"ဟားဟားဟား… ဒီလျှို့ဝှက်ခန်းက ငါ့အပိုင်ပဲဟေ့"

"မင်းအိပ်မက်မက်နေလိုက်… ငါဒီကို မင်းအရင်ရောက်တာကွ… ဒီလျှို့ဝှက်အခန်းက ငါ့အပိုင်ပဲ"

"မင်းအရင်ရောက်တိုင်း မင်းပိုင်မတဲ့လားကွ… လျှို့ဝှက်အခန်းဆိုတာ အင်အားရှိသူပဲ ပိုင်ဆိုင်နိုင်တာ… မင်းတို့ကောင်တွေ ထွက်သွားကြစမ်းပါ"

လျှို့ဝှက်ခန်းတံခါးပွင့်လာသောအခါ လူငယ်ခြောက်ယောက်က တစ်ယောက်ပြီး တစ်ယောက် ထအော်လိုက်ကြပါသည်။ သူတို့အားလုံးက ဤလျှို့ဝှက်အခန်းကို ပိုင်ဆိုင်ချင်ကြလေ၏။

လုမင်တို့၏အတွေးကိုတော့ သူတို့က လျစ်လျူရှုထားခဲ့ကြပေသည်။

သူတို့လို ဝါရင့်လူတွေအနေဖြင့် လူသစ်လေးတွေ၏အတွေးကို ဘာကြောင့်များ ဂရုစိုက်နေရပါမည်နည်း။

"ချွမ် ချွမ်"
လူငယ်ခြောက်ဦးက လက်နက်ကိုယ်စီဆွဲထုတ်လိုက်ကြပြီး ချက်ချင်းရင်ဆိုင်လိုက်ကြသည်။

"မင်းတို့က ငါနဲ့တိုက်ခိုက်ဝံ့တယ်ဆိုတော့ သေချင်နေကြတာပဲ"

"ဝုန်း"
ထိုစဉ်မှာပင် လူငယ်တစ်ဦးထံမှ သန်မာသောအရှိန်အဝါတွေ ပေါက်ကွဲကာထွက်ပေါ်လာ၏။ ထိုလူငယ်၏ အရှိန်အဝါတွေကတော့ သိုင်းဆရာသခင်အဆင့်လေးကို ရောက်ရှိနေခဲ့ချေပြီ။

ထိုအခါ အခြားလူငယ်ငါးဦး၏ မျက်နှာအမူအရာတွေက ချက်ချင်း ပြောင်းလဲသွားခဲ့ပေတော့သည်။

"လျိုမာကျီ… မင်းတကယ်ကြီး သိုင်းဆရာသခင် အဆင့်လေးကို အဆင့်တက်သွားခဲ့ပြီပေါ့… ဘယ်အချိန်က အဆင့်တက်သွားတာလဲ"
လူငယ်တစ်ယောက်က တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။

"ဟားဟား၊ မင်းစဉ်းစားလို့မရဘူးမဟုတ်လား… ကဲ၊ အခုငါက အဆင့်တက်သွားပြီဆိုတော့ မင်းတို့ကောင်တွေ ဘယ်လိုတိုက်ခိုက်ဦးမလဲ ကြည့်ချင်စမ်းတယ်… မဟုတ်ရင်တော့ လစ်ကြပေတော့… ငါ့အခြေခံတည်ငြိမ်ဖို့ ဒီလျှို့ဝှက်အခန်းကို ငါလိုအပ်တယ်"
လျိုမာကျီက အေးစက်စက်ပြောလိုက်သည်။ သူ့ဆီမှ သန်မာသောအရှိန်အဝါတွေကလည်း ပတ်ဝန်းကျင်တစ်ခွင်ကို ရိုက်ခတ်နေပေတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now