အခန်း ၁၃၄ ။ နတ်ဒေဝါဧကရာဇ်၏တာဝန်အပ်နှင်းမှု

1K 155 0
                                    

134
အခန်း ၁၃၄ ။ နတ်ဒေဝါဧကရာဇ်၏တာဝန်အပ်နှင်းမှု

"ဟုတ်တယ်လေ" စိတ်လှုပ်ရှားနေတဲ့ အမူအရာက ကူယွဲ့မျက်နှာပေါ်က အပြုံးကို အစားထိုးသွားတယ်။

"မြင့်မြတ်တဲ့နေရာက အင်မတန်ဝေးလံပြီးအန္တရာယ်များလွန်းတယ်၊ ဒါကြောင့် ကိုယ်ခန္ဓာနဲ့ ဝင်ဖို့ အကြံမပေးချင်ဘူး၊ ညီကိုရှုသာ ကျုပ်ကိုယုံရင် ခင်ဗျားရဲ့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်ပါ၊ ကျုပ် ဒီအဆောင်နဲ့ ခင်ဗျားကိုပို့ပေးမယ်"

တစ်ခဏတာ ရှုကျန်းက မရေမရာဖြစ်သွားတယ်။ မျက်နှာပြင်ထက်ပေါ်လာတဲ့ ခံစားချက်က သူ့စိတ်တွင်းကလွန်ဆွဲနေမှုကို ဖော်ပြနေတာပေါ့။ ဒါပေမဲ့ တစ်ခဏကြာတော့ သူက အံကြိတ်ပြီး ခေါင်းညိတ်ပြတော့တယ်။

"ကျုပ် ညီကိုကူယွဲ့ကိုယုံပါတယ်၊ စလိုက်ကြရအောင်" ဒီလိုပြောပြီး သူကထရပ်ကာ ထိုင်ခုံကို ဘေးရွှေ့လိုက်တယ်။ နောက်တော့ ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။

စက္ကန့်ပိုင်းအတွင်း ပုံရိပ်တစ်ခု သူ့ခေါင်းပေါ် လွင့်မျောလာတယ်။ ဒါက သူ့ကောင်းကင်စိတ်အာရုံရဲ့ အသွင်ယူမှုပဲ။

ပြုံးပြီး ကူယွဲ့က ရှေ့တက်လာတယ်။

"ဂရုစိုက်ပါ ညီကိုရှုရေ၊ ဒီနေရာက ဆန်းကြယ်တဲ့နေရာဆိုပေမဲ့ တံလျှပ်တွေနဲ့ပြည့်နေတဲ့ နေရာလည်းဖြစ်ပါတယ်၊ ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေ ခင်ဗျားရှေ့ ပေါ်လာလိမ့်မယ်၊ ဒါကြောင့် အဲမှာအကြာကြီး မနေပါနဲ့၊ ခံနိုင်ရည်မရှိတော့ရင် ပြန်သာလာခဲ့ပါ"

ရှုကျန်းခေါင်းညိတ်ပြတာ မြင်တော့ ကူယွဲ့ လက်ထဲက အဆောင်ကို အသက်သွင်းပြီး ပုံရိပ်ပေါ် ကပ်လိုက်တယ်။ ချက်ချင်းပဲ ရှုကျန်းပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားတော့တယ်။

"နင် သူ့ကိုဘယ်ပို့လိုက်တာလဲ" ရှန်းရင် တအိအိစားရင်း ‌‌ မေးလိုက်တယ်။

မျက်နှာပေါ် ဖြူစင်တဲ့ အကြည့်လေးနဲ့ ကူယွဲ့ကထိုင်ချပြီး ရေတစ်ခွက်ငှဲ့လေတယ်။

"ငါ သူ့ကို ဝူတိဂိုဏ်းဆီ ပို့လိုက်တာ"

"ဟမ်"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now