေကတော့  ထိပ်တန်းအဆင့် ဓားတာအို ကျင့်ကြံသူတစ်ယောက် ကျရှုံးသွားပြီးတော့ အဲဒီလူ ပျောက်ကွယ်သွားတဲ့နောက်မှာ  ဒီဓားအကျဉ်းထောင် ဖြစ်ပေါ်လာတာတဲ့ … ”
ရှန့်ဟဲကောင်းက ရပ်လိုက်ပြီးနောက်  သူတို့သုံးယောက်သာ ကြားရလောက်သည့်အသံဖြင့်
“ နတ်ဘုရား မျှော်စင်လိုမျိုးပဲ ယုံရင်အင်မော်တယ်နယ်မြေရဲ့ အသက်မဲ့မြစ်နဲ့ ကျိုးပျက်ကမ္ဘာတွေကလည်း  ရှေးဟောင်းကျင့်ကြံသူတွေဆီက ကျန်ခဲ့တဲ့ ရတနာတွေတဲ့။ အသက်မဲ့မြစ်မှာ ဟုန်မုန့်စွမ်းအင် ရှိပြီးတော့ ဒီနေရာမှာ အဆုံးမသတ်တဲ့ ဓားစွမ်းအင်တွေ စုစည်းနေတယ်။ အားလုံးပဲ တွေးကြည့်ကြပါဦး …. ”
ရှန့်ဟဲကောင်းက ယခုအချိန်အထိ ပြောပြီးနောက် တစ်ခုခုကို နားလည်သွားသည့်အလား သူ့အမူအယာမှာ တဆစ်ချိုး ပြောင်းလဲသွားတော့သည်။
ရှန့်ဟဲကောင်းနှင့်အတူတူ  ဖန်းဟုန်နှင့် ဝေကျီတောက်တို့၏ အမူအယာလည်း ပြောင်းလဲသွား၏။ သူတို့လည်း ရှန့်ဟဲကောင်း တွေးသည့်အရာကို တွေးမိလိုက်ခြင်း ဖြစ်ပေသည်။
သုံးယောက်လုံးမှာ တစ်ချိန်တည်း ထရပ်လိုက်ကြပြီး မည်သူမှ စကားမပြောနိုင်ခင် အပြင်ဘက်တွင် ရှိနေသော အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးက တင်ပြလိုက်လေ၏  “ သခင်ကြီး ကျုပ်တို့တွေ အခု ၂၄ နာရီ ကျော်သွားတာတောင်  ၂၂ နာရီ လောက်က ဓားစွမ်းအင် လုံးဝ မခံစားမိတော့ဘူး။ ကျန်တဲ့ ၂ နာရီမှာလည်း ပြန့်ကျဲနေတဲ့ ဓားစွမ်းအင်တွေလောက်ပဲ ရှိတော့တာ …. ”
“ သွားကြစို့ ” အင်မော်တယ် အုပ်စိုးသူ၏ တင်ပြမှုကို ကြားပြီး ရှန့်ဟဲကောင်းက တုံ့ဆိုင်းမနေတော့ဘဲ အော်ပြောလိုက်တော့သည်။
ရှန့်ဟဲကောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဖန်းဟုန်နှင့်  ဝေကျီတောက်တို့လည်း အပြေးအလွှား ထွက်သွားလိုက်ကြသည်။ အင်အားစုသုံးခု၏ ခေါင်းဆောင် သုံးယောက်က တွေဝေမနေဘဲ ပြေးထွက်သွားသည်ကို မြင်သောအခါ အင်မော်တယ် အုပ်စိုးသူလည်း နောက်မှ လိုက်ပါသွားလိုက်ရသည်။
ထိုလှုပ်ရှားမှုကြောင့် ဘေးကင်းနွယ်တောင်တွင် ရှိနေသော ကျင့်ကြံသူများစွာက သတိနိုးကြားလာကြပြီး အဖြစ်အပျက်ကို မသိသောသူများပင် အပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြတော့သည်။
……………..…
လက်ရှိတွင် လေးယောက်အဖွဲ့က မိုဝူကျိ ရှိနေသည့်  ကန္တာရ အစွန်းအဖျားသို့ ရောက်ရှိလာကြသည်။ ထိုလူလေးယောက်၏ ထူးခြားချက်မှာ နောက်ကျောတွင် ဓားရှည်ကိုယ်စီ သယ်ဆောင်ထားကြပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ပိန်ပါးပါး လူလတ်အရွယ် အမျိုးသား တစ်ယောက် ဖြစ်၏။ သူ့နောက်တွင် နူးညံ့သိမ်မွေ့သည်ဟု ယူဆ၍ မရသော်လည်း ခန္ဓာကိုယ်တောင့်တောင့်နှင့် ကြေးစားစစ်သည်တော် တစ်ဦးအသွင် ပေါက်နေသည့်  မိန်းမပျိုလေး တစ်ဦး ပါရှိသည်။ နောက်ဆုံး၌ လူမှာ ခပ်ကြမ်းကြမ်း လူရိုင်းအသွင် ပေါ်နေသည့် အမျိုးသား တစ်ဦး ဖြစ်၏။
“ စီနီယာဦးလေး  ဒီနေရာမှာ အစီအရင်ကြီး တစ်ခု ရှိတဲ့ပုံပဲ …”ပြောလိုက်သူမှာ မျက်နှာအသားရေ ဝါကျစ်ကျစ်ရှိသည့် ပိန်ပါးပါး အမျိုးသား တစ်ယောက် ဖြစ်ပြီး သူက အမှန်တကယ်တော့ သစ်သားဓားတစ်ချောင်း သယ်ဆောင်ထား၏။
ဦးဆောင်လာသည့် လူလတ်အရွယ် အမျိုးသားက ခေါင်းညိတ်ကာ  “ ဖန်ဝါက  ဒီနေရာမှာ အစီအရင် ရှိနေတာ သတိထားမိလာတယ်ဆိုတော့ အခုတလော အတော်လေး တိုးတက်လာတာပဲ။ ဟုတ်တယ်လေ …. ဒီနေရာမှာ အစီအရင် ခင်းကျင်းထားတယ်။ ငါ ခန့်မှန်းတာသာ မမှားရင် ဒီအစီအရင်က  စီနီယာမို ခင်းကျင်းထားတာ ဖြစ်လိမ့်မယ် … ”
“ အဲဒီ ဂိုဏ်းချုပ်မိုက အတော်‌လေး အံ့ဩဖို့ ကောင်းလိုက်တာ။  လူတော်တော်များများက ကန္တာရထဲ လာချင်ပေမဲ့ ကြာကြာ မနေနိုင်ကြဘူး။ ဂိုဏ်းချုပ်မိုက ရောက်ရောက်ချင်း ဒီနေရာမှာ နေဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တာပဲ …..”  ခန္ဓာကိုယ် တောင့်တောင့်နှင့် အမျိုးသမီးက ဝင်မှတ်ချက်ပေးလိုက်သည်။
“ အမှန်ပဲ ” လူလတ်အမျိုးသားက ပြန်ဖြေလိုက်၏
“ ဓားအကျဉ်းထဲမှာ အဆင့်မြင့် ကျင့်ကြံသူတွေ အများကြီး ရှိပေမဲ့ ဘယ်သူကများ စီနီယာမိုလိုမျိုး အဆင့် ၆ အင်မော်တယ် အစီအရင် ခင်းကျင်းနိုင်လို့လဲ။ ငါတို့တွေ စီနီယာမိုဆီက အကူအညီကို မျှော်မှန်းပြီး ထွက်လာတာ နှစ်ဝက်လောက် နောက်ကျသွားတယ်။ ငါကိုယ်တိုင်က စီနီယာ နျဲ့ချုံးအန်းနဲ့ စီနီယာ ကျန့်မင်ချန်းတို့လို  ရှေ့ရေးကို မြော်မြော်မြင်မြင် မတွေးတတ်ခဲ့တာပါကွာ ”
ထိုသို့ ပြောပြီးနောက် လူလတ်အမျိုးသား၏ အသံမှာ အားလျော့သွားကာ သက်ပြင်းချလိုက်တော့သည်။
အမျိုးသမီးက ခေါင်းခါကာ 
“ စီနီယာဦးလေးက တခြားလူတွေထက် မဆိုးပါဘူး။ ကျမတို့လေးယောက်က တျန်းဂျီဂိုဏ်းရဲ့ ကျန်ရှိနေတဲ့ လေးယောက်ဆိုတာကို သိနေလို့ပါ။ တကယ်လို့ ကျမတို့တွေ ဒီမှာ ပျောက်ကွယ်သွားခဲ့ရင် တျန်းဂျီဂိုဏ်းက ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါကြောင့် စီနီယာဦးလေးရဲ့ လှုပ်ရှားမှုတိုင်းက အရမ်း သတိထားရတယ်လေ။”
“ကျန်းကွေ့ … ငါတို့တွေ နောက်ကျ တျန်းဂျီဂိုဏ်းအကြောင်း ထပ်ပြောလို့ မဖြစ်ဘူး။ ငါတို့က ဓားကျောင်းတော်ကပဲ .. ဟုတ်ပြီလား ” လူလတ်အမျိုးသားက သတိပေးလိုက်သည်။
“ ဟုတ်ကဲ့ ” အမျိုးသမီးက မြန်မြန် ဖြေလိုက်၏။
လူလတ်အရွယ် အမျိုးသားက တစ်ဖန် သက်ပြင်းထပ်ချကာ  ထိုကိစ္စအကြောင်း ဆက်မပြောတော့ဘဲ အသံကြည်ကြည်လင်လင်ဖြင့်  “ ဓားကျောင်းတော်ရဲ့ စုကျီအန်းက ဂိုဏ်းချုပ်မိုနဲ့ တွေ့ခွင့် တောင်းပါတယ် …. ”
ခဏအကြာတွင် အစီအရင်က ပွင့်သွားသည်နှင့် သူတို့ရှေ့တွင် စုကျီအန်းထက်ပင် ပိန်သော ပိန်ပါးပါး အမျိုးသား တစ်ယောက် လျှောက်လှမ်းလာသည်။
“ စုကျီအန်းက အင်မော်တယ်ရောင်းရင်းဖေးကို နှုတ်ဆက်ပါတယ် …” ဖေးလင်၏ ကျင့်ကြံဆင့်မှာ စုကျီအန်းထက် အနည်းငယ် နိမ့်ကျသော်လည်း  စုကျီအန်းက သူ့အား လေးလေးစားစား နှုတ်ဆက်လိုက်သည်။
သူက ဂိုဏ်းချုပ်မို၏ ကာကွယ်မှုအောက် စောစောစီးစီး ဝင်လိုက်ရမည် ဖြစ်ကြောင်း နောင်တရလာမိသည်။ စုကျီအန်းသည် ဖေးလင်၏ ယူကျုံးမရ  အခြေအနေကိုလည်း မြင်တွေ့ဖူးထားပြီး စုကျီအန်းသည် ဘေးကင်းနွယ်တောင်၌ အင်အားစု သုံးခုအောက် ခိုလှုံခြင်း မရှိသော်လည်း ထိုအင်အားစု သုံးခုကြားမှ အဖြစ်အပျက်များကို စောင့်ကြည့်ထား၍ သိပေသည်။
ဖေးလင်သည် ဖန်းဟုန်ကို ရန်စမိခဲ့ပြီး ဘေးကင်းနွယ်တောင်မှ ကူကယ်ရာမဲ့စွာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားခဲ့သည်။ ပြောရမည်ဆိုလျှင် အရိုးစုမျှသာ ရှိတော့သည့် အခြေအနေအထိ ကျရောက်သွားခဲ့၏။ သို့သော် ထိုအချိန်ကာလလေး အပြီးတွင် သူ့မျက်လုံးအပြင် ဖေးလင်မှာ ကျန်သော ကျန်းကျန်းမာမာ ရှိနေသည့် ကျင့်ကြံသူများကဲ့သို့ ဖြစ်နေလေပြီ။ သူတို့သည် ဓားအကျဉ်းထောင်ထဲ ရှိကြောင်း သိထားသင့်ပေသည်။ အကြောင်းမှာ ဓားအကျဉ်းထောင် ပြင်ပ၌ပင် သူ့ပြန်လည်ကောင်းမွန်လာနှုန်းမှာ ဤမျှအထိ မြန်ဆန်မည် မဟုတ်ပေ။
ဖေးလင်က စုကျီအန်းကို သိပေသည်။ ထိုသူမှာ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ဓားတာအိုကို လေ့ကျင့်ကာ ဤဓားအကျဉ်းထောင်ထဲတွင် ဓားတာအိုနှင့် ပတ်သတ်ပြီး ဉာဏ်အလင်းများ ပွင့်ထားသူ ဖြစ်ကြောင်း သတင်းများ ထွက်ဖူး၏။ ထိုအရာကို ထည့်မပြောလျှင်ပင် ဓားအကျဉ်းထောင်ထဲ၌  နျဲ့ချုံးအန်းပင် စုကျီအန်းအား  အပြတ်ရှင်းရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း စုကျီအန်းက မည်သူ၏ ကျေးဇူးကြွေးမှ မရှိသလို သူက အင်အားစု သုံးခုကိုလည်း ဝင်ဖို့ရာ မရွေးချယ်ခဲ့ပေ။ ဓားအကျဉ်းထောင်၌ သူက အမြဲတမ်း ထောင့်တစ်နေရာ၌သာ ရှိနေတတ်သည်။ စုကျီအန်း၏ သိုသိုသိပ်သိပ် နေထိုင်မှုကြောင့် အင်အားစုသုံးခုနှင့် တစ်ခါမှ ပြဿနာ မတက်ဖူးဘဲ သူ့ဘာသာ ဘေးကင်းနွယ်တောင်ထဲ၌ ခြေကုပ် တစ်နေရာစာ ရရှိခဲ့သည်။
“ အင်မော်တယ်ရောင်းရင်းစုက ဒီနေ့ ရောက်လာတာ ဘာလို့များလဲဗျ ..” ဖေးလင်က စုကျီအန်းအနေနှင့် အင်အား ပူးပေါင်းလိုလျှင် နတ်ဆိုးလက် သို့မဟုတ် သမာဓိတောင် သို့မဟုတ်  အင်မော်တယ် အမဲလိုက်သူ အင်အားစုသို့ ဝင်လိမ့်မည် ဖြစ်ကြောင်း တွေးမိ၍ သိချင်နေမိသည်။
အကယ်၍ စုကျီအန်းက အင်အား မပူးပေါင်းလိုလျှင် ဒီကို ဘာလာလုပ်တာလဲ…..
ဤနေရာကား ဘေးကင်းနွယ်တောင်ထက် ပိုကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။
စုကျီအန်းက လက်နှစ်ဖက် ယှက်ကာ  “ စီနီယာမိုက အရမ်းအားကောင်းပြီးတော့ သဘောထားကြီးတယ်ဆိုတာ ကြားလို့ ကျုပ်တို့တွေ ခိုလှုံခွင့် လာတောင်းတာပါ … ”
“ ကျုပ်တို့ဖင်းဖန်ရဲ့  ကာကွယ်ပေးမှုကို လိုချင်တာလား ”ဖေးလင်က စုကျီအန်းသည် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားလဲ ဆိုသည့် အကြောင်းအရင်းကို ပို၍ သံသယ ဝင်လာမိသည်။
“ ဟုတ်ပါတယ် …. ကျုပ်တို့ လေးယောက်လုံးက ဖင်းဖန်ဆီကနေ အကူအညီ လာတောင်းခံတာပါ” စုကျီအန်းက မချိတင်ကဲ ခံစားနေရသည်။ သူကိုယ်တိုင်က တျန်းဂျီဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်ရက်နှင့် သူ့ဂိုဏ်းသားများကို  ခေါ်၍ တခြားဂိုဏ်းဆီ  ခိုလှုံခွင့် လာတောင်းခံနေရသည်။
ဖေးလင်က လက်နှစ်ဖက် ပြန်ယှက်ကာ
“ အင်မော်တယ်ရောင်းရင်းစု …. ဒါက ကျုပ်လည်း ကျုပ်ဘာသာ ဆုံးဖြတ်ချက် ချလို့ မရဘူးဗျာ။ ကျုပ်ဂိုဏ်းချုပ်က ထွက်သွားတာ ခြောက်လလောက် ရှိနေပြီ။ အခုထိ ပြန်မရောက်လာသေးဘူး။ တကယ်လို့ အင်မော်တယ်ရောင်းရင်းစု လိုလားတယ်ဆိုရင်တော့ အထဲမှာ စောင့်လို့ ရပါတယ်။ မစောင့်ချင်ဘူးဆိုရင်လည်း စိတ်ကြိုက် ထွက်သွားလို့ ရပါတယ် … ”
“ အင်မော်တယ်ရောင်းရင်းဖေး  ပြောတာက ဂိုဏ်းချုပ်မို ပြန်မလာတာ ခြောက်လတောင် ရှိနေပြီတဲ့လား ” စုကျီအန်းက ခဏတာ အံ့ဩတုန်လှုပ်သွားလေ၏။
သူက ဓားစွမ်းအင်များမှာ မည်မျှ ကြောက်မက်ဖို့ ကောင်းကြောင်း ကောင်းကောင်း သိထားသည်။ မိုဝူကျိ၏ လက်ရှိအင်အားဖြင့် နေ့တချို့ ထွက်သွားခြင်းက ပြဿနာ မဟုတ်ပေ။ ဤနေရာတွင် နေခြင်းက ဓားစွမ်းအင်များ ပိုမို နည်းပါးသောကြောင့် အသက်ဓာတ်ကို ပြန်လည် ထိန်းသိမ်းထားနိုင်သော်လည်း  အပြင်ဘက်သို့ ထွက်သွားခြင်းက  ဓားစွမ်းအင်များ၏  တိုက်စားခြင်းကို ခံရမည် ဖြစ်သလို အသက်ဓာတ်လည်း လျော့ပါးလာလိမ့်မည်။
“ ဟုတ်ပါတယ် အင်မော်တယ်ရောင်းရင်းစုက စောင့်ချင်သေးလား ” ဖေးလင်က မိုဝူကျိအကြောင်းကို စုကျီအန်းထက် ပို၍ နားလည်ပေသည်။ ထို့ကြောင့် မိုဝူကျိ ထွက်ခွာသွားသည့်အပေါ် နည်းနည်းလေးမှ မစိုးရိမ်ပေ။ ဂိုဏ်းချုပ်မိုတွင် အံ့အားသင့်စရာ ကောင်းလောက်သည့် ရုပ်ခန္ဓာ ကျင့်စဉ် ရှိနေလေရာ  ကျန့်မင်ချန်းလည်း မိုဝူကျိဆီမှ ရုပ်ခန္ဓာကျင့်စဉ် ရရှိပြီးနောက်  ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာ ကန္တာရမှ ထွက်သွားသကဲ့သို့ ဂိုဏ်းချုပ်သည်လည်း  အပြင်ထွက်၍ သွားလေ့ကျင့်နေခြင်းသာ ဖြစ်လိမ့်မည်။
တစ်ခုတည်းသော ခြားနားချက်မှာ ကျန့်မင်ချန်းက ပြန်ရောက်လာပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ်မိုက တစ်ခါမှ ပြန်မလာသေးပေ။
“ ဟုတ် ကျုပ်တို့တွေ စောင့်ပါ့မယ် ” စုကျီအန်းက သူ့ဘာသာ ပြန်ထိန်းလိုက်ပြီး ပြောလိုက်၏။
“ ဒီလိုဆိုမှတော့ လေးယောက်လုံး အထဲဝင်ခဲ့ပါ …. အထဲမှာ စောင့်လိုရပေမဲ့ ဘယ်လောက် ကြာမလဲတော့ ကျုပ်ကိုယ်တိုင်လည်း မသိဘူးရယ် ….”  ဖေးလင်က ရှင်းပြလိုက်လေသည်။
“ အင်မော်တယ်ရောင်းရင်းဖေးကို ကျေးဇူးတင်ပါတယ် ” စုကျီအန်းက လောကဝတ်ချော်မနေတော့ပေ။ ဘေးကင်းနွယ်တောင်မှ ထွက်လာပြီးနောက် သူက နည်းနည်း တောင့်ခံနိုင်သေးသော်လည်း သူ့နောက်မှ လူများက ထပ်၍ တောင့်မခံနိုင်တော့ပေ။ အငယ်ဆုံးနှင့် အားအနည်းဆုံးလေး  ဖန်ဝါ၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများနှင့် ပြည့်နေလေပြီ။
လေးယောက်သား အစီအရင်အတွင်း ဝင်လာသည့်အခါ ဘေးပတ်လည်မှ ဓားစွမ်းအင်များ သိသိသာသာ အားပျော့သွားမှုကို ခံစားလိုက်ရသည်။ သူတို့ ဘေးကင်းနွယ်တောင်မှာ ရှိစဉ်ကပင် နေ၍ ပိုကောင်းနေသေးသည်။
“ စိတ်မပူပါနဲ့ … ကျုပ်လည်း အခု အထဲသွားလိုက်ဦးမယ်။ အဲကြောင့်  ကိုယ့်ဘာသာကို ဂရုစိုက်ကြပါ ” ဖေးလင်က ပြောရင်း နေရာကွက်လပ်မှ ထွက်သွားလိုက်တော့သည်။
“ အဲဒီ ဂိုဏ်းချုပ်မိုက တကယ်ကို နတ်ဘုရားတစ်ပါးပဲ။ သူက တစ်ယောက်ယောက် လာမယ်ဆိုတာတောင် သိနေတယ် ….” ဖေးလင် ထွက်သွားပြီးနောက် စုကျီအန်းက ရေရွတ်လိုက်သည်။
“ စီနီယာဦးလေးက ဘယ်လိုလုပ် သိတာလဲ ” ဖန်ဝါက မေးခွန်း ထုတ်လိုက်၏။
“ ဒီနေရာကို ကြည့်လေ။ ဒီမြေကွက်က အစီအရင် နှစ်ခုကြားမှာ ရှိတာ။  ကြည့်ရတာ  ဖင်းဖန်ကို ဝင်ချင်တဲ့သူတွေ စောင့်ဆိုင်းလို့ ရအောင် လုပ်ပေးထားတဲ့ နေရာပဲ  ဖြစ်လိမ့်မယ် … ” စုကျီအန်းက ရှင်းပြလိုက်သည်။
လက်ရှိ စုကျီအန်းအနေနှင့် စိတ်အေးသွားမိသည်။  ဂိုဏ်းချုပ်မိုသည် လူများ ရောက်လာမည့် အကြောင်းကို ကြိုတင်ခန့်မှန်းထားနိင်ခြင်းမှာ ဖင်းဖန်သို့ ဝင်နိုင်သည့် သူတို့၏ အခွင့်အရေးမှာလည်း မြင့်နေသည် မဟုတ်ပါလော။
...............
“ ဘုန်း ဘုန်း ဘုန်း ” ဘေးကင်းနွယ်တောင်မှ ပေါက်ကွဲသံများကို ကြားနေရပြီး ကျင့်ကြံသူအများအပြားက ဘေးကင်းနွယ်တောင်မှ ကြောက်လန့်တကြား အပြေးအလွှား ထွက်လာကြသည်။
မြောက်များစွာသော နွယ်ပင်များက စတင်၍ ကျုံ့လာကြပြီး နွယ်ပင်နှင့် ထိတွေ့မိသည့် ကျင့်ကြံသူတိုင်း သွေးများ စုပ်ယူခံလိုက်ရသည်။
ရှန့်ဟဲကောင်းက အဆောင်ကို ထုတ်ကာ ချိုးဖျက်ဖို့ရာ ကြိုးစားနေသော်လည်း ဘေးကင်းနွယ်တောင်မှာ ဘာဖြစ်နေကြောင်း ခန့်မှန်းပြီးနောက် သူ့အင်အားနှင့် သဘာဝစွမ်းအားတို့ကို အဘယ်ကြောင့် ချွေတာနေရမည်နည်း။ သူက ဤနေရာမှ ထွက်သွားဖို့ရာ စိတ်အားထက်သန်နေသည်။
နှမြောစရာကောင်းလှသည်က သူ မည်သည့် နည်းလမ်းကို အသုံးပြုစေကာမူ သူ့အင်အားမှာ ယခင်ကလို မဖြစ်နိုင်တော့ပေ။ နွယ်တစ်ပင်က သူ့ဆီ ရောက်လာကာ သွေးနှင့် ဝိညာဉ်ကို စုပ်ယူသွားလေ၏။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အဝတ်အစားများသာ ကျန်ရှိခဲ့သည်။
“ ဘန်း ” လေထဲ၌ ဖန်းဟုန်က နွယ်ပင်များကို တစ်ခုပြီး တစ်ခု ပိုင်းဖြတ်ချနေပြီး မြေပြင်ပေါ် ဆင်းလိုက်သည်နှင့် နွယ်ပင်တစ်ခုက သူ့ဆီ ဝင်ရောက်လာ၏။ ထိုစဉ် သူ့သွေးနှင့် ဝိညာဉ်မှာ စုပ်ယူခြင်း ခံလိုက်ရပြီး  သူ့အနေနှင့် ရေရွတ်လိုက်တော့သည်  “ ငါ အခု နားလည်ပြီ … ”
သူက အမှန်တကယ် နားလည်သွားပေသည်။ ဘေးကင်းနွယ်တောင်အတွင်း အပြောင်းအလဲများက သူတို့အနေနှင့် မည်သို့ တာဝန်ရှိနေကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ သူတို့သာ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ် ပြန်ကောင်းလာစေရန် ဓားစွမ်းအင်မြစ်ရေ ခပ်ဖို့ရာ လောဘမကြီးဘဲ  နွယ်ပင်၊ သစ်မြစ်များကို ဖြတ်၍ သစ်သားပုံးများ မလုပ်ခဲ့လျှင် ဘေးကင်းနွယ်တောင်က မြန်မြန်ဆန်ဆန် နှိုးထလာမည် မဟုတ်ပေ။ ဖြစ်နိုင်လျှင် နောက်ထပ် နှစ်တစ်ထောင် သို့မဟုတ် နှစ် နှစ်ထောင်လောက်အထိ နှိုးထလာမည် မဟုတ်ပေ။ သို့သော် သူတို့က သတိမမူမိခဲ့ကြပေ။

လူသားသစ္စာ (701-900)Where stories live. Discover now