"ဘာ" ကျုံးဝမ် နားကြားမှားသွားသည်ဟု တွေးမိမလိုပင်။ "သူက ကျွန်တော့်ကို ဒီလိုပဲ ပြန်သွားစေချင်တာလား။ သူ... ကျွန်တော့်ကို ပြောစရာ စကားလေးတောင် မရှိဘူးလား"

အိမ်တော်ထိန်းဖုန် ခေါင်းခါသည်။ ဤကိစ္စနှင့်ပတ်သတ်၍ ယွီရှီလွန်သည်ဟု သူလည်း ခံစားရသည်။ ရှက်ရွံ့စွာ သူကပြောသည်။ "ဆက်ခံသူက သခင်လေးကို မတွေ့ချင်ဘူးလို့ ပြောပါတယ်။ သခင်လေးနိုးနိုးချင်း ပြန်သွားဖို့ခိုင်းထားပါတယ်"

သူ့ကိုမတွေ့ချင်ဘူးတဲ့လား။

ကျုံးဝမ် အံ့ဩလွန်း၍ စကားမပြောနိုင်တော့။

"ခင်ဗျားတို့ရဲ့ ကြီးမြတ်တဲ့အိမ်တော်က..." ကျုံးဝမ် ခက်ခက်ခဲခဲ ပြောနေသည်။ "ခင်ဗျားတို့ရဲ့ ကြီးမြတ်တဲ့အိမ်တော်က တေးဖြေဖျော်သူကို ညအသုံးတော်ခံဖို့ ဖိတ်ခေါ်ရင်တောင် အနည်းဆုံးတော့ လုပ်အားခနဲ့ ပြန်ဖို့ မြင်းလှည်းပြင်ဆင်ပေးတယ်မလား။ မင်းသားငယ်ယွီက ကျွန်တော့်ကို မနှင်ထုတ်ခင် မနက်စာလေးတောင် မသဒ္ဓါဘူးလား"

(T/N - တေးဖြေဖျော်သူကို အပျက်သဘောနဲ့ဆိုရင် ပြည့်တန်ဆာလို သဘောထားကြပါတယ်တဲ့)

အိမ်တော်ထိန်းဖုန်က မြန်မြန်ပဲ ပြေရာပြေကြောင်းနှစ်သိမ့်သည်။ "သခင်လေးကျုံးက ဘယ်လိုလုပ်ပြီးများ အဲ့လိုဖြေဖျော်သူတွေနဲ့ နှိုင်းလို့ရမလဲ"

"ကျွန်တော်က ဖြေဖျော်သူတွေထက်တောင် အဆင့်နိမ့်သေးတယ်" ကျုံးဝမ် စိတ်တိုစွာပြောသည်။ "ပုံမှန်ဆို ယွီကျစ်ရုန်က ဖြေဖျော်သူတွေကို ဘယ်လောက်ချီးမြှင့်လဲ။ ကျွန်တော့်ကို ပိုက်ဆံဘယ်လောက်ကုန်တယ်ဆိုတာပြော"

အိမ်တော်ထိန်းဖုန် စိတ်ညစ်လာသည်။ "ကျွန်တော်တို့ဆက်ခံသူက ဖြေဖျော်သူတွေကို တစ်ခါမှမခေါ်ဖူးပါဘူး။ ကျွန်တော်က ဘယ်လိုလုပ် ဘယ်လောက်ကုန်တယ်ကို သိပါ့မလဲ"

ကျုံးဝမ် တန့်သွားကာ အပေါ်သို့ကွေးတက်ချင်နေသော နှုတ်ခမ်းစွန်းများကို အတင်းတားဆီးရန် ကြိုးစားနေသည်။ "အဲ့လိုလား..."

"ဒါပေါ့။ ကျွန်တော်တို့ဆက်ခံသူက အဲ့လိုမသန့်ရှင်းတဲ့ လူတွေကို တစ်ခါမှ မထိခဲ့ဖူးပါဘူး" အိမ်တော်ထိန်းဖုန် မပြောခင် အနည်းငယ် စဉ်းစားနေသည်။ "သခင်လေးကျုံး ဗိုက်ဆာနေလား။ သခင်လေးဗိုက်ဆာရင် မနက်စာပြင်ခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့... မနက်စာစားပြီးရင်တော့ သခင်လေးကျုံး တကယ်ပြန်သွားရပါလိမ့်မယ်"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now