Part 62

557 21 1
                                    

ခရေလမ်း အပိုင်း၆၂

(Unicode)

လေရူးကတသုန်သုန်။ လမ်းတစ်လျှောက်ပြေးလွှားနေသည့် သစ်ရွက်ခြောက်တို့ကြောင့် နွေဦးဟာ ပို၍အသက်ဝင်ပီပြင်လာသလို စူးရှသည့် နေရောင်ခြည်ကလည်း လင်းသူရကို သစ်ပင်အရိပ်အောက်သို့ သွားစေရန်တိုက်တွန်းသည်။

လင်းသူရသည် ပိတောက်ပင်လေးအောက်ထိ ‌ဆိုင်ကယ်ကို အားနှင့်တွန်းလာလိုက်သည်။ ပိတောက်ပင်အောက်ထဲရောက်တော့ ဆိုင်ကယ်ကို ဒေါက်နှင့်ထောက်လိုက်ပြီး ဆိုင်ကယ် အမြန်စီးလာသည့်အတွက်ကြောင့် ရှည်လျားသည့် ဆံပင်တွေကဖရိုဖရဲဖြစ်နေသည်မို့ ခပ်သွက်သွက်လေးပွတ်သပ်၍ ကြည့်ကောင်းအောင်ပြင်လိုက်ရ‌သေးသည်။ ထို့နောက် ပိတောက်ပင်၏ မျက်စောင်းထိုးတွင်ရှိသော နှစ်ထပ်အိမ်လေးကိုကြည့်၍ တစ်စုံတစ်ယောက်ကို မျက်လုံးလေးဝေ့ယမ်းရင်း ရှာဖွေလိုက်သည်။

ထိုတစ်စုံတစ်‌ယောက်ကတော့ လင်းသူရ၏ ချစ်ရသူဘုန်းထည်ဝါ‌ဝေ ဟူသော ကောင်လေးပင်။ လွမ်းမောခြင်းဟူသော အရာကို ဖန်းတီးပေးခဲ့သော သူ၏တစ်ဦးတည်းသောချစ်ရသူ။

ဘုန်း၏အခန်းလေးသည် အိမ်ရဲ့ဘေးဘက်အပေါ်ထပ်တွင်ရှိသည်မို့ ခြံထောင့်စွန်းမှာပေါက်နေသည့် ဤပိတောက်ပင်ကလေးကနေဆို တန်းနေအောင် မြင်ရသည့်မြင်ကွင်းမျိုးဖြစ်သည်။ ခြံအတွင်းတွင် စိုက်ထားသော သစ်ပင်တွေကြောင့် ရှင်းနေအောင်တော့မမြင်ရပေမည့် ဝရံတာထိသာ ဘုန်းသာထွက်လာမည်ဆိုလျှင် ဘုန်း၏မျက်နှာလေးကိုတော့ ကျကျနနရှူစားနိုင်မည်သာ။

သို့ပေမယ့်

လင်းသူရသည် ဘုန်း၏အခန်းလေးအား ကြည့်ရာတွင်ပိတ်လျက်ထားသော လိုက်ကာနှင့် ပိတ်ထားသော ပြတင်းပေါက်ကိုသာ မြင်ရသည်။ ဘုန်း၏မျက်နှာလေးကိုမြင်တွေ့ဖို့ရန် သူလာလိုက်ပေမည့် အခုတော့ အရိပ်အငွေ့လေးတောင် ဖမ်းမမိခဲ့။

လေရူးကြောင့် တငြိမ့်ငြိမ့်ယိမ်းနေတဲ့ သစ်ပင်တွေ။ ခြောက်ကပ်လှသော ပတ်ဝန်းကျင်တွင် တေးသီနေသော ငှက်တစ်ချို့တစ်လေတို့၏ တေးသံသာကိုသာ ကြားရသည်။ ခြောက်ကပ်နေသော သူ၏ရင်ခွင်မှာတော့ တေးသီကျူးမည့် ငှက်တစ်ကောင်တစ်လေမှ မရှိခဲ့။

"ခရေလမ်း" (Completed)Where stories live. Discover now