အခန်း (၈)

793 98 0
                                    

Unicode
.
.
မြောက်ပိုင်းစစ်ဘုရင်၏ ဂုဏ်သတင်းကို ယဲ့ကျင့်၌ နေထိုင်ကြသူတိုင်းလိုလိုပင်၊ တိတိကျကျ ပြောရပါလျှင် တာယဲ့အင်ပါယာတစ်ခုလုံးက သိကြပေသည်။ သဘာဝကျစွာပင် အမျိုးသမီးယွီသည်လည်း ထိုသူ၏နာမည်ဆိုးဖြင့် ကျော်ကြားသော ဒေါသကို ကြားဖူးနေပေလိမ့်မည်ပင်။

မြောက်ပိုင်းစစ်ဘုရင်သည် ကြီးကျယ်သောအောင်မြင်မှုများစွာကို ပြုလုပ်နိုင်ခဲ့သော်လည်း သူသည် မည်သည့်ချစ်ခြင်းမေတ္တာကိုမျှ မရရှိခဲ့ပေ။ သူ့ကို မွေးဖွားခဲ့သောနေ့တွင် ကောင်းကင်ပြင်၌ ကြီးစွာသောဘေးဥပဒ်၏နိမိတ်များကို ပြသခြင်းသည် ဧကရာဇ်၏ အသက် သေဆုံးခြင်းကို လိုလားစေခဲ့သည်ဟု ဆိုကြ၏။ ရှောင်ကျစ်ကော၏အသက်အတွက် သူမ၏အသက်ဖြင့် အလဲအလှယ်လုပ်ကာ တောင်းပန်ခဲ့သော သူ၏မိခင်ဖြစ်သူ ကိုယ်လုပ်တော်လီကြောင့်သာ ဧကရာဇ်သည် ရှောင်ကျစ်ကော၏အသက်အား ချမ်းသာပေးခဲ့လေသည်။ သို့သော် ထိုအချိန်မှစ၍ အမေနှင့်သားတို့သည် ဘေးဖယ်ထားခြင်း ခံလိုက်ကြရသည်။ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ဆုံးရှုံးလိုက်ရပြီးနောက် သူတို့သည် ခက်ခဲသောဘဝတွင် နေထိုင်ခဲ့ကြရ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ကိုယ်လုပ်တော်လီသည် ဆင်းရဲဒုက္ခများကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့လေတော့သည်။

သူ၏မိခင်ဖြစ်သူ သေဆုံးသွားပြီးနောက် ရှောင်ကျစ်ကော၏အခြေအနေမှာ ပို၍ ဆိုးရွားလာတော့၏။ အခြားသောကိုယ်လုပ်တော်များသည် သူ့ကို ပြုစုပျိုးထောင်ပေးရန် ဆန္ဒ မရှိကြပေ။ နောက်ဆုံးမှာတော့ သူသည် ဧကရီ၏ စောင့်ရှောက်မှုအောက်တွင်သာ ကျန်ရစ်ခဲ့တော့သည်။ သို့သော် သူ၏ကံကြမ္မာက ခါးသီးရန် ရည်ရွယ်ထားသည့်ပုံပင်။ သူသည် ဧကရီ၊ အိမ်ရှေ့စံမင်းသားတို့နှင့် သင့်သင့်မြတ်မြတ် မရှိခဲ့ပေ။ ထိုအချိန်သည် သူက ထီးနန်းအတွက် အရည်အချင်းမပြည့်မီကြောင်း ကောလဟာလများ စတင်ခဲ့သည့် အချိန်လည်း ဖြစ်ပေသည်။

ကောလဟာလများက ဤသို့လည်း ဆိုကြသေး၏။ သူ့ကို ဘေးဖယ်ထား လိုက်ပြီဆိုသည်ကို သိသည်နှင့် ရှောင်ကျစ်ကောသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားကာ ထိုမှစ၍ သူ၏အစေခံများကို စိတ်လိုလက်ရ သတ်ဖြတ်တော့သည် ဟူ၍ပင်။ ယန်ကျိုး၌ သူ့လက်ချက်ကြောင့် သေဆုံးသွားသည့်ရုပ်အလောင်းများသည် မြောက်ပိုင်းစစ်ဘုရင်၏ အိမ်တော်နံရံများ၏ အမြင့်မျှ စုပုံနေသည်ဟုလည်း ပြောကြသေးသည်။ မီးပုံး၊ မီးအိမ်များကိုပင် လူသား အရေပြားများဖြင့် ပြုလုပ်ထားသည် ဟူ၍ပင်...။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now