Chapter 197- ပျော်ရွှင်စရာ ချစ်သူများနေ့ပါ 2

2.5K 513 30
                                    

Unicode

ပြတင်းမှန်၏ တခြားဘက်တွင် ရင်းနှီးနေသည့် ပုံရိပ်လေးတစ်ခု ရှိနေသည်။ လက်တစ်ဖက်က ပြတင်းတခြားဖက်တွင် ရှိနေသည့် ဟောပိုင်ကို ထိလိုထိငြား ကိုင်ကြည့်ရန် ကြိုးစားနေကာ ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲ စမတ်ကျကျ ထည့်ထားသည်။ ခြေထောက်နားတွင်လဲ ခရီးဆောင်အိတ်ရှိနေ၏။ ထိုသူက သူ့ကိုယ်ပေါ်မှ တောက်ပနေသည့် ကိုယ်ရောင်ကိုယ်ဝါကို သတိမပြုမိသည့်အလား သူ့ကိုသာ ငေးစိုက်ကြည့်နေ၏။

" ချိုး..."

ဟောပိုင်မျက်လုံးပြူးသွားရလေသည်။ တိချိုးဟယ်၏ နာမည်ကို အော်ခေါ်ချင်ပေမဲ့ လည်ချောင်းထဲ တစ်ခုခု တစ်ဆို့နေသလိုလို ဘာသံမှ မထွက်နိုင်ခဲ့။ သူလှည့်ကြည့်နေတာတွေ့တော့ တစ်ဖက်လူက ဘောင်းဘီအိတ်ကပ်ထဲ ထည့်လာသည့် နှင်းဆီပန်းကို ထုတ်ပေးနေသည်။ ပွင့်လွှာတို့ တွန့်ကြေကာ ညှိုးနွမ်းနေသည့် နှင်းဆီပန်းက ခူးစတုန်းကလို လှပုံမပေါ်။

ထိုသူကလဲ သိဟန်တူကာ လက်ကိုပြန်ရုတ်ရန် ပြင်လိုက်၏။

ဟောပိုင်က လက်ကာပြကာ လှမ်းတားသည်။

ရုတ်တရက် လေအေးတစ်ချက်ဝေ့သွားသဖြင့် ကောင်းကင်ပေါ်မှ တိမ်စိုင်တချို့ လွင့်စင်ကာ အလင်းရောင်ပီပြင်လာသဖြင့် တိချိုးဟယ်၏ မျက်နှာလှလှလေး ပေါ်လွင်လာသည်။

ကြည်လင်ပြတ်သားသည့် အလင်းရောင်... ပြစ်မျိုးမှဲ့မထင်သည့် အလှတရားပိုင်ရှင်နှင့် လက်ထဲက ညှိုးနွမ်းစ ပြုနေသည့် နှင်းဆီနီနီက ဝတ်ဆင်ထားသည့် အနက်ရောင်ဂျာကင်အင်္ကျီနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ လေယာဥ်အကြာကြီးစီးခဲ့ရသည့်တိုင် တောက်ပနေသည့်မျက်ဝန်းတစ်စုံက အဝေးရောက်နေသည့်ချစ်သူကို စပရိုက်ဖြစ်သွားအောင် အရောက်လာနိုင်ခဲ့သည့်အတွက် ဂုဏ်ယူနေသည့်အကြည့်မျိုးရှိနေသလို အမြတ်တနိုးယူလာခဲ့သည့်ပန်းလေး နွမ်းသွားသဖြင့် နောင်တရနေသည့်အကြည့်မျိုးလဲ ရောယှက်နေသည်။

တုံ့ဆိုင်းတွေဝေခြင်းမရှိပဲ ဟောပိုင် ဓာတ်ပုံခလုတ်နှိပ်လိုက်သည်။

တိချိုးဟယ်က ဓာတ်ပုံအရိုက်််ခံရ၍ ရှက်သွားကာ ခေါင်းငုံ့ကာ နှင်းဆီပန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ရင်း တစ်ဖက်လှည့်ကာ ရှုခင်းကြည့်နေဟန်ဆောင်လိုက်၏။

OUR ( One Useless Rebirth) 2Where stories live. Discover now