Part 50

517 26 0
                                    

ရေလမ်း အပိုင်း၅၀

(Unicode)

အမှောင်ထဲမှာ နစ်မြှပ်နေသော သူ၏ခန္ဓာကိုယ်သည် လှုပ်၍မရ။ မျက်လုံးရှေ့တွင်မြင်နေရသော မြင်ကွင်းက ထူးခြားစွာ သူနှင့်ရင်းနှီးနေခဲ့သည်။ လက်ချောင်းသွယ်သွယ်အချို့က သူ၏လက်မောင်းကို ဆွဲကိုင်ကာ အခန်းတွင်းသို့ထည့်သည်။ ထို့နောက် တံခါးကို သော့ခတ်လိုက်သည့် ဂျလောက်ဟူသော အသံကြားရသည်။

"မေမေ သားကို အပြင်ထုတ်ပေးပါ သား ကြောက်တယ်မေမေ"

တံခါးကို လက်သေးသေးတွေနှင့် လက်ထိပ်တွေနာလာသည်အထိ ကုတ်ခြစ်မိပြီး သူ၏အမေကြားနိုင်သည်အထိ အော်ခေါ်ခဲ့သော်လည်း အမေ့၏စကားသံကိုတော့မကြား။

"မေမေ့ မေမေ့"

အသံကုန်ခြစ်‌အော်လိုက်သည့်အတွက် အခန်းငယ်အတွင်း ပဲ့တင်သံအချို့ပေါ်ထွန်းလာသည်။ သို့ပေမယ့် ကိုယ့်အသံကို ပြန်ကြားရခြင်းက ကြောက်စိတ်ကို ပိုမို မြင့်တင်ပေးသယောင်။

"သားကြောက်တယ်မေမေ"

ဖွင့်လာခြင်း မရှိသည့်တံခါးရှေ့တွင် သူ ပုဆစ်တုပ်ထိုင်လိုက်သည်။ မီးမရှိသည့် အခန်းငယ်က မှောင်မှောင်မဲမဲ။ သူဝတ်ထား‌သောပန်း‌ရောင်ဂါဝန်၏အစကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်တော့ မျက်ရည်တွေက တလှိမ့်လှိမ့် စီးဆင်းလာသည်။ နောက်ထပ် အော်ဟစ်ဖို့ရန်အတွက်လည်း သူ၏နှုတ်ခမ်းပါး‌တွေ တုန်ရီလို့နေခဲ့သည်။

"မေမေ ဘယ်အချိန် ပြန်ဖွင့်ပေးမှာလဲ သား မိန်းကလေးအင်္ကျီတွေကို မဝတ်တော့ပါဘူး။ သားတကယ်မဝတ်တော့ မေမေမကြိုက်ဘူးဆိုရင် သားမဝတ်တော့ပါဘူး သားကို အခန်းကထုတ်ပေးပါ အခန်းက အရမ်းမှောင်တယ်မေမေ"

ဆို့ဆို့နင့်နင့်ထွက်လာသည့် အသံတွေနောက်မှာ ဒူးခေါင်းပေါ်တွင်တင်ထားသော သူ၏လက်မောင်းတွေကို အချင်းချင်းဆုတ်ညစ်ထားမိသည်။

"ဇေယျာ ဇေယျာ ကြားလား ဦးလေးအသံကိုကြားရလား"

ခေါင်းသည် ရေထဲနစ်နေသည့်အချိန် ကြားရသည့်အသံမျိုးကြောင့် သူခေါင်းထောင်၍ကြည့်မိလိုက်သည်။ အခန်းသည် တစ်ပတ်လည်သွားသလို ပိတ်ထားသော မျက်လုံးက စူးရဲသော အလင်းရောင်ကိုခံစားရပေမည့် သူ၏မျက်လုံးတွေကို စိုင်းဖွင့်မရ။

"ခရေလမ်း" (Completed)Where stories live. Discover now