အခန်း (၁၁)

714 92 0
                                    

Unicode
.
.
အန်းချန်ချင်းသည် ပြန်လည်မွေးဖွားပြီးနောက်တွင် တစ်ပါးသူအပေါ်၌ အလွန်အမင်း ယုံမှား သံသယဝင်လာတတ်ပြီး နောက်ဆုံး သူ ဆေးဆိုင်မှ ထွက်လာခဲ့ပြီးနောက် သူ့အမေ၏ သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်ပူးပေါင်းကြံစည်မှုမျှ မရှိကာ သူမသည် အမှန်ပင် သဘာဝအကြောင်းတရားများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တွေးမိလုနီးပါးပင်။

သူသည် ယဲ့ကျင့်တစ်ခွင်လုံးရှိ နာမည်ကြီး ဆေးဆိုင်ဆေးခန်းများကို ရောက်ပြီး ဖြစ်သော်လည်း အကြောင်းမထူးပါပေ။ အန်းချန်ချင်းသည် ရထားလုံးပေါ်တွင် ထိုင်ကာ တွေးဆကြည့်လိုက်လေသည်။ နောက်ဆုံးမှာတော့ သူသည် နောက်ဆုံးသော ကြိုးစားအားထုတ်မှုတစ်ခု လုပ်ကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။

"ယုံလဲ့လမ်းသွယ်ကို သွားမယ်"

ယုံလဲ့လမ်းသွယ်သည် ယဲ့ကျင့်၏အစွန်အဖျားတွင်ရှိပြီး အန်းချန်ချင်း ရှာနေသော ဆေးခန်းသည် လမ်းကြိုလမ်းကြား၏ အတွင်းဘက်အကျဆုံးတွင် တည်ရှိသည်။ ထိုဆေးခန်းသည် ပင်မလမ်းရှိ ဆေးခန်းများထက် များစွာသေးငယ်၍ နာမည်ပင် မရှိချေ။ အများအားဖြင့် တောင်သူယာလုပ် ဆင်းရဲသားများသာ လာလေ့ရှိကြသည်။ အန်းချန်ချင်း ကြားဖူးသည့် ကောလဟာလများအရ ဤနေရာမှ သမားတော်သည် ထူးဆန်းသော စိတ်နေစိတ်ထားရှိသော်လည်း အလွန်ကျွမ်းကျင်သည်ဟူ၍ပင်။ သူ ကုသပေးသမျှသော လူများအားလုံးသည် ကျန်းကျန်းမာမာ ရှိသွားကြလေသည်တဲ့။

ရထားလုံးသည် ယုံလဲ့လမ်းသွယ်၏ ဝင်ပေါက်တွင် ရပ်တန့်သွားသည်။ လမ်း၏ ဘေးနှစ်ဖက်စလုံးတွင် ပျက်စီးနေသောအိမ်များရှိနေပြီး လမ်းမှာ ကျဉ်းမြောင်း၏။ ညနေခင်း နေရောင်ခြည်သည် ဤနေရာကို တောက်ဖြာပေးရန် လုံလောက်မှု မရှိကာ လေထဲတွင် အောက်သက်သက် အနံ့များဖြင့် ပြည့်နှက်နေလေသည်။

"ဝမ်ဖေး ရထားလုံးက ရှေ့ဆက်သွားလို့ မရတော့ပါဘူး"

အန်းဖူးက ဆင်းကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဒီနေရာမှာ ဆေးခန်းကော တကယ်ရှိရဲ့လား"

သူတို့မှလွဲ၍ ဤနေရာရှိ အရာအားလုံးသည် ယိုယွင်းပျက်စီး၍ ချွတ်ခြုံကျနေ၏။ ဤနေရာတွင် ဆေးခန်းဖွင့်ထားခြင်းက ဝမ်းစာဝင်ငွေကို မည်ကဲ့သို့ ရှာနိုင်မည်နည်း။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now