အခန်း (၄၃)

492 69 1
                                    

Unicode
.
.
ရှောင်ကျစ်ကောသည် ခြောက်ရက်ကြာမျှ မြင်းကို ဒုန်းစိုင်းစီးခဲ့ရပြီး နောက်ဆုံးမှာတော့ ယန်ကျိုးသို့ ရောက်ရှိခဲ့လေပြီ။

ဒု-စစ်သူကြီး ချီဝေ့သည် ရှောင်ကျစ်ကော ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူ့အား ကြိုဆိုရန် လျှင်မြန်စွာပင် ဂိတ်တံခါးကို ဖွင့်လိုက်သည်။ သူ ဒူးထောက်လျက် ကြီးစွာသောစိတ်သက်သာရာ ရခြင်းများစွာဖြင့် ကြိုဆိုနှုတ်ဆက်လိုက်၏။

"စစ်သူကြီး၊ နောက်ဆုံးတော့ စစ်သူကြီး ရောက်လာခဲ့ပြီ။ ပေသိတပ်သားတွေ ကျွန်တော်တို့ကို ထိုးစစ်ဆင်ဖို့လုပ်နေခဲ့တာ ရက်အတော်ကြာနေပါပြီ။ ကျွန်တော်တို့ သူတို့ကို ထိပ်တိုက်ရင်မဆိုင်ဘဲနဲ့ အခုအချိန်အထိ ဂိတ်တံခါးကို ကာကွယ်ထားနိုင်ခဲ့ပါတယ် စစ်သူကြီး"

"ဂိတ်တံခါး အပြင်ဘက်ကအခြေအနေ ဘယ်လိုရှိလဲ"

ရှောင်ကျစ်ကောက သူ၏နောက်မှ လက်ရွေးစင် တပ်သား ၈၀၀ အား မြို့ထဲသို့ ဝင်ရန် အချက်ပြလိုက်သည်။

"သူတို့ခေါင်းဆောင် ဟူယန်အန်းထယ်က ထိပ်တန်းအဆင့်ရှိတပ်သား ငါးသောင်း ကို ဦးဆောင်ထားလျက်ရှိနေပါတယ်။ သူတို့ ကျွန်တော်တို့ကို နှစ်ကြိမ်တိုင်တိုင် ရုတ်တရက် တဟုန်ထိုး တိုက်ခိုက်လာခဲ့ပေမယ့် သူတို့ကို ပြန်တွန်းလှန်နိုင်ခဲ့ပါတယ် စစ်သူကြီး"

ရှောင်ကျစ်ကောသည် ခံတပ်ပေါ်သို့ တက်သွားပြီး လှမ်းကြည့်လိုက်သောအခါ မြို့တံခါးအပြင်ဘက် မိုင်အနည်းငယ်အကွာ၌ ပေသိမျိုးနွယ်စုသည် သူတို့၏ စစ်စခန်းများကို အဆင်သင့်တည်ဆောက်ထားလျက် ရှိသည်ကို မြင်လိုက်ရသည်။ ရှောင်ကျစ်ကောက မေးလိုက်၏။

"ဟူယန်ကျစ်နဲ့ ဟူယန်ရွှင်း အခြေအနေကော ဘယ်လိုရှိလဲ"

ပေသိစစ်တပ်တွင် ဖြုံလောက်စရာကောင်းလွန်းသော စစ်သည်တော် ၃ ယောက် ရှိသည်။ ပထမဆုံးတစ်ယောက်မှာ ဟူယန်ရွှင်း ဖြစ်ပြီး၊ ဒုတိယတစ်ယောက်ဖြစ်သည့် ဟူယန်အန်းထယ်နှင့် တတိယမြောက်ဖြစ်သူ ဟူယန်ကျစ် တို့ပင် ဖြစ်သည်။ ဟိုးအရင်တုန်းက သူတို့သည် ရှောင်ကျစ်ကောနှင့် ရင်ဆိုင်တိုက်ခိုက်ကြသည့် အချိန်တိုင်းတွင် ဦးဆောင်လာသူမှာ အမြဲတမ်း ဟူယန်ရွှင်းဖြစ်ပြီး လက်ထောက် တာဝန်ကိုယူသူမှာ ဟူယန်အန်းထယ် သို့မဟုတ် ဟူယန်ကျစ် ဖြစ်၏။ သို့သော် ဤတစ်ကြိမ်တွင် သူတို့ကို စိန်ခေါ်ရန် ရောက်ရှိလာသူမှာ ဟူယန်အန်းထယ် တစ်ယောက်တည်းသာ ဖြစ်ပုံရသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now