အခန်း (၆၆)

485 62 3
                                    

Unicode.
.
.
ဟူရှစ်ဖေးသည် တွန့်ကြေဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်အား ယူဆောင်လာ၏။ သူသည် ၎င်းအား မည်သည့်နေရာက ရလာမှန်း မသိပေ။ ၎င်း၏အဖုံးသည် တွန့်ကြေနေပြီး စာမျက်နှာများသည်လည်း အဝါရောင်သို့ ပြောင်းလဲနေချေပြီ။

ဟူရှစ်ဖေးသည် စိတ်လှုပ်ရှားစွာဖြင့် စာပိုဒ်တစ်ပုဒ်အား ထောက်ပြလျက် အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်လေသည်။

"တောင်ပင်လယ် အလွန်၌ ရေသူနွယ်ဖွား မျိုးနွယ်စုတစ်စု ရှိခဲ့သည်။ သူတို့အား ကျား၊ မ ခွဲခြားနိုင်ခြင်း မရှိဘဲ သူတို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အပြည့် ရှိကြသည်။ အနီကွက် ပါရှိသော သူများသည် မျိုးပွားနိုင်သူများ ဖြစ်ပေ၏။ ထိုသူများသည် ရေသူချည်ထည် ရက်လုပ်ရာတွင်လည်း ကျွမ်းကျင်ကြသည်။ ထိုရေသူဝတ်စုံအား မည်သည့်လက်နက်မျှ ထိုးဖောက်နိုင်ခြင်း မရှိပေ။ ထိုချည်ထည်၏ တစ်ပေသည် ရွှေတစ်ထောင် တန်ကြေးရှိသည်။"

ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိခြင်း၊ အနီရောင်အမှတ်အသားများနှင့် မျိုးပွားနိုင်ခြင်း စသည်တို့သည် အန်းချန်ချင်း၏ လက်ရှိအခြေအနေနှင့် ကိုက်ညီ၏။

ရှောင်ကျစ်ကောသည် ထိုစာပိုဒ်အား အကြိမ်ကြိမ် ပြန်ဖတ်နေလေသည်။

"တောင်ပင်လယ် ရေသူမျိုးနွယ်တဲ့လား။ ငါ တစ်ခါမှ မကြားဖူးဘူး"

ရှေးခေတ်ရိုးရာပုံပြင်များတွင် ရေသူမများအကြောင်း သူ ကြားဖူးခဲ့သော်လည်း ထိုသတ္တဝါများသည် ငါးအမြီးရှိပြီး ရွံ့ရှာဖွယ် အသွင်အပြင် ရှိသည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ သူတို့သည် လူသားများကို စားသုံးသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများပင် ဖြစ်သည်။ ထိုဒဏ္ဍာရီများသည် နှစ်ထောင်ပေါင်းများစွာ ကြာနေပြီ ဖြစ်နိုင်သော်လည်း ရေသူမသွေးကို သယ်ဆောင်လာသော မျိုးနွယ်စု အကြောင်း တစ်ကြိမ်မျှ ဖော်ပြထားခြင်း မရှိချေ။

"ငါကိုယ်တိုင်လည်း တစ်ခါမှ မကြားဖူးပါဘူး"

ဟူရှစ်ဖေး၏အမူအရာသည် လေးလံသွား၏။

"တစ်ခါတုန်းက ငါ ဝမ်ဖေးရဲ့ပုံတူကိုဆွဲဖို့ တောင်းဆိုဖူးတာကို ဝမ်ရယ် မှတ်မိသေးရဲ့လား"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now