Part 40

616 25 0
                                    

ခရေလမ်း အပိုင်း၄၀

(Unicode)

အေးချမ်းတဲ့ ဆောင်းဥတုကိုဝင်လာသည်ထင် မြောက်လေတို့ ခပ်အေးအေး ဖြတ်တိုက်နေသည်။
တစ်လွင့်လွင့်ဖြစ်နေသော ခန်းဆီးကို အေးချမ်းသောအအေးဓာတ်ကိုပိုမို ပိုင်ဆိုင်ရရန်အလို့ငှာ ပြတင်းပေါက်ကို လင်းသူရဖွင့်ထားလို့ ထားခဲ့သည်။
လွန်ခဲ့သည့်တစ်လလောက်ကမှ ‌ဘုန်းရှိနေခဲ့သော ကုတင်လေးတွင်ခွေရင်း ဘုန်း၏အရိပ်အငွေ့တွေကို သူ လိုက်ရှာမိသည်။
ကျောင်းတွေဖွင့်တော့မှာပါလေ၊ ဘုန်းကိုတွေ့ရတော့မှာပါလေ ဟူသော အတွေးစနှင့် ကုတင်ပေါ်ကနေ သီချင်းရေးသားသော စားပွဲခုံသို့ လျှောက်မိတော့ နေရောင်ခြည်၏အလင်းရောင်ဖျဖျ ကျနေသော အခန်းငယ်က အထီးကျန်မှုတွေပေးစွမ်းနေသယောင်။

စာရွက်အပိုင်းအစလေးတွေ၊
စကားလုံးအပိုင်းအစလေးတွေကို ရင်ထဲသီချင်းသံနဲ့ ဖွဲ့သီလိုက်တော့ သူကျေနပ်လောက်သော သီချင်းတွေကို ဖန်တီးရာ ဤစားပွဲခုံလေးသည် လင်းသူရ၏ဗိမာန်လေးတစ်ခု။
ထိုဗိမာန်လေး‌တွေထဲတွင် သူ၏ဘုန်းလည်း တစ်ခန်းတစ်ကဏ္ဍက ပါဝင်ခဲ့နေသည်။
သင်တန်းတွေကို စီကာတက်၍ အနားမရှိ‌သော သူ၏အချစ်၏ ဗိမာန်ထဲတွင်လည်း သူခိုနားချင်ပါဘိ။
ဖြစ်နိုင်ပါ့မလား။
ဘုန်းဝတ်ခဲ့သော သူ၏ပုဆိုးလေးက အင်္ကျီတန်းပေါ်တွင် အခုချိန်ထိ ဘုန်းထားခဲ့သည့်အတိုင်းရှိမြဲပင်။
ဒီလောက်ထိကို ဘုန်း၏အရိပ်အငွေ့လေးကို သူအမိအရဖမ်းဆွဲချင်မိခဲ့တာ။
သင်တန်းတွေပြည့်နေသည့် ဘုန်း၏အချိန်တွေထဲ သူနှင့်ဖုန်းပြောသည့်အချိန်က ညကိုးနာရီနောက်ပိုင်းမှသာ။
ထို့ကြောင့် တစ်နေ့လည်ခင်းလုံး သူလွမ်းနေမိတယ်လို့ ဘုန်းကို ပြောပြရင် ဘုန်းယုံလောက်မလား။
ဘဝင်ရူးလေးကတော့ ယုံလောက်လိမ့်မည်။
ဘုန်းက သူ့ကိုယ်သူသိပ်အထင်ကြီးတာလေ။

အတွေးစငယ်အချို့ကြောင့် လင်းသူရပြုံးမိလိုက်မိပါသည်။
ဘုန်းက သူကို ပြုံးစေနိုင်သလို ဝမ်းနည်းစေတတ်အောင် အားထုတ်စရာမလို စေ‌စားနိုင်သော တစ်ဦးတည်းသောသူ။

သူ၏အတွေးတွေကို အမေကြားရင်ဖြင့်တော့ မွေးရကျိုးနပ်တဲ့သားလို့ အပြောခံရမှာ မြင်ယောင်ပါသေးရဲ့။

"ခရေလမ်း" (Completed)Where stories live. Discover now