Part 48

419 22 0
                                    

ခရေလမ်း အပိုင်း၄၈

(Unicode)

ညအချိန်ဆယ်နှစ်နာရီကျော်ကျော် အိမ့်သဒ္ဒါတစ်ယောက်သည် အဆောင်ရှိကုတင်ပေါ်တွင် လှဲနေရင်း တစ်ဖက်ရှိ နံရံပေါ်သာ အကြည့်တွေရှိနေမိသည်။
"အဖေ လက်ထပ်တော့မယ် ဒီအမနဲ့"
လျစ်လျူရှုခဲ့တဲ့ အဖေ၏စကားသံတွေကို ဒီအချိန်ထိ သူကြားယောင်မိတုန်း။
သူ၏ရင်ဘက်ရှိ အင်္ကျီစကို ဆုတ်ကိုင်ရင်း သူတစ်ချက်ရှိုက်မိတော့ နားထင်ပေါ်သို့ကျလာသည့် သူ၏မျက်ရည်စတွေ။

နေ့လည်တုန်းက အဖေက သူအား ဖုန်းဆက်ရင်း "အဖေ့ရဲ့မင်္ဂလာပွဲမှာ သမီးကို ရှိစေချင်တယ်"တဲ့။
သူကြားမိတုန်းက အဆက်မပျက်ငိုခဲ့သည်ကို အဖေသိပါသလား။
အဖေမသိလောက်ပါ။
အဖေ၏ဘေးနားတွင် အသက်ငယ်ငယ်နှင့် ကောင်မလေးတစ်ယောက်က အဖေ့ကို ပျော်ရွှင်အောင် လုပ်ပေးနေသည်မလား။
ဒါဆို သူ့ကိုရော ဘယ်သူကများချစ်သလဲ။
တစ်ချိန်ကတော့ သူ၏အဖေသည် သူ့ကို အချစ်ဆုံးလို့ ထင်မှတ်မိခဲ့တာ။
အခုတော့ သူ၏သဘောတူညီချက်မပါဘဲ လက်ထပ်တော့မည်တဲ့လား။
အတွေးတွေက သူ၏ခေါင်းထဲတွင် တဝဲလည်လည်သွားနေရင်း ငိုခြင်းတရားကြောင့် ရင်ဝတွင်တစ်စို့နေကာခေါင်းထက်ရှိ နာကျင်အုံခဲမှုက တစ်ကိုယ်လုံးဆီသို့။
ပြောင်းလဲတတ်သော သစ္စာမရှိသော အချစ်ဆိုတာကို သူ မယုံ။
ပြီးတော့ အဖေပေးသော သင်ခန်းစာအရ ဖောက်ပြားတတ်သော အချစ်ဆိုသည့် အရာကိုလည်း သူမုန်းမိလာသည်။

မျက်ရည်စတွေကို စောင်နှင့်ပွတ်သပ်ပြီး ပိတ်နေသော နှာခေါင်းကြောင့် သူ ပါးစပ်ကိုသာ အသုံးပြု၍ အသက်ရှုနေရသည်။
နာကျင်သည်။
နောက်ငါးရက်လောက်နေရင် အဖေသည် အခြားမိန်းမတစ်ယောက်ကို အိမ်ပေါ်သို့ခေါ်တင်တော့မှာ။

အမေမဟုတ်သော အဖေ့ အမျိုးသမီးတဲ့။

တွေးရင်း မျက်ရည်စတွေကို သုတ်မိတော့ နီရဲနေသော မျက်လုံးတွေက ပို၍ နီရဲပြီး နာကျင်လာခဲ့သည်။
သို့ပေမယ့် ပိုမို ပွတ်မိနေတုန်း အရေးမပါတဲ့ သူတစ်ယောက်နေရာကမို့ သူ၏ဖြစ်တည်မှုက သိမ်ငယ်စွာလို့တွေးမိရင်း တစ်ရှိုက်ရှိုက်ငိုမိခဲ့သည်။
ထိုအချိန် မှောင်မဲသော အခန်းက လင်းထိန်လာခဲ့သည်။
ထို့ကြောင့် သူ၏တစ်ဦးတည်းသော အခန်းဖော်ရွှန်းလဲ့က ‌အခန်းမီးဖွင့်လိုက်သည်ကို သူသိမိလိုက်သည်။
စူးပြီးတောက်ပသည့် အလင်းဒဏ်ကို မခံနိုင်၍ စောင်ကို ခေါင်းထိလုံအောင် ခြုံထားလိုက်သည်။
ဒါမှမဟုတ် ရွှန်းလဲ့အား သူ၏မျက်ရည်တွေမမြင်စေချင်၍လားတော့ သူကိုယ်တိုင် မသိခဲ့ပေ။

"ခရေလမ်း" (Completed)Where stories live. Discover now