အခန်း (၆)

821 97 0
                                    

Unicode
.
.
"ကောအာက လက်ထပ်လို့ရတဲ့ အသက်အရွယ်တောင် ရောက်နေပြီဆိုတာ ကျွန်တော် မှတ်မိပါတယ်။ သူ ကလေးတစ်ယောက် မဟုတ်တော့ပါဘူး"

အန်းချန်ချင်းက သူ့ထက် လေးနှစ်ငယ်သော အဖေတူ အမေကွဲညီမအား မည်သည့် ချစ်ခင်ကြင်နာမှုမျှ မရှိဘဲ ကြည့်လိုက်သည်။

သူ့အသက် ဆယ်နှစ်အရွယ်တုန်းက ဆောင်းရာသီကို မှတ်မိနေပါသေးသည်။ အပြစ်ကင်းစင်သော အရုပ်လေးတစ်ရုပ်သဖွယ်ဖြစ်သော အန်းရှန်းကောသည် သူမထက် တစ်နှစ်ကြီးသော အန်းချန်ချင်း၏ညီမငယ်ဖြစ်သူ အန်းရှန်းယွီကို ရေကန်ထဲသို့ တွန်းချလိုက်ပြီးနောက် တစ်ခစ်ခစ် ရယ်မောနေသည်အား သူ မှတ်မိပါသေး၏။

သူ့ကဲ့သို့ပင် အန်းရှန်းယွီသည်လည်း ငယ်စဉ်ကလေးဘဝအရွယ်ကတည်းကပင် အနိုင်ကျင့်ခံခဲ့ရပြီး သူမကို မဝံ့မရဲနှင့် အားနည်းသောကိုယ်ရည်ကိုယ်သွေးကို ဖြစ်ပေါ်စေခဲ့ပေသည်။ သူတို့သည် ကောင်းကောင်းမွန်မွန် ထောက်ပံ့မခံခဲ့ရသောကြောင့် သူမသည် ရေကန်ထဲသို့ အားမစိုက်ရဘဲ သက်သက်သာသာ တွန်းချလိုက်သော အငယ်ဖြစ်သူ အန်းရှန်းကောထက် လူကောင်ပိုသေးပြီး ပို၍အားနည်းနေခဲ့လေသည်။ အန်းချန်ချင်းသည် ထိုဖြစ်စဉ်ကို ကံကောင်းထောက်မစွာဖြင့် မျက်မြင်တွေ့လိုက်ရ သောကြောင့် ရေနစ်လုနီးပါး ဖြစ်နေသော ညီမငယ်ကို ကယ်တင်ရန် ရေထဲသို့ ခုန်ဆင်းခဲ့၏။ ထိုသို့ ဖြစ်ပျက်ခဲ့ပြီးနောက်တွင် သူသည် အပြင်းအထန် ဖျားခဲ့ကာ သူ့ခန္ဓာကိုယ်သည်လည်း အအေးဒဏ်ကို ဆန့်ကျင်ခဲ့လေတော့သည်။

အန်းကျစ်ခယ်သည် အန်းရှန်းကောကိုတော့ သူမသည် ငယ်သေးသည်ဟုသာ ဆိုကာ ထိုအရေးကို ဆက်လက် မလုပ်ဆောင်ခဲ့ပါပေ။

အန်းချန်ချင်းသည် ခေါင်းငုံ့လျက် လှောင်ပြုံးပြုံး လိုက်မိသည်။ သူသည် ဤသို့ စော်ကားခံရမှုကို တိတ်တဆိတ် ငုံ့ခံတော့မည် မဟုတ်ပေ။ ဒုတိယအကြိမ် အခွင့်အရေး ပေးအပ်ခံရသည်ဖြစ်၍ သူသည် မည်သူမျှ သူ့အား နင်းခြေစော်ကားခွင့် ပြုတော့မည် မဟုတ်တော့ပါချေ။

"ခင်ပွန်းဖြစ်သူရဲ့ မိသားစုထဲ ဝင်ပြီးတဲ့အချိန်မှာတောင် သူက ဒီလိုမျိုး မောက်မာ ရိုင်းစိုင်းနေဦးမယ်ဆိုရင် တော်ဝင်မိသားစုကို မထီမဲ့မြင်ပြုတဲ့ ပြစ်မှုထဲ သူ့ရဲ့ ခင်ပွန်းဘက်က ဆွေမျိုးတွေကိုပါ ပါဝင်ပတ်သက်လာစေမှာကို ကျွန်တော် စိုးရိမ်မိပါတယ်"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now