Part 63

574 23 0
                                    

ခရေလမ်း အပိုင်း၆၃

(Unicode)

တစ်စနှင့်တစ်စ ပူပြင်းလာတဲ့ ရာသီဥတုမှာ စာမေးပွဲကြီးလည်း ရောက်ရှိလို့လာခဲ့ပြီ။

နေရောင်က စူးရှတောက်ပလွန်းလှသလို ပြင်ပအပူနှင့် ရင်တွင်းအပူတွေကလည်း လင်းသူရကို ပို၍ပူလောင်သော နွေအဖြစ်သို့ ရောက်ရှိစေသည်။

သို့ပေမဲ့ စာမေးပွဲလာဖြေလျှင် မြင်ရတော့မည့် မျက်နှာလေးကြောင့် လင်းသူရ ယနေ့တွင်မှ ပို၍တက်ကြွမိသလို။ အခြားသောနေ့တွေနှင့်မတူစွာ သေချာ ဖီးလိမ်းလိုက်ကာ နွေ၏အပူကြောင့် ပေါ့ပေါ့ပါးပါးအဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

မမြင်ရတာ ကြာမြင့်မည်ဖြစ်လောက်သော ဘုန်း၏မျက်နှာ အစိတ်အပိုင်းလေးတွေကို မမေ့မလျော့အတွေးထဲတွင် မြင်ယောင်ကြည့်နေရင်း ခြေလှမ်းတွေက ယခင်နေ့က သူနှင့်မတူစွာ သွက်လက်လို့။

မနက်ရှစ်နာရီ။
အရိပ်ကောင်းသည့်သစ်ပင်အောက်မှာ သူတစ်ကိုယ်တည်း။ မည်သူမျှမရှိသော လမ်းကလေးတွင် ခရေပန်းခြောက်တွေနှင့် လင်းသူရသာ တစ်စုံတစ်ယောက်ကို မျှော်လင့်လို့နေသည်။ မျက်လုံးဝိုင်းဝိုင်းလေးက မျက်ရစ်ထင်းထင်းလေးတွေနှင့် တွဲဖက်ထားသော ထိုလူသားလေး။ စတွေ့တုန်းကထက် ယောက်ျားပိုဆန်လာသော မေးရိုးအကျတွေနှင့် ထူထဲသော ဆံပင်တွေရှိသော ဘုန်းဟူသောကောင်ငယ်လေး။

မတွေ့ရတဲ့ ရက်တွေအတွင်း အိမ်မက်တွေထဲ၊ အတွေးတွေထဲ ပြန်လိုက် လာလိုက်လုပ်နေတတ်သော ဘုန်းကို လင်းသူရ မျှော်လင့်မိတိုင်း အချိန်တွေကပဲ ကုန်ဆုံးတာ ကြာလွန်းသလိုလို။

လင်းသူရသည် ခုံဝိုင်းလေးပေါ်မှာထိုင်သည်။ တွေးသည်။ ငေးသည်။ စိတ်ကူးတွေထဲတွင် အတွေးနှင့်ပုံဖော်ခဲ့သည့် အနာဂတ်နေ့ရက်တွေ။ ဘုန်းနှင့်အတူတူဟူသော အနာဂတ်စိတ်ကူးတွေက လက်တွေ့တွင်တော့ ဘုန်းသည် ပျောက်ဆုံးလျက်။ အကောင်အထည်မရှိသည့် စိတ်ကူးတွေကိုသာ အကောင်အထည်ဖော်မည်လို့ စဉ်းစားလိုက်တိုင်း ရူးနှမ်းနှမ်းအတွေးတွေလို့ မှတ်ချက်ပြုနေမည့် ဘုန်းမိသားစု၏စကားတွေကို ကြားယောင်လာမိလာသလို။

"ခရေလမ်း" (Completed)Where stories live. Discover now