Part 16

808 32 0
                                    

ခရေလမ်း အပိုင်း၁၆

(Unicode)

လင်းသူရတို့ သူငယ်ချင်းအုပ်စုသည် အခုဆိုလျှင် ဘုန်း၏အိမ်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
သနပ်ခါးရောင်နှင့် လှပသော နှစ်ထပ်တိုက်အိမ်လေးဖြစ်သော ဘုန်းတို့၏ မေတ္တာရိပ်မြုံလေးသည် အတော်အသင့်ကျယ်သော အိမ်ဝိုင်းလေးထဲတွင် ‌နွေးထွေးစွာ တည်ရှိသည်။

ခြံဝန်းထဲတွင် သနပ်ခါးပင်၊ ရှားစောင်းပင်၊ ဂမုန်းပင်၊ တရုတ်စကားပင်၊ နှင်းဆီကဲ့သို့ ပန်းပင် ကလေးများစွာစိုက်ထားသောကြောင့် အေးချမ်းဖွယ်အသွင်ကို ဆောင်နေသည်။

ကားဂိုဒေါင်ဆီသို့ တန်းတန်းဖောက်ထားသော လမ်းလေးဘေးတစ်ချက်တွင် မြက်ခင်းလှလှလေးရှိပြီး ဒန်းစင်လေးနှင့် အလွန်ပင်ပနံသင့်လှသည်။ သစ်ပင်တွေကို ချစ်မြတ်နိုးလှသော လင်းသူရတစ်ယောက်ကတော့ ဒီအိမ်လေး၏ ခြံဝန်းအပြင်အဆင်ကို အတော်ပင် သဘောခွေ့နေမိသည်။

မြို့ထဲတွင် ကျယ်ဝန်းသော ခြံဝိုင်း၊လှပသော တိုက်အိမ်လေးနှင့် လှပသော ခြံတွင်း ဥယျာဉ်လေးကြောင့် ဘုန်းတို့သည် မချမ်းသာလျှင်တောင် အလယ်အလတ်တန်းစား မိသားစုဖြစ်လိမ့်မည်။

လင်းသူရသည် အတွေးများနှင့် အိမ်ထဲသို့ ဝင်လာပြီး ဆိုင်ကယ်ကို ဂိုဒေါင်နားတွင် ရပ်လိုက်သည်။ မိအိမ့်နှင့် ရွှန်းလေးတို့သည်လည်း သူတို့၏ ဆိုင်‌ကယ်လေးကို လင်းသူရ၏ ဆိုင်ကယ်ဘေးနားတွင်ကပ်လျက် ရပ်ထားပေသည်။

"ဝါး.... ထည်ဝါ.. မင်းတို့အိမ်က အရမ်းလှတာပဲ... ပန်းပင်လေးတွေ သစ်ပင်လေးတွေနဲ့ အေးချမ်းနေတာပဲ"

အသံဆိုးကြီးကြားလိုက်ရသလို လင်းသူရ၏ မျက်နှာသည် ရှုံ့မဲ့သွား၏။ အကြောင်းက ထိုသို့ပြောလိုက်သူသည် သီဟဇော် ဖြစ်နေသည်မို့ပင်။ မနေ့က ဘုန်းသည် သူတို့သူငယ်ချင်းတွေအားအိမ်သို့ ဖိတ်သည်ကို ကြားသွားပြီး အတင်းအဓမ္မလိုက်လာခဲ့ခြင်းကြောင့် လင်းသူရသည် သီဟဇော်အား အမြင်မကြည်ဖြစ်နေသည်။

မိတ္ထီလာတွင်သာမက ပြင်ဦးလွင်တို့ တောင်ကြီးတို့မှာ အိမ်ဝိုင်းပေါင်းများစွာရှိသော ရွှေဆိုင်သူဌေး၏သားတစ်ယောက်ဖြစ်သည့်တိုင်အောင် သူများမွေးနေ့ပွဲတွင် ကျွေးသော မုန့်ဟင်းခါးကို စားချင်လို့ပါ ငါကို ခေါ်ပါနော် ဟူ၍ မျက်နှာငယ်လေးနှင့်ပြောသောကြောင့် ဘုန်းတစ်ယောက်အားနာစွာနှင့် ခေါ်ခဲ့ရသည်။

"ခရေလမ်း" (Completed)Where stories live. Discover now