Unicode
မိနစ်နှစ်ဆယ်လောက်ကြာတော့ မြို့ပြကို ဖြတ်ကာ မြို့ပြင်နားရောက်လာသည်။ ဟောပိုင်က စကားစ၏။
" ချာတိတ်တိ.. ကျွန်တော့်ကို နောက်နေတာမလား.. ဒီနားမှာ ဘယ်က စားသောက်ဆိုင်ရှိမှာလဲ"" ရှိတာပေါ့.. တောစပ်နားလေးမှာ.. အရမ်းပျော်ဖို့ကောင်းတာ"
တိချိုးဟယ်က ပြန်ဖြေသည်။ကားထပ်မောင်းလာတော့ အမှောင်ထုကလဲ ပို၍ ကြီးစိုးလာ၏။ နောက်ထပ်ဆယ်မိနစ်လောက် ကြာသည်အထိ ကားဆက်မောင်းနေတော့ ဟောပိုင်က တိချိုးဟယ်တစ်ယောက် ညဘက်ကြီးပျော်ပွဲစားထွက်ဖို့ ပြင်နေတာများလားဟု တွေးလိုက်သည်။
ထို့ကြောင့် ဟောပိုင် စိတ်ညစ်နေစဥ် ကားရုတ်တရက် ရပ်သွားသည်။ ကြည့်လိုက်တော့ ရှေ့နားတွင် မီးရောင်တချို့ တွေ့လိုက်ရ၏။
" ရောက်ပြီလား"
ဟောပိုင်က မေးလိုက်သည်။တိချိုးဟယ်က ပြုံးကာ ကားထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ထို့နောက် ကားအမိုးက တဖြည်းဖြည်းပွင့်ကာ အနောက်ထဲ ခေါက်သိမ်းသွား၏။
လေတဖြူးဖြူးနှင့် နေလို့ကောင်းသောကြောင့် ဟောပိုင်က ထိုင်ခုံနောက်ကို မှီကာ ကောင်းကင်ပေါ် မော့ကြည့်သည်။ ကြယ်တချို့ ပျိုးပျိုးပျက်ပျက် လက်ကာ လှပနေ၏။
ခဏကြာတော့ မီးပန်းဖောက်သံအချို့နှင့်အတူ လှပသည့် မီးရှူးမီးပန်းများကို ကောင်းကင်ပေါ် တွေ့လိုက်ရ၏။ သူတို့ရောက်နေသည်က ရေကန်တစ်ခုအနီးတွင် ဖြစ်သောကြောင့် ရေကန်ပေါ် တွင် မီးရှူးမီးပန်းတို့ကို ပြန်မြင်နေရကာ အတော်လှ၏။
ဟောပိုင် အတော်လေး အံ့သြနေသည်။
ရေကန်ဘေးနားတွင် စားပွဲတစ်ခုနှင့် ထိုင်စရာ ခုံနှစ်ခုံ ခင်းကျင်းထား၏။ ရုတ်တရက် ရေကန်နားတွင် မီးများထိန်ထိန်လင်းလာကာ အေးချမ်းလွန်းနေသည်။ ရေကန်နှင့် မီးရောင်မှာ လိုက်ဖက်နေ၏။
နောက်ထပ် မီးရှူးမီးပန်းအချို့ ထွက်ပေါ်လာပြန်သည်။
ထို့နောက် တိချိုးဟယ်က စားပွဲရှိရာသို့ ကားကို ဖြည်းဖြည်းချင်း မောင်းသွား၏။