Part 58

456 19 0
                                    

ခရေလမ်း အပိုင်း၅၈

(Unicode)

‌နိုးလာသည်နှင့် မျက်လုံးနှစ်လုံးမဖွင့်ရသေးခင် ခံစားလိုက်ရသည်က ချစ်သူ၏အနွေးဓာတ်။ တီရှပ်ပါးပါးလေးသာဝတ်ထားသော သူ၏ခန္ဓာကိုယ်မှာ ရစ်တွယ်နေသည့် လက်နှစ်ဖက်က ခပ်ဖွဖွ။ မှိတ်လို့ထားတဲ့ မျက်ဝန်းလေးတွေအောက်မှာ ခပ်ညိုညိုမျက်ကွင်းလေးတွေနှင့် ကောင်လေးသည် မနေ့ကမှ ဆေးရုံပေါ်ကဆင်းလာသော ဘုန်းပင်။ မှိတ်ထားသည့် မျက်ခွံလေးတွေပေါ် နက်မှောင်သန်မာသည့် ဆံပင်လေးတွေကို လင်းသူရအသာအယာ ဖယ်ရှား၍ နဖူးပြင်လေးအား အနမ်းခြွေ၏။ ဘုန်း၏နဖူးပြင်ကျင်းကျင်းလေးကို နမ်းရှိုက်ရတာ သူ့အကြိုက်။ သို့ပေမယ့် နောက်ပိုင်းကျလျှင် သူအတွက် နမ်းခွင့်မရှိတဲ့ နဖူးလေးဖြစ်တော့မှာကို စိုးရိမ်သည်။

စိုးရိမ်သည်။ သူတို့ဆက်ဆံရေးလေးပြတ်တောက်တော့မှာကို။ ဆက်ဆံရေးကို တစ်ဖက်က ဖြတ်တောက်လာခဲ့လျှင် လွယ်လွယ်ကူကူ လွတ်ပေးခဲ့တာက မချစ်ခဲ့လို့လားလို့ မေးခဲ့ရင် လင်းသူရဖြေမည့် စကားက ချစ်တာပေါ့။ သိပ်ကိုချစ်တာမို့လို့ ဘုန်း၏ဆုံးဖြတ်ချက်ကို လိုက်နာပေးခဲ့တာ။ အကယ်၍များ ဘုန်းကသူ့အားရွေးချယ်လိုက်ခဲ့ရင် နာကျင်ရမည့်လူတွေကများသည်။ သို့ပေမည့် သူ့ကို စွန့်လွှတ်လိုက်ရင်တော့ သူတစ်ယောက်တည်းသာ နာကျင်ရမည်။ သူတို့နှစ်ဦး၏အချစ်ရေးတွင် သူ့တို့နှစ်ယောက်လုံး နာကျင်ပေးရမည်က မတန်ပေမည့် ဘုန်းအား မိဘတွေရဲ့အဝေးကို မခေါ်သွားချင်မိ။ သူချစ်ရသော ဘုန်းသည် မိသားစုကို အရမ်းကိုမှ ချစ်သည်မဟုတ်ပါလား။

မနက်စောစော ဝေ့တက်လာသော မျက်ရည်တွေကို လင်းသူရ လွတ်လပ်ခွင့်ပေးလိုက်သည်။ ဘုန်းကို ကြည့်ရင်း သူ၏ရင်ခွင်ထဲတွင် ထပ်မံထွေးပွေ့တော့ ဘုန်းကအလိုက်သင့်လေး တိုးဝင်လာသည်။ သူတို့နှစ်ဦး၏ ခံစားချက်တွေက အခြားသောသူတွေအတွက် အရေးမပါတာများလားလို့တွေးမိတော့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်မိပြန်သည်။

လင်းသူရသည် တဖန်နိုးလာသောမနက်ခင်း‌စောစောတွင် အဆောင်အခန်း၏ ပြတင်းပေါက်တို့ကို အသာအယာဖွင့်လိုက်သည်။ အေးစက်စက် အထိအတွေ့နှင့်အတူ သူပြတင်းပေါက်ဖွင့်လိုက်တိုင်းရတက်သည့် နေရောင်ကို‌တော့ ယနေ့မရပေ။ မနက်ခင်းအလင်းရောင်က မြူခိုးမြူငွေ့တွေကြောင့် ခပ်မှုန်မှုန်။

"ခရေလမ်း" (Completed)Where stories live. Discover now