"မင်းကြီးရဲ့မွေးနေ့ပြီးရင် သခင်လေးကျုံးက ချန်အန်းမင်းသားအိမ်တော်က လူတွေနဲ့ပြန်လိုက်သွားမှာလား" အိမ်တော်ထိန်းဖုန်က မေးသည်။

ကျုံးဝမ်ထံတွင် ပြန်လိုက်သွားရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် သူကပြောသည်။ "ဒါပေါ့"

အိမ်တော်ထိန်းဖုန်၏နှုတ်ခမ်းမှ သက်ပြင်းချသံထွက်ပေါ်လာသည်။

ကျုံးဝမ်သည် ရေနွေးတစ်ငုံသောက်လိုက်ကာ ညင်းပျောင်းချိုသာစွာ မေးလိုက်သည်။ "အိမ်တော်ထိန်းဖုန်က ကျွန်တော် အရမ်းနောက်ကျမှ ပြန်တယ်ထင်လို့လား"

အိမ်တော်ထိန်းဖုန်သည် ခပ်သွက်သွက်ပဲ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သခင်လေးကျုံးက တွေးလွန်းနေတာပါ"

ထို့နောက် သူကဖြည်းဖြည်းပြောသည်။ "သခင်လေးကျုံး ထွက်သွားပြီးရင်... မြို့တော်ကို ပြန်မလာလောက်တော့ဘူးပေါ့နော်၊ ဟုတ်တယ်မလား"

ကျုံးဝမ်က ခေါင်းညိတ်သည်။ "ဟုတ်တာပေါ့"

အိမ်တော်ထိန်းဖုန်၏မျက်နှာသည် ခံစားချက်များ ရှုပ်ထွေးနေသည်။ ခေတ္တကြာပြီးနောက်တွင် သူကပြောသည်။ "ဒီအစေခံကြီးက မျက်နှာပြောင်ပြောင်နဲ့ပဲ တောင်းဆိုပါရစေ။ သခင်လေးကို ဒီအစေခံကြီးက စောင့်ရှောက်ခဲ့ဖူးတာကို ထောက်ထားပြီး သခင်လေးကျုံးအနေနဲ့ ကျွန်တော့်ကို ကိစ္စတချို့ကူညီပေးလို့ရမလား"

"ပြောပါ"

အိမ်တော်ထိန်းဖုန်သည် အချိန်အကြာကြီး စဉ်းစားနေသည်။ သူ့မျက်နှာမှာ နီမြန်းလွန်း၍ ခရမ်းရောင်နှင့်ပင် တူနေသည်။ "သခင်လေးကျုံးများအားခဲ့ရင်... မြို့တော်မှာ ခဏနေပေးလို့ ဖြစ်နိုင်မလား"

ခင်ဗျားဒီလိုပြောလာတာကို စောင့်နေတာကြာပြီဟု ကျုံးဝမ်ပြောထွက်မိတော့ မတတ်ပင်။ သို့သော် အိမ်တော်ထိန်းဖုန် ဆက်ပြောသည်ကို ကြားချင်သောကြောင့် သူ့စကားလုံးများကို မြိုချလိုက်ရသည်။ မလိုလားသည့်ပုံ ဟန်ဆောင်ကာ ပြောသည်။ "ဒါက ကောင်းမှာမဟုတ်ဘူး"

"မြို့တော်မှာ ကျွန်တော့်ရဲ့မိသားစုတွေ မရှိတော့တာကြာပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ အဆင့်အတန်းကလည်း ကိုးရိုးကားယားနိုင်လွန်းတယ်။ ကျွန်တော် မိတ်ဆွေဟောင်းတွေ၊ အသိအကျွမ်းတွေနဲ့ဆုံတိုင်း ရှက်စရာကောင်းလှတယ်။ ပြီးတော့လည်း..." ကျုံးဝမ်က အိမ်တော်ထိန်းဖုန်ကို ကြည့်လိုက်သည်။ "ခင်ဗျားလည်း အသေအချာသိတာပဲ။ မင်းသားငယ်ယွီက ကျွန်တော်ကို လိမ်ညာပြီး သူ့အိမ်တော်ကိုခေါ်သေးတယ်။ အမှန်ကိုပြောရရင် ကျွန်တော် သူ့ကိုတော်တော်ကြောက်နေပြီ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now