အခန်း ၇၈ ။ မျက်လုံးအတွက် မျက်လုံးတစ်လုံး

1K 171 11
                                    

78

အခန်း ၇၈ ။ မျက်လုံးအတွက် မျက်လုံးတစ်လုံး

အမွှေးတိုင်တစ်ဝက်ထွန်းစာအချိန် မရောက်ခင်မှာတင် ရွှမ်းယွမ်ယွီနဲ့ ယင်းဖုန်းတို့ တန်ဖိုးကြီးခြံဝန်းနဲ့ အမတမြို့တစ်ဝက်စာက လုံးဝအပျက်အစီးတွေအဖြစ် အခြေအနေစိုက်ရောက်သွားတာ ပက်ပင်း မြင်လိုက်ရတော့တယ်။ ယွီမိသားစုခြံဝန်းတစ်ခုလုံးထဲ အကောင်းပတိနံရံ တစ်ချပ်‌တစ်လေတောင် မရှိတော့ဘူး။ တစ်ချိန်က ခန်းမရှိနေခဲ့တဲ့ နေရာမှာ ပေရာချီ ချိုင့်ကြီးတစ်ခုပဲ ကျန်ခဲ့လေရဲ့။

ရွှမ်းယွမ်ယွီ တဒိတ်ဒိတ်ခုန်နေတဲ့နှလုံးကို ငြိမ်သက်အောင် ရင်ဘတ်ပေါ် ပုတ်လိုက်တယ်။ ဒီဆိုးဆိုးရွားရွားမြင်ကွင်းကို ကြည့်ပြီး သူ ရုတ်တရက် ကျေးဇူးတင်မိသွားသလိုပဲ။ ကြီးမြတ်တဲ့နတ်ဒေဝါ ဟိုတစ်ခေါက်တုန်းက ရွှမ်းယွမ်ယွီမိသားစုဆီ လာခဲ့တဲ့အချိန် သူနဲ့ ဆွေးနွေးချင်တဲ့ကိစ္စ ရှိတယ်ပြောခဲ့တုန်းက တကယ့်စိတ်ရင်းနဲ့ဖြစ်ရမယ်။ သူမက ကိုယ်ထိလက်ရောက် အကြမ်းနည်း ကျင့်သုံးဖို့အတွက် ကြီးလေးတဲ့ ရည်ရွယ်ချက် တကယ်ပဲရှိခဲ့ပုံမပေါ်ဘူး။

တစ်ဖက်လှည့်ပြီး ရွှမ်းယွမ်ယွီ ထုထောင်းနေတာ ရပ်လိုက်ပြီဖြစ်တဲ့ အလယ်က တစ်ခုတည်းသော ပုံရိပ်ကို ကြည့်လိုက်တယ်။ သူ နည်းနည်းတုန်ယင်သွားပြီး ဘိုးဘွားတွေရဲ့ ကောင်းချီးအတွက်ပါ ဆုတောင်း‌မိလေရဲ့။

လက်က ဖုန်ကိုခါပြီး ရှန်းရင် အပျက်အစီးပုံဆီ လျှောက်လာခဲ့ကာ ငုံ့ပြီး အထဲမှာ မြုပ်နေတဲ့ လူကို ဆွဲထုတ်လိုက်တယ်။ ဆွဲထုတ်ခံလိုက်ရတဲ့လူက သေလုနီးပါးဖြစ်နေပြီး လူတစ်ယောက်အဖြစ် လုံး၀ မမှတ်မိနိုင်လောက်အောင်ပဲ။ သူမ ‌သူ့ပေါ်ခြေထောက်တစ်ဖက် တက်နင်းလိုက်တယ်။ တစ်ခုခုကျိုးသံ ထွက်လာတော့တာပေါ့။

သူမ ခပ်တိုးတိုးမေးလိုက်တယ်။

"ငါ့ကိုပြော၊ ငါ့မုန်လာဥ ဘယ်မှာလဲ"

ယွီဟိုင်ဟုန် အသိစိတ်ပြန်မကပ်သေးဘူး။ သူ့တစ်ကိုယ်လုံး နာကျင်လွန်းလို့ ထုံတောင်ထုံနေပြီ။ သု့ခန္ဓာကိုယ်ကနေ တစ်ခုခုက အမြန် ‌ယုတ်လျော့လာတာပဲ ခံစားမိတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့လူတစ်ယောက်အနေနဲ့ လူတစ်ယောက်က လက်သီးလေးသုံးရုံနဲ့ တစ်သက်စာကျင့်ကြံဆင့်ကို လျှော့ချပစ်နိုင်တယ်ဆိုတာ သူပထမဆုံးအကြိမ် သိလိုက်ရတာပဲ။ အခု သူအဲလူနဲ့ ထပ်မျက်နှာချင်းဆိုင်နေရပြီး သူမက မျက်နှာပေါ် စိတ်မရှည်တဲ့အကြည့်နဲ့။ အကြောက်တရားက သူ့အပေါ်ဖုံးလွှမ်းသွားတယ်။ တကယ်ပဲ... သူမက သာမန်ကျင့်ကြံသူတစ်ယောက် ဟုတ်ရဲ့လား။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now