[ 1 1 3 ]

3.1K 662 33
                                    

[Unicode]

ကုန်းစွင့်ဇီပိုင် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့တယ်။ ပုံမှန်ဆို သူ့ရဲ့ ကြည့်ကောင်းလှတဲ့ ရုပ်ရည်ကြောင့် ‌အနားလာပြီး ပရောပရီ လာလုပ်တဲ့ လူတွေ ရှိတတ်ပေမဲ့ ဒီနေ့ သူ ထုတ်လွှတ်နေတဲ့ ဖိအားပြင်း အော်ရာတွေကြောင့် လူအုပ်ကြီးက သူ့ကို ခပ်လှမ်းလှမ်းကနေသာ ငေးကြည့်နေပြီး ဘယ်လို ညစ်ညစ်ညမ်းညမ်း အတွေးမျိုးမှ စိတ်ကူးမယဉ်ရဲကြတော့ပေ။

သူ့ရင်ဘတ်ထဲ ဒေါသမီးအပူလုံးကို သယ်ဆောင်လာတဲ့ ကုန်းစွင့်ဇီပိုင်တစ်ယောက် သူ့အနောက်ကနေ တစ်ယောက်သောသူက သူ့နာမည်ကို တောက်လျှောက် လှမ်းခေါ်နေတာကိုတောင် သတိမပြုမိတော့။ လက်ဖဝါးတစ်ဖက် သူ့ပခုံးကို ခပ်ဖွဖွ လာပုတ်တော့မှပဲ သူ ခပ်ကြမ်းကြမ်း လှည့်ကြည့်လိုက်ကာ "ဘယ်သူလဲ?!"

လှည့်ကြည့်လိုက်မိတဲ့အခါ သူ တစ်စက္ကန့်ကြာ တောင့်ခဲသွားပြီးမှ သူ့ဒေါသတွေကို ပြန်ဖိနှိပ်ကာ အပြုံး ခပ်သေးသေးတစ်ပွင့် ပြုံးပြ‌လိုက်တယ် :: "မူချန် မတွေ့တာကြာပြီ။"

"ဟုတ်တယ်ကွာ။ တော်တော်ကြာနေပြီ။ မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ?" မူချန်က သူ့လျှပ်စစ်ဆိုင်ကယ်လေးပေါ်မှာ ထိုင်နေရင်း ခြေထောက်တစ်ဖက်ကို မြေကြီးပေါ် ချထားတယ်။ ခပ်ထူထူ ငှက်မွေးအနွေးထည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားပြီး သူ တကယ်ကြီး...UGG ဘွတ်ဖိနပ်ကို စီးထားတာလား?

ကုန်းစွင့်ဇီပိုင် သူ့ခြေထောက်ကို ခဏခဏ ပြန်မကြည့်ဘဲ မနေနိုင်တော့။

အဲ့လောက်အေးလို့လား?

တစ်ချိန်တည်းမှာပဲ သူ ပြန်ဖြေလိုက်တယ် :: "ငါ တူလေးနဲ့အတူ ငါ့တူမကို လာရှာတာ။ မင်းကရော?"

"အော၊ ငါ့လူအိုကြီးက ဒီနားက တိုက်ခန်းတစ်ချို့ကို မနှစ်က ဝယ်ထားခဲ့တာလေ။ သူ့အစား ငါကပဲ အိမ်လခ လိုက်ကောက်ပေးနေတာ။" မူချန် ပြောနေရင်း အားရပါးရ ပြုံးရယ်ကာ သူ့ခြေထောက်ကို ဆန့်ထုတ်ပြလိုက်တယ် :: "မင်း ငါ့ခြေထောက်တွေကို ကြည့်နေတာလား? ငါတို့ကန်တုံးသားတွေက ဒီလိုအအေးမျိုးကို တကယ် ကြောက်တတ်တာကွ။"

သူ့ရဲ့ ကို့ရို့ကားယား ကန်တုံးသားလေသံကို ကြားလိုက်ရတဲ့အချိန် ကုန်းစွင့်ဇီပိုင်ရဲ့ စိတ်အခြေအနေကလည်း ရှင်းပြမရနိုင်စွာ ပိုမိုကောင်းမွန်လာရတော့တယ်။ သူ မူချန်ကို စိုက်ကြည့်ကာ ပြန်ပြုံးပြရင်း
"ဒါဆို ဒီအေးစက်စက် လေထဲ ရပ်နေပြီး စကားမပြောတော့ဘူး။ မင်း အိမ်လခ ကောက်လို့ပြီးပြီလား? ငါတို့တွေ 'ဟော့ပေါ့' သွားစားကြရင်ရော? ငါ ထင်တာတော့ မင်းတို့က 'သာပျန်းလူ' လို့ ‌ခေါ်တာဟုတ်? ကြက်သားဟော့ပေါ့ ရောင်းတဲ့ တစ်နေရာကို ငါ သိထားတယ်။ အရသာလည်း မဆိုးဘူး။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now