အခန်း (၁)

2K 130 0
                                    

Unicode
.
.
ယွမ်ရှီ တတိယနှစ်၏ အစောပိုင်းဆောင်းရာသီတွင် ယဲ့ကျင့်၌ ပထမဆုံးသောနှင်းများ ကျဆင်းနေလေသည်။ အဖြူရောင် နှင်းမှုန်နှင်းစက်လေးများမှာ ငှက်မွေးလေးများ မြေပြင်ပေါ်သို့ ကျဆင်းနေသည့်ပမာ သွေးစက်များကို ဖုံးလွှမ်းပစ်ကြ၏။ ရထားလုံးတစ်စီးသည် ငြိမ်သက်နေသောနှင်းများကို မွှေနှောက်ကာ လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် အလျင်အမြန် ရွေ့လျားနေလေသည်။

တိတ်ဆိတ်နေသာလမ်းမပေါ်တွင် လူတစ်ဦး၏အော်ဟစ်သံက ငိုက်မျဉ်းနေသောမြို့ကို နိုးထစေလိုက်၏။

"မြန်မြန်... မြန်မြန်သွား"

ရှောင်ကျစ်ကောသည် သူ၏လက်မောင်းများထဲတွင် အားအင်ချည့်နဲ့နေသော လူတစ်ယောက်ကို ပွေ့ဖက်ထားလျက် သူ့မျက်လုံးများမှာလည်း နီရဲနေပေသည်။ သူ၏အသံကို တည်ငြိမ်စေလျက် သူက ပြောလိုက်၏။

"မကြောက်နဲ့နော်။ ကိုယ် မင်းကို နန်းတော်ဆီ ပြန်ခေါ်သွားနေပြီ။ အဆင်ပြေသွားမှာပါ..."

ထိုသူ၏အသံမှာ သူပွေ့ဖက်ထားသောသူကို ထိတ်လန့်စေမည် စိုးရိမ်နေကာ နူးညံ့တိုးလျစွာ ပြောနေခြင်း ဖြစ်သည်။

သူ၏ရင်ခွင်ထဲတွင် ရှိနေသောသူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ဆံပင်ပေါ်တွင် အဖြူရောင် ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည့် ရုပ်ရည် ချောမောလှပသော သူတစ်ယောက် ဖြစ်ပေသည်။ သူ့မှာ မျက်ခုံးတန်းရှည်နှင့် ဖီးနစ်၏ မျက်ဝန်းများရှိသည်။ သူ၏နှာတံမှာ တောင်တန်းကဲ့သို့ မတ်၍ သူ့နှုတ်ခမ်းမှာကား စိုစွတ်ကာ ပန်းရောင်သန်းနေသည်။ သူ၏ဘယ်ဘက်မျက်လုံးထောင့်အောက်တွင် မျက်ရည်ခံ မှဲ့သေးသေးလေး တစ်လုံးရှိနေပြီး ရင်သပ်ရှုမောဖွယ်မျက်နှာလေးကို နူးညံ့သိမ်မွေ့နေစေ၏။ အကယ်၍ သူ၏ပါးစပ်မှ သွေးများ စီးကျနေကာ အားအင် ချည့်နဲ့နေသော အခြေအနေတွင် ရှိမနေပါက ထိုသူသည် များစွာသော နှလုံးသားများကို လှုံ့ဆော်ပေးနိုင်လိမ့်မည်ပင်။

"အရှင်မင်းကြီး..."

အန်းချန်ချင်းသည် သူ၏မျက်လုံးများကို ဖွင့်ရန် ရုန်းကန်နေရကာ သူ၏ မျက်တောင်ရှည်များမှာ တုန်ရီနေလေသည်။ ထို့နောက် သူသည် သူ၏နှုတ်ခမ်းလွှာကို စကားပြောရန် ဖွင့်ဟ လိုက်လေ၏။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ ရှောင်ကျစ်ကော၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်ကိုပင် ဖြစ်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Hikayelerin yaşadığı yer. Şimdi keşfedin