[ 8 6 ]

5.7K 1.1K 95
                                    

[Unicode]

.......?

ရုန်ချင်းတစ်ယောက် ဖုန်းကို အကြာကြီး ငေးစိုက်ကြည့်နေတယ်။ သူ သေသေချာချာ ချင့်ချိန်စဉ်းစားကြည့်ပြီးနောက်မှာတော့ အသက်ပြင်းပြင်း ရှုထုတ်လိုက်တယ်။

နေစမ်းပါအုံး! ဒီဇာတ်ညွှန်းက မှားနေတယ်လေ!

သူ့တစ်ကိုယ်လုံး ချက်ချင်းလက်ငင်း မသက်မသာ ဖြစ်လာတော့တယ်။

သူတို့တွေ ထမင်းတစ်နပ် တူတူစားကြမယ်လို့ပဲ သဘောတူလိုက်ကြတာမလား? အဲ့ဒါကို ဘယ်လိုဖြစ်လို့ ဝံပုလွေပေါက်လေးရဲ့ အိမ်မှာ သွားစားကြမယ်ဆိုပြီး ပြောင်းသွားရတာလဲ? ဝံပုလွေပေါက်လေး မကျေနပ်ရင် ဘယ်လိုလုပ်မလဲ။

ပြီးတော့ အခြားတစ်ခုခုကို မြည်းစမ်းချင်သွားတယ်ဆိုရင်ရော?

ဒီလိုဆို သူ့ရဲ့ချိတ်ပိတ်ကြီး ပေါ်မသွားနိုင်ဘူးလား?

အဲ့ဇာတ်ဝင်ခန်းကို တွေးမိလိုက်တာနဲ့ ရုန်ချင်းခမျာ ‌မူးမေ့လဲချင်စိတ်ပါ ပေါက်သွားရတော့တယ်။

မင်း ကျက်သတုံးချိတ်ပိတ်! ဒီဒယ်ဒီ မင်းကို တစ်နေ့ကို အခါတစ်ရာ သတ်ပစ်မယ်! မင်း ကြားလား?! အခါတစ်ရာနော်!

ကျက်သတုံးချိတ်ပိတ်ကို သူ့စိတ်ထဲ ထပ်ခါထပ်ခါ သတ်ပစ်ပြီးတဲ့နောက်မှာတော့ ရုန်ချင်းစိတ်အခြေအနေ အနည်းငယ် ကောင်းမွန်သွားပြီ။ သူ စာကို ပြန်ကြည့်ပြီး ခေါင်းအေးအေးထားကာ စဉ်းစားတော့တယ်။

မဖြစ်ဘူး၊ ကိစ္စတွေက ဒီအခြေအနေ ရောက်သွားပြီဆိုမှတော့! ဒယ်ဒီက ဒီလိုမျိုး လက်လွှတ်လိုက်စရာလား? သေချာပေါက် မဖြစ်နိုင်ဘူး! ယောက်ျားစစ်စစ်တွေက 'မလုပ်နိုင်ဘူး'ဆိုတဲ့ စကားကို လုံးဝပြောမှာ မဟုတ်!

အံကြိတ်ရင်း ရုန်ချင်း စာပြန်လိုက်တယ် :: "ကောင်းပြီလေ။ မင်း ဒီလိုပြောနေမှတော့ နှစ်ကူးမှာ ငါတို့ တွေ့ကြမယ်။"

စာပြန်ပြီးတဲ့နောက် ရုန်ချင်းတစ်ယောက် စိတ်ထဲမှာ တစ်ခုခုက မှန်မနေသလိုမျိုး အနည်းငယ် ထူးထူးဆန်းဆန်း ခံစားနေရလေရဲ့။

အခြားသူတွေနဲ့ ထမင်းတစ်နပ် တူတူစားဖို့ ချိန်းရင် စားသောက်ဆိုင်ကို သွားကြတယ်၊ ဒါပေမဲ့ လင်းကျီနဲ့ကျမှ ထမင်းတစ်နပ် တူတူစားရမယ့်နေရာက ဝံပုလွေပေါက်လေးအိမ်ဆီ ပြောင်းသွားရတာလဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now