အခန်း (၂၃)

596 71 0
                                    

Unicode
.
.
ရှောင်ကျစ်ကောက သူ၏လှံအား ပင်မခန်းမဆောင်ဆီသို့ ပြန်လည် ယူဆောင်သွားသည်ကို မြင်လိုက်ရသောအခါ သူ့နောက်မှ လိုက်သွားရန် ကျိုးဟယ်လန်သည် တုံ့ဆိုင်းနေမိ၏။

ဝမ်ရယ်ကို အနှောင့်အယှက်ဖြစ်စေရန် သူ မည်သည့်အရာများလုပ်မိခဲ့သည် ဆိုသည်ကို မသိနိုင်သော်လည်း သူ ဝမ်အိမ်တော်၌ နေခဲ့သည့်နေ့မှစ၍ အပြင်မှာ ကြားခဲ့ရသလိုမျိုး မြောက်ပိုင်းစစ်ဘုရင်က ရက်စက်သည်ဆိုသည်မှာ မဟုတ်ကြောင်း သူ မျက်မြင်တွေ့ကြုံခဲ့ရပေသည်။ ထို့အပြင် သူသည် ဝမ်ဖေး၏လူ ဖြစ်သည်။ ဝမ်ရယ်သည် ဝမ်ဖေးကို ချစ်ခင်တွယ်တာသောကြောင့် ဝမ်ဖေးကို ကျော်၍ သူ့အား ဖယ်ထုတ်ရန် မဝံ့မရဲ ဖြစ်နေသည်ကို သူ သိ၏။

မိမိကိုယ်ကို အားပေးလိုက်ပြီးနောက် ကျိုးဟယ်လန်သည် ပို၍ ယုံကြည်မှုရှိသွားခဲ့ပြီး ရှောင်ကျစ်ကော၏နောက်မှ ခပ်သွက်သွက် လိုက်သွားလေသည်။

အန်းချန်ချင်းသည် ထျန်းရီဖန့်မှ ပေးပို့လိုက်သော လ,ပန်းပွင့်ထိုးထားသော အနက်ရောင်ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထား၏။ ဈေးနှုန်း မများသော်လည်း အရည်အသွေးနှင့် လက်ရာက အတော်လေး ကောင်းပေသည်။ ဆောင်းရာသီဖြစ်သည့်အတွက် ဝတ်ရုံကို သိုးမွေးချည်ပင် ထိုးထားသေး၏။ ၎င်းကို အန်းချန်ချင်း ဝတ်ဆင်လိုက်သောအခါ အထည်၏ကြော့ရှင်းလှပမှုကို ပိုလွင်စေကာ ကြော့မော့သားနားသည့်ဟန်ပန် ပေါ်စေသည်။

ရှောင်ကျစ်ကောသည် အန်းချန်ချင်းအား တိတ်ဆိတ်စွာဖြင့် သဘောကျနေလေတော့သည်။ တံခါးဝမှ ကျိုးဟယ်လန်အား ဖြတ်ကနဲ တစ်ချက်လှမ်းကြည့်လိုက်ရင်း သူက မေးလိုက်၏။

"ဒီနေ့လဲ ယာဂု ထပ်ပြီး ဝေဦးမှာလား"

"မဟုတ်ဘူး"

အန်းချန်ချင်းက သူ့ခါးပေါ်၌ ငါးအမြွှာကျောက်စိမ်းပြားလေးအား နေရာတကျ ချိတ်ဆွဲလိုက်ပြီးနောက် ရှောင်ကျစ်ကောအား ပြုံးပြလိုက်သည်။

"မနေ့က ကျွန်တော်တို့ အလုပ်သမားသစ်ခေါ်စာ ထုတ်လိုက်တယ်။ စာရင်း လာပေးတဲ့သူ အတော်လေးများတော့ အဲဒီထဲက အချို့ကို ရွေးဖို့ ဆိုင်ကိုသွားရမှာ"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now