အခန်း (၄)

917 108 0
                                    

Unicode
.
.
အိမ်တော်ထိန်းဝမ်ထံတွင် ဆီးသီးပွင့်မုန့်များကို ပေးထားခဲ့ပြီးနောက် ရှောင်ကျစ်ကောသည် စာကြည့်ဆောင်သို့ သွားလိုက်သည်။ ၎င်းသည် ပင်မခြံဝန်း၏ အရှေ့တောင်ထောင့်ရှိ အခန်းဖြစ်ပြီး ပင်မခန်းဆောင်နှင့် ညာဘက်တွင် တည်ရှိသည်။

ညနေစောစောပိုင်းဖြစ်၍ ကောင်းကင်ယံသည် လင်းလက်နေသေးကာ ပင်မခန်းဆောင်ရှေ့တွင် အစေခံတစ်ဦးက ဒူးထောက်လျက်ရှိနေသည်ကို မြင်နေရပြီး ရှောင်ကျစ်ကောသည် သူမ၏ငိုရှိုက်သံကိုပါ ကြားနေရ၏။ ထိုသည်မှာ အိမ်တော်ထိန်းဝမ် ပြောသည့် အန်းချန်ချင်းကို စိတ်ဆိုးဒေါသထွက်အောင်လုပ်လိုက်သောသူ ဖြစ်ရပေမည်။

ရှောင်ကျစ်ကောတွင် သူမနှင့်ပတ်သက်၍ ခံစားချက်များများစားစား မရှိပေ။ သူသည် နှစ်ပေါင်းများစွာ ယန်ကျိုး၌ တာဝန်ကျနေခဲ့ရာ ယဲ့ကျင့်သို့ ပြန်လာခဲပေသည်။ သူသည် ယဲ့ကျင့်သို့ ပြန်လည်အခေါ်ခံရလျှင်ပင် သူ၏အချိန်များကို စစ်တန်းလျား၌သာ ကုန်ဆုံးစေခဲ့သည်။ ဝမ်အိမ်တော်၏ကိစ္စအဝဝကိုလည်း အိမ်တော်ထိန်းဝမ်နှင့်သာ လက်လွှဲထားဖြစ်၏။ သူကိုယ်တိုင်သည်လည်း ဤအိမ်တော်ရှိ လူတိုင်း၏မျက်နှာများကို မမှတ်မိပါချေ။

အမှန်တကယ်တွင်တော့ အန်းချန်ချင်းက ဤအစေခံအား မည်သို့ကိုင်တွယ် ဖြေရှင်းမည်ကို သူက ပို၍စိတ်ဝင်စားပေသည်။

သူ့လက်အောက်ငယ်သားများ၏ စုဆောင်းရမိထားသော သတင်းများအရ အန်းချန်ချင်းနှင့် သူ၏ညီမငယ်ဖြစ်သူ အန်းရှန်းယွီ နှစ်ဦးစလုံးသည် မိခင်ဖြစ်သူ၏ နူးညံ့သိမ်မွေ့သော စိတ်ထားကို ပိုင်ဆိုင်ထားကြကာ အန်းအိမ်တော်၏ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် သူတို့၏ဘဝကို လွန်စွာခက်ခဲစွာဖြင့် ရှင်သန်နေထိုင်ကြရသည်ဟု သိထားရသည်။ အစေခံများကပင် သူတို့ကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်တတ်ကြလေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူသည် အန်းချန်ချင်းကို ဝမ်အိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။ အနည်းဆုံးတော့ ဤနေရာတွင် သူ့ကို ဘေးကင်းစေပြီး ငြိမ်းချမ်းသောပတ်ဝန်းကျင် တစ်ခုကို ပေးစွမ်းနိုင်ပေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now