သူတို့နှစ်ယောက် ဆိုင်ပေါက်ဝရောက်တော့ မိန်းကလေးနှစ်ယောက်ရဲ့ အသံစာစာတွေကို ကြားလိုက်ရတယ် ။

" အား ! နောက်ဆုံးတော့ ငါ ထပ်တွေ့ရပြီ ...သူတို့ ..သူတို့ ..ဟဲ့ ဟိုမှာ ကြည့် ! ကြည့်လိုက် ! .. အမလေး ပွေ့ချီထားလိုက်တာများ တယုတယနဲ့ ...အား ! မြင်ကွင်းလေးက ချစ်စရာကောင်းလိုက်တာ ..သေပြီ ငါ သေလို့ရပြီ ဟီးဟီး "

" ဟဲ့ သူတို့ကြားက လေထုက နည်းနည်းလေး ထူးဆန်းနေတာ သတိထားမိလား ..ငါ အနံ့တွေ ရနေတယ်နော် ဟိဟိ "

" ဝတ်စုံပြည့်နဲ့ ဘဲကြီးက စွရမ်းအထာကျတာပဲ ..သန်သန်မာမာနဲ့ အားကောင်းမောင်းသန်ကြီး ..သူ့ဟာလေးကို ပွေ့ထားတာများ ငှက်မွှေးလေးကိုပွေ့ထားသလို ပေါ့ပေါ့ပါးပါးနဲ့ ..အမလေး အားကျလိုက်တာ ! အားကျလိုက်တာနော် "

" ဟဲ့ ဟဲ့ ဓာတ်ပုံသွားမရိုက်နဲ့လေ ..နင့် ဖုန်းကြီး ချထားစမ်းပါ .."

ကလေးမလေးနှစ်ယောက်ရဲ့အသံက လေထဲကနေတစ်ဆင့် ယုပေါ်ယွင်နားထဲထိ တိုးဝှေ့ရောက်ရှိလာတယ် ။ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားမဟုတ်ပေမယ့် နားစွန်နားဖျားကြားရုံနဲ့တင် ယုပေါ်ယွင်ကို ရှက်သွေးဖြာသွားစေတယ် ။

ကုဖုန်း ချောင်းဟန့်ကာ အသံလာရာဘက်ကို လှည့်ကြည့်လိုက်တယ် ။

အဲ့ဒီနေရာမှာ ခပ်ငယ်ငယ်ကောင်မလေးနှစ်ယောက်ရှိနေပြီး ကုဖုန်း လှည့်ကြည့်တာလည်းမြင်ရော လှစ်ခနဲနေအောင် တိုင်တစ်တိုင်နောက်မှာ ပုန်းကွယ်လိုက်ကြတာ သူမတို့ရဲ့ ဆံပင်စွန်းလေးတွေနဲ့ ခိုးကြည့်နေကြတဲ့ မျက်ဝန်းလေးနှစ်စုံပဲ ပေါ်နေတော့တယ် ။

ကုဖုန်းက ကလေးမလေးတွေကို အပြစ်မတင်ပါဘူး ။ ယုပေါ်ယွင်ကိုပွေ့ထားလျက်နဲ့ ဆိုင်ထဲ ဝင်သွားခဲ့တယ် ။

ကုဖုန်းက သူမတို့ဘော့စ်ကို ပွေ့ချီပြီးဝင်လာတာကြောင့် ဟိဟွေ့ ရှော့ခ်ရသွားတယ် ။ ဒါပေမယ့် ချက်ချင်းပဲ အမူအရာကိုပြင်ပြီး ပြုံးပြကာ

" ဘော့စ် , ကု .......မင်္ဂလာမနက်ခင်းပါ ဥက္ကဌ ကု "

" အစောကြီးရောက်နေတာပဲ "
ကုဖုန်းက ပြုံးကာ ဟိဟွေ့ကို ပြန်နှုတ်ဆက်လိုက်တယ် ။
" မနက်စာရော စားပြီးပြီလား "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now