Chapter 207(Uni)

5K 702 22
                                    

နောက်တစ်နေ့မနက် ယုပေါ်ယွင် အိပ်ရာနိုးလာတော့ ခေါင်းမော့ကြည့်ကြည့်ချင်း ကုဖုန်းမျက်နှာကို မြင်လိုက်ရတယ် ။ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားမဟုတ်ဘဲ   မှုန်ရီဝိုးတဝါးလေးပေါ့ ။

အမြင်အာရုံတွေ မှုန်ဝါးနေပေမယ့် အဲ့ဒီအခိုက်အတန့်လေးမှာ ပြတင်းပေါက်ကန့်လန့်ကာကိုဖောက်ဝင်လာတဲ့ နေခြည်နုနုလေးတွေက ကုဖုန်းရဲ့နဂိုချောမောခန့်ညားမှုကို ကင်မရာတစ်လုံးရဲ့ လှပတဲ့ အဖက်(effect)တစ်ခုလို ထောက်ပံ့ပေးလိုက်တဲ့အခါ ...။

ယုပေါ်ယွင်က  အဲ့ဒီမျက်နှာချောချောကို စိတ်အနှောင့်အယှက်ဖြစ်ဖြစ်နဲ့ ပိတ်ရိုက်ပစ်လိုက်တယ် ။ 

တကယ်ပဲ ဒီသကောင့်သားကြီးက စိတ်ပျက်စရာကောင်းပေမယ့် မညာတမ်းဝန်ခံရရင် သူ့မျက်နှာက ချောမောခန့်ညားနေတုန်း !
ကျစ်လစ်ဖြောင့်စင်းနေတဲ့ ခန္ဓာကိုယ်ရောပဲ !

အခု အဲ့ဒါက တစ်ခါတလေကျရင် သူ့ကို နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်လာစေတယ် ။ ယုပေါ်ယွင်က တွေးနေရင်း မကျေမနပ်စိတ်လေးပေါ်လာတာကြောင့် ခါးဆန့်လိုက်တယ် ။ အဲ့ဒီလှုပ်ရှားမှုလေးက အအိပ်ဆတ်တတ်တဲ့ ကုဖုန်းကို နိုးသွားစေခဲ့တယ် ။

ကုဖုန်းက မျက်လုံးကို မပွင့်တစ်ပွင့်ဖွင့်ပြီး ထထိုင်ကာ မေးတယ် ။

" နိုးပြီလား "

" ဘယ်အချိန်ရှိပြီလဲ " ယုပေါ်ယွင် ပြန်မေးလိုက်တယ် ။

" စောပါသေးတယ် ..ကိုးနာရီခွဲပဲရှိသေးတာ "

ယုပေါ်ယွင် မျက်လုံးကိုပွတ်လိုက်ပြီးနောက် သူ့အမြင်အာရုံတွေ ပိုကြည်လာတယ်လို့ ခံစားလာရတယ် ။

" ကိုးနာရီခွဲက စောသေးတာလား ..အရင်က ရှစ်နာရီဆို ခင်ဗျား အလုပ်သွားနေကျ မဟုတ်ဘူးလား "

" ကိုယ်က ကုမ္ပဏီရဲ့ စီအီးအိုလေ .. ကိုယ့်အထက်မှာ ဘယ်သူမှမရှိဘူး "

ကုဖုန်းက ပြုံးပြီး ယုပေါ်ယွင်ပခုံးကို သိမ်မွေ့စွာ ဆုပ်ကိုင်လျက် ဆိုလေတယ် ။

" အရင်က ကိုယ့်အတွက် အလုပ်ကလွဲပြီး ကျန်တာ အရေးမကြီးဘူး.. အခု......အလုပ်သွားရတာထက် မင်းနဲ့ခဏလောက်ပဲဖြစ်ဖြစ် အိပ်ရတာကို ပိုမက်မောတယ် "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now