အခန်း (၄၄)

481 71 1
                                    

Unicode
.
.
သုံးရက်ကြာပြီးနောက်။

ရုံးတော်မှ အဖြေ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

အိမ်ရှေ့မင်းသား၏အဖွဲ့မှ ယင်းတောင်းဆိုချက်များသည် အခြေအမြစ်မရှိဟု အခိုင်အမာ ဆိုကြသည်။ ထိုအရာရှိ၏ သစ္စာဖောက်မှုကို ဖြစ်စေ သို့မဟုတ် ထိုက်ဖူ ဘုံကျောင်းအတွင်းမှ အကျင့်ပျက်ခြစားမှုများကို ဖြစ်စေ၊ သူတို့သည် အခြားလှုပ်ရှားမှုများ မပြုလုပ်မီ ခိုင်မာသောအထောက်အထားများဖြင့် စုံစမ်းမေးမြန်းရန် လိုလားနေကြ၏။

ထိုကဲ့သို့သောလူမျိုးများအပြင် အန်းကျစ်ခယ်လိုမျိုး လူများလည်း အမြောက်အမြား ရှိနေပါသေးသည်။ သူတို့က ယခု ရင်ဆိုင်နေရသောစစ်ပွဲကိုသာ ဦးစားပေးသင့်သည်ဟု ဆိုကာ အခြားမည်သည့်လှုပ်ရှားမှုမျိုးကိုမှ မလုပ်သင့်ဟု ငြင်းဆန်ကြ၏။

တာယဲ့အင်ပါယာ၏လုံခြုံရေးကို အမှန်တကယ် ဂရုစိုက်သူများကသာ ဧကရာဇ်အန်းချင်းအား တတ်နိုင်သမျှ မြန်မြန်ရန်ပုံငွေ ရှာ၍ ရိက္ခာများ ဝယ်ယူပြီး ယန်ကျိုးသို့ ပေးပို့ရန် အကြံပေးစကား ဆိုခဲ့ကြလေသည်။

ဧကရာဇ်မင်းမြတ်၏အနီးကပ် လူယုံတစ်ဦးဖြစ်သည့် စစ်သူကြီးချုပ် ရှန်းထူပေသည် ယန်ကျိုးအတွက် ဝင်မပြောဘဲ မနေနိုင်တော့ကာ ပြောလိုက်လေတော့သည်။

"ဘယ်အထောက်အထားကိုမဆို ကျွန်တော်မျိုးတို့ နောက်မှ ရှာကြည့်ရင်လည်း ရပါတယ် အရှင်။ အခု ယန်ကျိုး ရင်ဆိုင်နေရတဲ့အကြပ်အတည်းကို ငြင်းဆန်နေလို့မရပါဘူး။ ကျွန်တော်မျိုးတို့ ယန်ကျိုးကို မဆုံးရှုံးချင်ဘူးဆိုရင် ရန်ပုံငွေရှာပြီးတော့ အထောက်အပံ့ အမြန်ဆုံး ပေးပို့သင့်ပါတယ်။ တကယ်လို့ ယန်ကျိုးသာ ကျရှုံးသွားခဲ့ရင် တာယဲ့အင်ပါယာလည်း အန္တရာယ် ကျရောက်ရပါလိမ့်မယ်။"

ရှန်းထူပေသည် စုကျိုးနှင့် ချန်ကျိုးကို တာဝန်ယူခဲ့ဖူးသည်။ သူ၏အသက်အရွယ် အိုမင်းလာမှုနှင့် နာမကျန်းဖြစ်လာသောခန္ဓာကိုယ်ကြောင့်သာ သူသည် ပြန်လည် နလန်ထူနိုင်ရန်အတွက် ယဲ့ကျင့်တွင် နေထိုင်နေခဲ့ခြင်းဖြစ်သည်။ သူသည် စုကျိုးကို သူ၏သားဖြစ်သူ ရှန်းထူရှု လက်ထဲ ပေးအပ်ခဲ့၏။ ယန်ကျိုး ကျဆုံးသွားသည်နှင့် တစ်ပြိုင်နက် စုကျိုးသည် ပထမဆုံး ထိခိုက်ခံရမည့် ပြည်နယ်တစ်ခု ဖြစ်လာလိမ့်မည်။ ထို့အပြင် ယန်ကျိုးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချန်ကျိုးကို သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သော တပ်သား ကျိုးကျီး က တာဝန်ယူထားပေသည်။ ဤပြည်နယ်များသည် အမြဲတမ်း အပြန်အလှန် မှီခိုနေရပြီး နှုတ်ခမ်းများကို ဆုံးရှုံးသွားရသည့် သွားများပမာ ၎င်းတို့သည် အအေးဒဏ်ကို ခံစားကြရပေလိမ့်မည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now