အိမ်မွေ့ချနံ့သာသုံးသင့်သလားဆိုသည်ကို ယွီရှီဒွိဟဖြစ်နေသည်။ သူ့စိတ်ထဲတွင် ကျုံးဝမ်ကနှောင့်ယှက်နေသည်ကိုလည်း သူမလိုချင်ပေ။ စိတ်မရှည်စွာ သူကပြောသည်။ "ကျွန်တော့်ကို လာကြည့်မနေနဲ့တော့။ အခု ကျွန်တော့်မှာ ဘာမှလုပ်ဖို့ အားမရှိဘူး"

ထိုစကားများသည် မှန်သောစကား ဖြစ်သည်။ ယွီရှီပြဿနာတစ်ခုရှာပြီးသည့်နောက်တွင် အချိန်တစ်ခုကြာအောင်တော့ တည်ငြိမ်နေလိမ့်မည်။ လောလောလတ်လတ် ရွှမ်ချုံကို ပြဿနာရှာထားသည့်အတွက် အနည်းဆုံးလဝက်ကြာအောင် သူသတ်သေချင်စိတ်ဖြစ်ဦးမည်မဟုတ်။

အိမ်တော်ထိန်းဖုန်မှာ တိတ်တိတ်လေး ပူပန်နေရသည်။ ယွီရှီ ထိုသို့သောကိစ္စမျိုး လုပ်ချင်ဦးမှာမဟုတ်ဟုလည်း သူခံစားရသည်။

ဘဝကြီးက သာယာကောင်းမွန်နေလျှင် မည်သူက ကိုယ့်ကိုယ်ကို နှိပ်စက်မည်နည်း။

သို့ရာတွင် ယွီရှီမှာ အလွန်အမင်း စိတ်ညစ်ညူးဖွယ် ဒုက္ခများ ခံစားခဲ့ရသည်။ အတိုင်းအတာတစ်ခုအကြာတွင် ထိုဒုက္ခများကို ဆက်လက်၍ မခံစားနိုင်ဘိသကဲ့သို့ သူ့ခံစားချက်များကို ဖွင့်ထုတ်ရန် ရမယ်ရှာလေ့ရှိသည်။

အိမ်တော်ထိန်းဖုန်သည် ခုတင်နားကပ်ကာ ယွီရှီကို စောင်လုံအောင်ခြုံပေးလိုက်သည်။ ယွီရှီ၏မျက်လုံးများ ပွင့်နေသေးသည်ကို မြင်သောကြောင့် တိုးညင်းစွာ ပြောလိုက်သည်။ "သခင်လေးကျုံးကို သွားပို့တဲ့လူတွေပြန်လာကြပါပြီ။ ဆက်ခံသူကိုယ်စား ချန်အန်းမင်းသားကို အရိုအသေပေးခဲ့တယ်လို့ ပြောပါတယ်။ ချန်အန်းမင်းသားအိမ်တော်က အိမ်တော်ထိန်းစကားအရတော့ ချန်အန်းမင်းသားရဲ့အခြေအနေက ပိုဆိုးလာတယ်တဲ့"

ယွီရှီမျက်လုံးမှိတ်လိုက်သည်။ "သူဟန်ဆောင်နေတာ အဖြစ်နိုင်ဆုံးပဲ"

အိမ်တော်ထိန်းဖုန်က ဟန်လုပ်ရယ်လိုက်သည်။ "ဒါကိုတော့ အာမမခံနိုင်ပါဘူး"

"သူက ချန်အန်းကို မြန်မြန်ပြန်သွားချင်နေတယ်" ယွီရှီ ဘဝင်မကျဖြစ်သွားသည်။ "မနေ့က ကျုံးဝမ်နန်းတော်ထဲဝင်တော့ သူက ရွှမ်ရွေ့နဲ့ တခြားသူတွေကို မြို့တော်ကထွက်ခွင့်ပေးဖို့ မင်းကြီးဆီက ခွင့်တောင်းချင်နေတာ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now