Part 49

404 20 0
                                    

ခရေလမ်း အပိုင်း၄၉

(Unicode)

လူသားတစ်ယောက်ရဲ့ အပြုံးကို မြင်ရုံနဲ့တင် လိုက်ပြီးပြုံးမိခဲ့တာကို အချစ်လို့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးအဓိပ္ပာယ်ဖွင့်ဆိုချင်တယ်။

ခင်များတို့အတွက်ကော အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလဲ။

ဒီအ‌မေးလေးကို ကျွန်တော့်ရဲ့ချစ်သူကိုကြည့်ရင်း အတွေးလေးထဲတွင်မေးလိုက်မိတယ်။

ပြန်ဖြေကျတဲ့ လူတွေရဲ့ အချစ်၏အဓိပ္ပာယ်တွေက သိပ်ကို လှပလွန်းပါသည်။အဖွဲ့အနွဲ့တွေမပါတဲ့၊ ကာရန်တွေမရှိတဲ့အချစ်စကားတစ်ခွန်းကအစ နားထောင်ကောင်းလွန်းတယ်လို့ ကျွန်တော်မြင်မိတာက ကျွန်တော် သိပ်ချစ်မိသွားခဲ့လို့ပါ။ ဟုတ်ပါတယ် ကျွန်တော်သူ့ကို သိပ်ချစ်မိသွားခဲ့လို့ပါ။

"အလင်း ဘာတွေတွေးနေတာလဲ ထတော့ ဆရာလာနေပြီ"

ဖုန်းပေါ်မှာ ပြေးလွှားနေတဲ့ လင်းသူရ၏လက်တွေက ဘုန်း၏စကားသံနောက်မှာ ရပ်တန့်လို့သွားသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ မတ်တပ်ရပ်နေသောဘုန်းက  စာသင်ခန်းထဲသို့ ရောက်ရှိနေသောဆရာကို မျက်စပစ်ပြသည်။အခန်းထဲရှိလူတွေအားလုံးလည်း မတ်တပ်ရပ်နေကျပြီ။လင်းရသူတစ်ယောက်တည်း အတွေးတွေထဲမှာ နစ်မြုပ်နေသည်မို့ ဆရာ,လာသည်ကို မသိလိုက်ခြင်းဖြစ်သည်။

"Good morning teacher"

ပြိုင်တူနှုတ်ဆက်လိုက်ခြင်းနှင့်အတူ အင်္ဂလိပ်မေဂျာ၏ ဌာနမှူးဆရာက လက်ပြကာ ထိုင်ခိုင်းတော့သည်။စမတ်ကျသည့် သူတို့၏ဆရာက ပုဆိုးတစ်ထည်နှင့်အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားသည့်တိုင်အောင် ကြည့်၍ကောင်းတုန်းပင်။ စာသင်လျှင်လည်း ပိုင်ပိုင်နိုင်နိုင် ချက်နှင့်ခွက်နှင့် ရှင်းပြတတ်သူမို့ ဆရာစာသင်လျှင် သူတို့ကျောင်းသားတွေ ငေးကာ လိုက်၍နားထောင်ဖူးသည်မှာ ပထမနှစ်တုန်းက အတန်းသို့တစ်ခါဝင်၍ စာသင်ကတည်းကပင်။ သို့သော် သူစိတ်ဆိုးလျှင် ကြောက်ဖို့ကောင်းသည်ဟု စီနီယာတွေက ပြောထားသောကြောင့်  ယခုအတန်းအခြေအနေသည် ငြိမ်သက်တိတ်ဆိတ်စွာ။ ဆရာ၏ ပြောင်မြောက်လှသော စာသင်နည်းတွေက လင်းသူရအတွက်တော့ စိတ်ဝင်စားဖို့ကောင်းသည်ဟု သူထင်မြင်မိသော်လည်း ဤအချင်းအရာသည် ဘုန်းနှင့် အမဲကောင်တို့အတွက် မဟုတ်ခဲ့ပေ။ အမဲကောင်တစ်ယောက်က ငိုက်နေသည်မှာကြည့်မကောင်း။ ဘုန်းသည်လည်းစာကို နားထောင်နေသည်မှာ စိတ်တွေလွင့်နေသည်ဟု ထင်မြင်မိသည်။ အရှေ့ရှိဆရာကတော့ အာဘောင်သန်သန်နှင့်ရှင်းပြနေတုန်းပင်။

"ခရေလမ်း" (Completed)Where stories live. Discover now