ကိုယ်လုပ်တော်ယွီက နှုတ်ခမ်းကိုကိုက်လျက် အသံတိတ်သွားသည်။

"ကိုယ်လုပ်တော် သေချာမမှတ်မိရင် ကျွန်တော် နောက်တစ်ခေါက် ပြန်ပြောမယ်" ယွီမုချန်က သူ၏နှမတော်ကို ကြည့်လိုက်သည်။ "အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေအကြောင်း ပဉ္စမမင်းသားကို ထပ်မပြောပါနဲ့တော့" အသံကိုနှိမ့်လျက် သူပြောသည်။ "ကိုယ့်ကိုယ်ကို တော်လှပြီထင်ပြီး တစ်ယောက်တည်း မဆုံးဖြတ်ပါနဲ့။ ဂယောင်ချောက်ချားနဲ့ မလုပ်သင့်တဲ့ကိစ္စတွေလည်း မလုပ်ပါနဲ့... မင်းကြီးက အခြေအမြစ်မရှိတဲ့သတင်းတွေ လျှောက်ပြောနေကြတာကို အမုန်းဆုံးပဲ။ ဒါနဲ့များ ဘာလို့ ဒီလိုတွေ ဆက်လုပ်နေတာလဲ။ ကိုယ့်ဘာသာ ကောလာဟလတွေ ပြောနေတာတောင် လုံလောက်နေပြီ။ ဘာလို့ ပဉ္စမမင်းသားကို သွားပြောပြရတာလဲ။ ပဉ္စမမင်းသားက အသက်ပြည့်ပြီးနေပြီ။ ဒါတောင် ကိုယ်လုပ်တော်က သူများတွေနောက်ကွယ်မှာ အဲ့လိုအကြောင်းတွေပြောနေတာ အတင်းပြောတဲ့သူလိုပဲ။ ဒါက ဘာနဲ့တူနေမလဲ"

ကိုယ်လုပ်တော်ယွီမှာ စိတ်တိုလွန်း၍ မျက်နှာဖြူဖျော့သွားသည်။ "အစ်ကိုကြီးက ကျွန်မကို အတင်းပြောတဲ့သူလို့ ပြောနေတာလား။ ကောင်းပြီလေ။ ကျွန်မက ဉာဏ်မရှိဘူး။ ဒါကြောင့်မို့ ဒီနေ့ ကျွန်မကို သေချာရှင်းပြတော့။ ယွီရှီက အစ်ကိုကြီးရဲ့ သားဟုတ်လား၊ မဟုတ်ဘူးလား။ အဲ့နှစ်က ဇွန်လမှာ မင်းသမီးကြီးက ကိုယ်ဝန်ရှိနေပြီ။ နောက်တစ်နှစ် ဇူလိုင်လမှ လူတွေကို ကလေးပြပြီးတော့ လသားအရွယ်ရှိနေပြီဆိုပြီး ဇွတ်ပြောတယ်။ ကျွန်မလည်း ကလေးမမွေးဖူးလို့လား။ အဲ့ကလေးက သေချာပေါက် မွေးကင်းစပဲရှိသေးတာ။ အစ်ကိုကြီးတို့..."

"မင်းသမီးက ကျစ်ရုန်ကို လမစေ့ဘဲ မွေးထားတာ။ သူ့အရွယ် တခြားကလေးတွေထက် ပိုသေးတယ်ဆိုတာ ဖြစ်သင့်တာပေါ့" ယွီမုချန်က ထပ်ပြောသည်။ "ကိုယ်လုပ်တော်ကို အရင်ကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး၊ ပြောပြီးပြီ။ တခြားဘာပြောစေချင်သေးတာလဲ"

"အမှန်ကိုပဲ ကြားချင်တာ" ကိုယ်လုပ်တော်ယွီက ရှုသိုးသိုးဖြင့် ပြောသည်။ "ကျွန်မနဲ့ချုံအာက တခြားသူတစ်ယောက် ကောင်းစားဖို့အတွက် လုပ်ပေးနေတာလားဆိုတာကို သိချင်တာ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now