Chapter 212 - Hashtag Di Qiuhe 2

2.3K 454 6
                                    

Unicode

ဟောခန်းတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။ လူတိုင်း လူတိုင်း ဇာတ်ကားကိုသာ စိုက်ကြည့်နေကြရာ ရုပ်ရှင်ပြီး၍ အပိတ်သီချင်းသံ ထွက်လာတော့မှ အသိစိတ် ပြန်ဝင်လာခဲ့ကြ၍ လက်ခုပ်လက်ဝါးတီးကာ အားပေးကြလေ၏။

ဟောပိုင်လဲ သူ့ဘေးက တိချိုးဟယ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားကာ အတင်းဆွဲဖက်ရင်း စိတ်သက်သာရသည့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့​နောက် တိချိုးဟယ်မျက်နှာကို အုပ်ကိုင်ရင်း သူ့ရှေ့မှ လူက အစစ် ဟုတ် မဟုတ် သေချာကြည့်နေသည်။

" တော်သေးတာပေါ့..  ခင်ဗျား အသက်ရှင်နေလို့..."
ထို့နောက် တိချိုးဟယ်ကို နောက်တစ်ခါ ထပ်ဖက်ရင်း တစ်ဖက်လူ၏ အနွေးဓာတ်ကို ခံစားမိတော့မှ တုန်နေသော ရင်အစုံက ပြန်ငြိမ်ကျသွား၏။

" အင်း.. ကိုယ် လုံလုံခြုံခြုံ ရှိနေပါတယ်ဗျ"
တိချိုးဟယ်က ဟောပိုင်ကျောကို ပွတ်သပ်ပေးရင်း နှစ်သိမ့်နေသည်။

အပိတ်သီချင်းနှင့်အတူ မူးယစ်ဂိုဏ်းများကို တိုက်ဖျက်ရင်း အသက်ပေးလိုက်ရသည့် သူရဲကောင်းများနာမည်များကို ဂုဏ်ပြုရေးထား၏။ တကယ့်ဘဝတွင်လဲ ချန်ကျွင်းကဲ့သို့ သူရဲကောင်းများကြောင့်သာ Cheng's Army ဖြစ်လာရခြင်းဖြစ်၏။

အမှောင်ကျနေသော ဟောခန်းမကြီး ပြန်လင်းလာတော့ ဟောပိုင်က တိချိုးဟယ်ကို တွန်းထုတ်လိုက်ပြီး ပရိသတ်ကို ဦးညွတ်နေသည့် ကျန်းကွမ်းရှန်အတွက် လက်ခုပ်ဖွဖွ တီးပေးနေသည်။

တချို့ဖန်တွေကလဲ ချန်ကျွင်းနာမည်ကို ဟစ်အော်နေကြသည်။ ပြောင်မြောက်လွန်းသည့် အနုပညာလက်ရာ​ကို ဖန်တီးသူများကိုလဲ ကျေးဇူးတင်နေကြ၏။

သတင်းထောက်များကလဲ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကာ ရုပ်ရှင်ကိုရော ပရိသတ်ကိုပါ အတော်သဘောကျနေကြသည်။

ရုပ်ရှင်ပြပွဲပြီးနောက် ဟောပိုင်က ကားနောက်ခုံကို မှီကာ ရိုက်လာသည့်ပုံများကို စစ်ဆေးလိုက် သက်ပြင်းချလိုက် လုပ်နေသည်။

" ဘာဖြစ်လို့လဲကွာ"
တိချိုးဟယ်က အနားတိုးလာကာ ဟောပိုင်ပါးလေးကို ဖွဖွလေး ပွတ်နေသည်။
" ဘာမှ လျှောက်တွေးမနေနဲ့တော့.. ရုပ်ရှင်က တကယ်မှ မဟုတ်တာ.. အကြီးအကဲရွှီပြောတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းပဲကို.. တကယ့်အပြင်က ချန်ကျွင်းက ဒဏ်ရာတွေအများကြီးရခဲ့ပေမဲ့ အသက်မှ မသေခဲ့တာကို.. နာမည်အသစ်နဲ့ အခု ပျော်ပျော်ကြီး အသက်ရှင်နေပါတယ်ကွာ"

OUR ( One Useless Rebirth) 2Where stories live. Discover now