အခန်း (၂၂.၂)

690 79 0
                                    

Unicode
.
.
အပြန်လမ်းတွင် အန်းချန်ချင်းသည် စိတ်ခံစားချက်ကောင်းနေပြီး အထဲ၌ လှိုက်စားနေမှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို စတင် တွေးတောနေလေ၏။

ယနေ့ဖြစ်ပျက်ခဲ့သမျှသည် သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။ သူသည် ဤအရေးကိစ္စအား နှစ်သစ်ကူးပြီးသည်နှင့် ကိုင်တွယ်လိုသော်လည်း ယနေ့အဖြစ်အပျက်က အခြားသောဆိုင်များကိုပါ ရိုက်ခတ်သွားမည်မှာ အသေအချာပင် ဖြစ်၏။ ထို့ကြောင့် သူသည် ၎င်းတို့ကို တစ်ပါတည်း ကိုင်တွယ်ဖြေရှင်းရတော့မည်။

အန်းချန်ချင်းက ထိုသို့ တွေးလိုက်ပြီးနောက် ရှောင်ကျစ်ကောနှင့် ဆွေးနွေးလိုက်၏။

"နှစ်မကူးခင် ဆိုင်တာဝန်ခံတွေအားလုံးကို ခေါ်ပြီး ရှင်းထုတ်လိုက်ကြရအောင်။ ငွေစာရင်းတွေကိုတော့ နှစ်ကုန်ပြီးမှ ဖြည်းဖြည်းချင်း ဖြေရှင်းကြတာပေါ့"

ရှောင်ကျစ်ကောက ပြန်လည် တုံ့ပြန်လိုက်၏။

"မင်း မြင်တဲ့အတိုင်းလုပ်ပါ"

အမှန်တော့ ဤနှစ်များအားလုံးတွင် သူသည် ယန်ကျိုး၌သာ အခြေချနေဖြစ်ခဲ့သည်။ ယဲ့ကျင့်သို့ ပြန်လာသည့်တိုင်အောင် သူသည် ယင်းအရေးကိစ္စများကို ကိုင်တွယ်ရန် စိတ်မဝင်စားပေ။ ထို့အပြင် အိမ်တော်၏စီမံခန့်ခွဲမှုများကိုလည်း ဝင်ရောက်စွက်ဖက်ရာ၌ အတော်လေး ရှားပါးသည်။ ရှောင်ကျစ်ကောသည် တစ်လျှောက်လုံး၌ အိမ်တော်ထိန်းဝမ်နှင့်သာ အရာအားလုံးကို လွှဲအပ်ထားခဲ့သည်။

အန်းချန်ချင်းက ရှောင်ကျစ်ကော၏အမူအရာကို အကဲခတ်ကြည့်လိုက်ပြီး ဆက် ပြောလိုက်သည်။

"ဆိုင်တွေအားလုံးက အိမ်တော်ထိန်းဝမ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိတယ်ဆိုတော့ ထျန်းရီဖန့်ရဲ့ အခြေအနေကို သူ သတိမထားမိတာတော့ မဖြစ်နိုင်ဘူး"

ရှောင်ကျစ်ကောက ခေါင်းညိတ်လိုက်သည်။ အသေအချာပင် သူသည်လည်း ဤအကြောင်းကို တွေးမိပေသည်။ အိမ်တော်ထိန်းဝမ်သည် အမှုထမ်းကောင်း တစ်ယောက်ဖြစ်သော်လည်း သူသည် သူ၏လူယုံတော်တစ်ယောက် မဟုတ်ပေ။ ရှောင်ကျစ်ကော၏အခြေခံအုတ်မြစ်သည် ယန်ကျိုးစစ်တပ်တွင် ဖြစ်သည်။ သူ့အတွက် ယဲ့ကျင့်ရှိ ဝမ်အိမ်တော်သည် အမြဲတမ်းလိုလို ခြေကုပ်စခန်းတစ်ခုသာ ဖြစ်၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now