Part 59

463 19 0
                                    

ခရေလမ်း အပိုင်း၅၉

(Unicode)

"ဟယ်လို ဖေဖေ"

"ဟယ်လို သား..ဆုံးဖြတ်ပြီးပြီလား"

တုန်ရီနေတဲ့ လက်တစ်ဖက်က ဝရံတာ‌ဘောင်ကို အားပြင်းပြင်းနှင့် ဆုပ်ညစ်လိုက်သည်။

"ဟုတ်ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ"

အက်ကွဲနေသည့်အသံနှင့် ဆိုလိုက်တော့ တစ်ဖက်က အဖေက "ကောင်းပြီသား ‌နောက်နှစ်ရက်နေရင် အဖေလာခေါ်မယ် "အသင့်ပြင်ထားပါ"တဲ့

ဘုန်းရဲ့ ဆုံးဖြတ်ချက်က ဘာဆိုတာကိုမပြောရသေးခင်မှာပင် အဖေကတော့ ကြိုပြီးသိနေခဲ့ပြီးပြီ။ သူဘာကို ရွေးချယ်ခဲ့မလဲဆိုတာကိုပေါ့။ တုန်ရီနေတဲ့လက်နှင့် ဖုန်းကိုချလိုက်ပြီး ပါးစပ်ကို လက်ဖဝါးနှင့်တင်းတင်းကျပ်ကျပ်အုပ်ကာ ငိုခဲ့မိသည်။ တကယ်ခွဲပစ်ခဲ့ရတော့မယ်။
ဘယ်သူကမှ မသတ်မှတ်ပေးပဲ သူကိုယ်တိုင် သတ်မှတ်ခဲ့တဲ့ နေ့ရက်တွေကို ရောက်လာတော့မယ်။ တစ်ပတ်လောက်အချိန်ပေးပါဆိုပြီး ပြောခဲ့တဲ့ သူ့ကိုယ်သူ နာကျည်းသည်။ အဖေ့ကိုလဲ မမုန်းရက်သလို ၊အလင်းကိုလဲ မမေ့ပစ်နိုင်တဲ့ သူ့ကိုသူ မုန်းသည်။ ဘာလို့များ သူ့ဘဝမှာ အကြီးကျယ်ဆုံး ရွေးချယ်မှုတစ်ခုကို ရွေးချယ်ရမှန်းမသိပါလျက် သူ ‌ဘဝကို ပျော်ပျော်ကြီးနေဖူးသည်မို့။ နာကျင်ခံစားရသည့် နှလုံးသားထက်ကဒဏ်ရာက သွေးစိမ်းရှင်ရှင် ထွက်လာသလို။ ဘုန်း၏ မျက်ရည်တွေကလည်း မြေ၌ခ၏။

အခုသူ၏ရွေးချယ်မှုပေါ်မှာလည်း သူနောင်တမရချင်ပေ။ မိဘတွေကို သိတတ်သော သားသမီးက ဘယ်တော့မှ စိတ်မဆင်းရဲရဘူးတဲ့။ ငိုနေရင်းတောင် ဟားတိုက်ရီချင်မိလာသလို။ အမှန်တကယ်ဆိုရင် သူကိုယ်တိုင်ကိုက ဒီဘောင်ထဲတွင်ထားပြီး နေနေခဲ့တာ ဘယ်သူ့အမှားမှ မဟုတ်ခဲ့ပေ။

အသက်ကို ဝဝရှူသည်။ ငိုခြင်းတရားကို နှာ‌ခေါင်းဝတွင်အားတင်းကာ ရပ်တန့်လိုက်သည်။ အဆောင်ရဲ့ဝရံတာလေးမှာ ဘယ်သူမှမသိအောင် ငိုနေရင်း သူတစ်ယောက်တည်း မြင်နေရသည့် အရာရာကိုသာ စိတ်မပါစွာကြည့်နေမိသည်။ လမ်းမတွေ၊သွားလာနေသော ယာဉ်တွေ၊အိမ်တွေ အဆောက်အဦးတွေ၊ ပြီးတော့ လူတွေ။ အရာရာက ဘာမှမပျက်စီးသလို သွားလာနေကျပေမယ့် သူကတော့ နှလုံးသားတစ်ခုလုံး ပျက်စီးသွားခဲ့ပြီ။ ဘယ်သူမှ မသိဘဲတစ်ယောက်တည်း ။တိတ်တိတ်တွေတွေးရင်းဆွေးရင်း ကိုယ့်ရဲ့ စိတ်ကို ကိုယ်ကိုယ်တိုင်ဝါးမြိုရင်း ။

"ခရေလမ်း" (Completed)Where stories live. Discover now