ကုဖုန်း ခေါင်းတွင်တွင်ခါလျက် ။
" မဟုတ်ရပါဘူးကွာ .. ကိုယ် စိတ်လှုပ်ရှားသွားလို့ပါ "
ထို့နောက် ဖုန်းထုတ်ကာ မနက်စာလေးကို ဓာတ်ပုံရိုက်ယူလိုက်တယ် ။
ယုပေါ်ယွင် မျက်မှောင်ကြုပ်သွားတယ် ။
" ပူတုန်းလေး မြန်မြန်စားလေ .. ဘာကိစ္စ ဖုန်းနဲ့ဓာတ်ပုံရိုက်နေတာလဲ .. ဖုန်းမှာ ပါးစပ်ပါလို့လား "
ကုဖုန်းကတော့ ဓာတ်ပုံတွေ လိုသလောက်ရသွားပြီမို့ အကျေနပ်ကြီးကျေနပ်ကာ ဖုန်းကိုချပြီး တူကောက်ကိုင်ကာ ဝက်ပေါင်ခြောက်အသားညှပ်ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်တယ် ။
" ကိုယ်က အမှတ်တရအနေနဲ့ ရိုက်ယူထားချင်ရုံပါ .. ကိုယ်တို့ကြားမှာ စိမ်းသက်ပြီး ဝေးကွာနေခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ .. ခုက ဖြည်းဖြည်းချင်းလေး ပြန်စနေရတာလေ .. အဲ့ဒါကြောင့်ပါ "
ကုဖုန်းက ဖုန်းကို ယုပေါ်ယွင်ထံ ကမ်းပေးပြီး ယုံကြည်မှုရှိရှိနဲ့ galleryထဲ တန်းဝင်လိုက်တယ် ။
" ကိုယ် အရင်က ဓာတ်ပုံရိုက်ရတာကို မနှစ်သက်ဘူး .. ဒါပေမယ့် အခု မင်းနဲ့ပတ်သတ်တဲ့အရာတွေကို ဓာတ်ပုံအဖြစ် စုဆောင်းချင်လာခဲ့တယ် .. ကြည့်ပါဦး , ဒါက မင်းပေးတဲ့ လက်ဆောင်လေးတွေ , ဒါက ကိုယ်တို့ရဲ့ သားလေး , ဒါက ကိုယ်တို့အတူတူပြန်စ,အိပ်တဲ့ညက အိပ်မောကျနေတဲ့ မင်းမျက်နှာလေး ........."
ယုပေါ်ယွင်က ကုဖုန်းရဲ့ဖုန်းကိုကြည့်နေရင်း တစ်ပုံပြီးတစ်ပုံ ပြောင်းသွားပြီးနောက် သူ့မျက်နှာက နတ်ဆိုးတစ်ကောင်ပမာ ဖြစ်လာခဲ့တယ် ။ အရမ်းတွေ ဒေါသထွက်ပြီး ကုဖုန်းကို ဖုန်းပြန်ပေးကာ ဆဲရေးလိုက်တယ် ။
" ငိုးမကြီး ! "
( ဟုတ်ကဲ့ .. fuck you ! လို့ တစ်လုံးတစ်ခဲကြီး ဆဲချလိုက်တာပါ )
ကုဖုန်းက ဂရုတစိုက်နဲ့ ဖုန်းပြန်သိမ်းကာ အံ့ဩချိုမြိန်ဖွယ်ရာ မနက်စာကို ဖြည်းဖြည်းချင်းလက်စသတ်ပြီး ထရပ်ကာ ယုပေါ်ယွင် နဖူးလေးကို နမ်းလိုက်တယ် ။
" ပြီးရင် မင်းကို ရှော့ပင်းမောလ် လိုက်ပို့ပေးမယ် .. မင်းကိုပို့ပြီးမှပဲ ကိုယ် အလုပ်ဆက်သွားမယ် .. ညနေ အိမ်ပြန်လာရင် ကိုယ် မင်းအတွက် ညစာ ချက်ပေးမယ်နော် "
ယုပေါ်ယွင် ဆတ်ခနဲ ခေါင်းမတ်သွားတယ် ။
" ခင်ဗျား ချက်တတ်လို့လား "
" ကိုယ် နည်းနည်းပါးပါး သင်ထားတယ် "
ကုဖုန်း ခေါင်းညိတ်ရင်း,
" နောက်ပိုင်းတွေ မင်းကို ချက်ခွင့်မပြုတော့ဘူး .. မင်း ပင်ပန်းမယ် .. ကိုယ်လည်း သင်ထားပြီးပြီဆိုတော့ မင်းစားချင်တာ ဘာပဲဖြစ်ဖြစ် ကိုယ် ချက်ကျွေးမယ် .. မချက်တတ်ရင်တောင် ကိုယ် သင်ယူလိုက်မယ် ..ရှေ့လျှောက် အိမ်အလုပ်တွေကို အတူတူ လုပ်ကြရအောင် "
ယုပေါ်ယွင် ရယ်လိုက်တယ် ။
" ဒါဆိုလည်း စောင့်ကြည့်ရတာပေါ့ဗျာ "
----------------
လုရန်း အလုပ်ကအပြန်မှာ ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ကို လုရန်နဲ့အတူ သွားလေတယ် ။
သူတို့အထဲကို ဝင်သွားတော့ အထူးတာဝန်ကျတဲ့စားပွဲထိုးတွေက သူတို့ကို ကြိုစောင့်နေတာ တွေ့လိုက်ရတယ် ။ လုရန်းကိုတွေ့တော့ စားပွဲထိုးတစ်ယောက်က ဦးညွှတ်၍နှုတ်ဆက်တယ် ။
" မစ္စတာ လု .. ကျွန်တော်နဲ့ လိုက်ခဲ့ပါခင်ဗျ "
သူက သီးသန့်ခန်းတစ်ခုကို ဦးဆောင်ခေါ်သွားပြီး :
" အထဲဝင်ပါ ခင်ဗျ "
လုရန်းခေါင်းညိတ်ကာ တံခါးကို တွန်းဖွင့်လိုက်တယ် ။
အခန်းက အရမ်းကျယ်ပြီး အထက်တန်းကျတယ် ။ အလှစိုက်ကြွေပန်းအိုးကြီးတွေနဲ့ ပန်းပင်လှလှတွေက အခန်းအပြည့် တည်ရှိနေပြီး အပြင်အဆင်က ပြိုင်ဘက်ကင်းလှတယ် ။အဘိုးလုက ထိပ်ဆုံးခုံမှာ ထိုင်ပြီး လက်ထဲမှာ စိပ်ပုတီးတစ်ကုံးကိုင်လျက် , လုရန်နဲ့အတူ ဝင်လာတဲ့ လုရန်းကို ကြည့်နေတယ် ။
အခန်းထဲမှာ အဘိုးလု ၊ ပါပါးလု ၊ မာမားလု နဲ့ တခြားသော ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းလုံး ရှိနေကြတယ် ။ သူတို့အားလုံးလည်းပဲ လုရန်းနောက်က လုရန်ကိုမြင်ကြတဲ့အခါ အမူအရာတွေ ရှုပ်ထွေးသွားကြတယ် ။
လုရန်းက လုံးလုံးသတိမမူဘဲ ခုံတစ်လုံးဆွဲထုတ်ကာ လုရန်ကို ထိုင်စေပြီး အခိုင်အမာနေရာချပေးတယ် ။
အခန်းထဲက လေထုက ခေတ္တခဏတော့ ကမောက်ကမဖြစ်လို့သွားတယ် ။ ဒါပေမဲ့ ကံအားလျော်စွာပဲ အဘိုးလုက ရုတ်ချည်း စကားစ,ကာ ကမောက်ကမအခြေအနေကို ဖြိုခွဲပစ်လိုက်တယ် ။
" ရန်းလေး , မင်းရဲ့ အခြေအနေ ဘယ်လိုလဲ "
" အရမ်းကောင်းပါတယ် "
လုရန်းက ကိုယ်တိုင်ကိုယ်ကျ ရေတစ်ခွက် ငှဲ့ထည့်ပြီး လုရန်ရှေ့ ချပေးကာ လုရန် ရေသောက်တာ ကြည့်နေပြီးမှ ,
" ကျွန်တော့် ကုမ္ပဏီအသစ်က ပရော့ဂျက်တွေအများကြီး ရထားတယ်လေ .. ကျွန်တော့်အတွက် ငွေရေးကြေးရေးက လုံလောက်တာထက်တောင် ပိုနေသေးတယ် .. ကျွန်တော့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်း တရိပ်ရိပ်မြင့်တက်လာတဲ့အပြင် ကျွန်တော့်ချစ်သူကလည်း ကျွန်တော့်ဘေးမှာ အမြဲရှိတယ် .. ကျွန်တော့်ဘဝက ဘာလိုနေသေးတယ်လို့ အဘိုးထင်လို့လဲ "
အဘိုးလု ခဏတော့ ငြိမ်သွားပြီး သက်ပြင်းရှည်ကြီး ချလေတယ် ။
" အဘိုးက မင်းရဲ့အရည်အချင်းတွေကို သိပါတယ် .. မြင်လည်းမြင်ပါတယ် "
ဒါကိုကြားတော့ ဘေးမှာရှိနေတဲ့ လုယမ်က ထိုင်တောင်မထိုင်နိုင်တော့ဘူး ။ လတ်တလောမှာ အရှက်အရဆုံးလူက သူဖြစ်နေတာကြောင့် ။
သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ လုရန်းလက်ထဲကနေ လုဂရုကို လုထားခဲ့တာ ။ သူ့လက်ထဲရောက်မှ လုဂရုက လေမုန်တိုင်းကြား ကြိုးပြတ်ပြီး လေနှင်ရာလွင့်သွားတဲ့ စွန်လေးတစ်စင်းလို ဖြစ်ခဲ့ရတယ် ။ လုယမ် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ကြောက်စိတ်မွှန်သွားခဲ့ရတာ ။
လုမိသားစုရဲ့ ယခုည ညစာစားပွဲက လုဂရုရဲ့အခြေအနေဆိုးကို ဆက်မကြည့်နိုင်တော့တဲ့ အဘိုးလုက စီစဉ်တာ ။ သူက လုရန်းကို ပြန်ခေါ်ရန် ဆုံးဖြတ်ချက်ချခဲ့တယ် ။
သူက ဒီနေရာကို နောက်တစ်ကြိမ်ထပ်ပြီး ဆုံးရှုံးဖို့က ဖြစ်နိုင်ချေများတယ်လို့ လုယမ်တွေးမိပြီး ဒေါသတွေပွက်ပွက်ဆူလာတယ် ။ ကုလားမနိုင် ရခိုင်မဲဆိုသလို အပြစ်မရှိတဲ့တူကို အားနဲ့ဖိဆုပ်ပြီး တစ်ဖက်မှာထိုင်နေတဲ့ လုရန်းကို မကြည်ကြည့်တွေ အဆက်မပြတ် ပစ်လွှတ်နေတယ် ။
လုရန်းက လုယမ်ရဲ့ အမုန်းမျက်လုံးတွေကို သတိမထားမိသကဲ့သို့ ခွက်ကိုကောက်ကိုင်ကာ တည်ငြိမ်စွာ ဆိုလိုက်တယ် ။
" အဘိုးရဲ့တန်ဖိုးထားမှုကို ကျေးဇူးတင်ပါတယ် အဘိုး "
လုရန်ပြောလိုက်ပြီး ရည်ရွယ်သည်လည်းမဟုတ် မရည်ရွယ်သည်လည်းမဟုတ်ဘဲ လုယမ်ဘက်တစ်ချက်ကြည့်ကာ ပြုံးလိုက်လေတယ် ။
ဒီနေ့အတွက် သူ ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့တာ ။
သူနဲ့ လုရန်ကို တားမြစ်တဲ့ လူ.... ဘယ်သူပဲဖြစ်ဖြစ် နာလန်မထူနိုင်အောင်ကို အလဲထိုးပစ်မှာ !
********************
Chapter 214
လုယမ် နှာမှုတ်ပြီး အဘိုးလုကို ပြောလိုက်တယ် ။ သူ့လေသံထဲမှာ စိတ်မကြည်လင်ခြင်းတွေ အပြည့်ပဲ ။
" အဘိုး , လုရန်းက ကျွန်ဝောာ်တို့ရဲ့ မိသားစု ညစာစားပွဲကို လာတက်တာအတွက် အားလုံးမှာ ဘာထင်မြင်ချက်မှ မရှိပါဘူး .. ဒါပေမဲ့ သူ့ဘေးက လူကိုတော့ ....."
လုယမ်က လုရန်ကို လက်ညှိုးထိုးကာ ပြောတယ် ။ အဓိပ္ပါယ်ကဝောာ့ လုရန်ကို မောင်းထုတ်ခိုင်းလိုက်တာပဲ ။
အဘိုးလု မျက်လုံးပြူးသွားတယ် ။
" သူက ဧည့်သည်လေ "
လုရန်းလည်း ခေါင်းညိတ်ပြီး
" ဟုတ်တယ် လုယမ် , ဒီနေ့ ငါ နဲ့ ရန်ရန်နှစ်ယောက်လုံးက ဧည့်သည်အနေနဲ့ လာခဲ့တာ .. ဒါကြောင့် သိပ်စိတ်ကြီးဝင်မနေနဲ့ "
လုရန်း ပြောလိုက်တာ ကြားကြားချင်း အဘိုးလု ရှော့ခ်ရကာ ရင်တုန်သွားတယ် ။
လုရန်းက သူ့ကိုယ်သူ လုရန်နဲ့ ချည်နှောင်ထားပြီး သူတို့နှစ်ယောက်က နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးလို ။ လုရန်က ဒီမိသားစုရဲ့ ဧည့်သည်ဆိုရင် သူလည်းဧည့်သည်ပဲ ။ ဒီလိုပြောလိုက်ခြင်းဖြင့် လုရန်က လုရန်းအတွက် ဘယ်လိုဖြစ်တည်မှုလဲဆိုတာနဲ့ လုရန်ကို စွန့်ပစ်ပြီး လုအိမ်တော်ကို သူတစ်ယောက်တည်းတော့ လုံးဝပြန်မလာဘူးဆိုတာ အတိအလင်း ဝန်ခံလိုက်ခြင်းလည်းဖြစ်တယ် ။
အဘိုးလုစိတ်ထဲ အနည်းငယ် တုန်လှုပ်ပြီး တွေဝေမှုက မြင့်တက်လာတယ် ။ လုမိသားစုမှာက ဒီလို ချွေးမမဟုတ် သမက်မဟုတ်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ။
ဒါပေမဲ့ လုယမ်က အခွင့်အရေးကောင်းတွေကို ဖြုန်းတီးခဲ့တာကြောင့် မကြာသေးခင်ကစပြီး လုမိသားစုရဲ့ အခြေအနေက အရမ်းကို စိုးရိမ်ဖွယ်ရာဖြစ်နေတယ် ။
လုရန်းက ဟင်းတစ်ပွဲကို ခပ်စားလိုက်ပြီး ခေါင်းအသာမော့ကာ အဘိုးလုထံ တိုက်ရိုက်ဆိုလိုက်တယ် ။
" အဘိုးကို ကျွန်တော် ဖိအားမပေးချင်ပါဘူး .. အဘိုးက မိသားစုကို တန်ဖိုးထားပြီး ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်သိပါတယ် .. ကျွန်ဝောာ် ဒီနေ့လာတာက လုမိသားစုကို ပြန်လာနိုင်မယ်လို့ မျှော်လင့်မိတာလည်းပါတာပေါ့ .. ဒါပေမယ့် ကျွန်တော့်မှာလည်း တန်ဖိုးထားပြီး ချစ်မြတ်နိုးရတဲ့ ရန်ရန်ရှိတယ် .. သူ့ကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီးရွေးချယ်ထားတာ.. အနည်းဆုံးတော့ ကျွန်တော့်မိသားစုက သူ့ဂုဏ်သိက္ခာကို ထောက်ထားပြီး သူ့ကို အသိအမှတ်ပြုပေးဖို့ မျှော်လင့်ပါတယ် "
အဘိုးလုက တက်တက်ကြွကြွနဲ့ ချေပစကားဆိုကာ အငြင်းသန်တဲ့လူတွေကို မျက်လုံးအကြည့်တွေနဲ့ ခြောက်လှန့်နေကျ ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့အကြည့်တွေ အဝေးပို့ပြီး သက်ပြင်းချကာ ဆိုလိုက်တယ် ။
" ဆက်ပြော "
" ဒီစားပွဲမှာထိုင်နေတဲ့လူတွေက အခြေခံအားဖြင့် တူညီကြတယ် .. သူတို့အားလုံးက လုမိသားစုကပဲ .. ဒါကြောင့် ဘာမှရှောင်ရှားနေစရာ မလိုပါဘူး "
လုရန်း ခပ်ကြိတ်ကြိတ်ရယ်ပြီး
" လုမိသားစုရဲ့ လတ်တလောအခြေအနေကို အဘိုးလည်းမြင်ပြီးပြီလို့ ကျွန်တော် ယုံကြည်တယ် .. အစစ်အမှန် စီးပွားရေးလုပ်ငန်းမှာ အရှုံးပေါ်တတ်တာတွေ ရှိပါတယ် .. ဒါပေမယ့် ရှုံးလည်းနည်းနည်းပေါ့ .. ကျွန်တော် အသစ်တည်ထောင်ထားတဲ့ အဓိကစက်မှုလုပ်ငန်းတွေရဲ့ အမြတ်ငွေတွေလည်း ရှိရဲ့သားနဲ့ ဒီလိုတွေ ဖြစ်ရတယ်လို့ .. လုယမ်လို အရည်အချင်းမပြည့်တဲ့ လူညံ့တစ်ယောက်လက်ထဲ အဲ့ဒါတွေကို ထိုးအပ်လိုက်တော့ ငါးပါးမှောက်ပြီပေါ့ !"
" လုရန်း ! မင်း !"
လုယမ်က မိသားစုဝင်တွေရှေ့မှာ အပြောခံလိုက်ရတာကြောင့် ခေါင်းထဲထိ နှလုံးသွေးတက်ဆောင့်ပြီး ဒေါသတကြီးနဲ့ ဝုန်းခနဲ ထရပ်လိုက်တယ် ။
" ထိုင်စမ်း !"
အဘိုးလုက စားပွဲကိုပုတ်ကာ ပါဝါအပြည့်မျက်လုံးတွေနဲ့ လုယမ်ကို မာန်ပါပါကြည့်လိုက်တယ် ။
" လုရန်ပြောတာ ဘာအမှား ပါနေလို့လဲ .. လုယမ် , ငါ မင်းအပေါ် မျှော်လင့်အပြည့်ထားပြီး လုမိသားစုကို မင်းလက်ထဲ ထည့်ပေးခဲ့တယ်ဆိုတာ မှန်တယ် .. ဒါပေမယ့် ငါ့ကို ဘာရလာဒ်တွေများ မင်း ပြနိုင်ခဲ့လဲ "
လုယမ် ဒေါသတကြီး တုန်ရီနေပေမယ့် ထိုင်နေရုံပဲ တတ်နိုင်ခဲ့တယ် ။
" အဘိုး , ကျွန်ဝောာ် တည့်တည့်ပြောမှ ဖြစ်တော့မယ် .. လုယမ်သာ ဒီလိုဆက်လုပ်နေရင် လုမိသားစုရဲ့ အရင်းအနှီးကွင်းဆက်မပြတ်ခင်မှာတင် ပြဿနာတစ်ခုပေါ်လာလိမ့်မယ် "
လုရန်းက လုရန်ကြိုက်တဲ့ငါးကို တူနဲ့ညှပ်ယူပြီး လုရန်ရှေ့က ပန်းကန်လုံးလေးထဲ ထည့်ပေးလိုက်တယ် ။
" ဒီစက်မှုလုပ်ငန်းကြီးကို ကျွန်တော်ပဲ တည်ထောင်ခဲ့တာ .. အားသာချက် အားနည်းချက်တွေကို ကျွန်ဝောာ်သိတယ် ..သူတို့ကို ဘယ်လိုစီမံရမလဲဆိုတာလည်း သိတယ် .. ကျွန်တော်သာ လုမိသားစုဝင်ဖြစ်နေသေးရင် ......ဒါပေါ့ ကျွန်တော့်ကုမ္ပဏီက ဒီလုပ်ငန်းတွေကို ကူညီကယ်တင်ပေးသွားမှာ .. ဒါပေမဲ့ ကျွန်တော်က အပြင်လူတစ်ယောက်ဆိုရင် ....... လုမိသားစုရဲ့ စတော့ခ်ရှယ်ယာတွေကို ကြားဖြတ်ပြီးချုပ်ကိုင်ဖို့ပဲ ရွေးရတော့မှာပေါ့ "
အဘိုးလုရဲ့မျက်လုံးအစုံ ကျဉ်းမြောင်းသွားတယ် ။
" လုမိသားစုကို ဘယ်လိုအခြေအနေနဲ့ ပြန်ဆွဲဆောင်မယ်ဆိုတာလေး ပြောပြပါဦး "
" အဘိုး "
လုရန်းက ရယ်ပြီး လုရန်ကို သူ့ဘက်ဆွဲယူတယ် ။
" ဒီနေ့ ရန်ရန့်ကိုခေါ်လာတာ ကျွန်တော့်အနေအထားကို ပြချင်လို့ .. လုမိသားစု , သူတို့ ကျွန်တော့်ကိုလိုအပ်နေသေးရင် ကျွန်တော်နဲ့အတူ ရန်ရန့်ကိုပါ တစ်ပြိုင်တည်း လက်ခံပေးရလိမ့်မယ် .. မဟုတ်ရင်တော့ ..... ကျွန်တော် အပြင်လူလုပ်နေရလည်း အဆင်ပြေတယ် ထင်မိတာပဲလေ .. ကောင်းကောင်းရွေးချယ်တတ်ကြပါစေ "
" ရန်းလေး ,"
ငြိမ်နေတဲ့ ကျန်းသခင်မ ဝင်မပြောဘဲ မနေနိုင်တော့ဘူး ။
" မင်းရဲ့အဘိုးရှေ့မှာ မင်းကိုယ်မင်း အရူးတစ်ယောက်လို လုပ်မနေနဲ့ .. မင်း ............"
" တော်ပြီ ! တိတ်ကြစမ်း ! "
အဘိုးလု အလေးအနက် ထမအော်ဘဲ မနေနိုင်တော့ဘူး ။ လုရန်ကို စကားမဆိုခင် စားပွဲဝိုင်းက စကားသံတွေ တိတ်ဆိတ်သွားတဲ့အထိ စောင့်နေတယ် ။
"ရန်းလေး , မိသားစုတစ်စု စတင်တည်ဆောက်တာမျိုးက အလျင်စလိုလုပ်လို့မရဘူးဆိုတာ မင်း သိထားရမယ် "
လုရန်း ခေါင်းညိတ်တယ် ။
" ကျွန်တော် နားလည်ပါတယ် အဘိုး "
" အနာဂတ်မှာ မင်း ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ ၊ သေဆုံးတာ ဒါမှမဟုတ် နေမကောင်းဖြစ်တာမျိုး ၊ ဖြားယောင်းသွေးဆောင်ခံရတာမျိုး ဖြစ်လာခဲ့ရင်တောင်မှ မင်းက သူနဲ့ပဲ တစ်ချိန်လုံး ပေါင်းသင်းနေထိုင်မယ်လို့ ဆန္ဒရှိလား .. ရန်းလေး မင်းငယ်ပါသေး............ "
" အဖိုးပြောတဲ့စကားက မင်္ဂလာဆောင်အခမ်းအနားမှာပြောတဲ့ ဘုန်းတော်ကြီးစကားနဲ့ တစ်ထပ်တည်းပဲ "
လုရန်း ဟာသမလုပ်ဘဲ မနေနိုင်ဘူး ။ ထို့နောက် သူ့ခေါင်းကို ဆတ်ခနဲငုံ့ကာ သူ့ဘေးမှာထိုင်နေတဲ့လုရန်ကိုကြည့်ပြီး ပြောလိုက်တယ် ။
" ဆန္ဒရှိပါတယ် "
အဘိုးလု ဘာမှမပြောတော့ဘူး ။
လုရန်းက စကားကုန်ပြောပြီးသွားခဲ့ပြီပဲ ။
လုရန်းကသာ ပလေးဘွိုင်းတစ်ယောက်ဆိုရင် လုမိသားစုထဲကနေ မောင်းထုတ်ပြီးတာ ကြာရောပေါ့ ။ ဒါပေမယ့် လုရန်းက လုမိသားစုရဲ့ အရည်အချင်းအရှိဆုံး မျိုးဆက်သစ် ။
လုရန်း ဦးဆောင်တဲ့ လုအင်တာပရိုက်စ်က ဈေးကွက်များစွာ ချဲ့ထွင်နိုင်ခဲ့ပြီး အမြတ်ကျန်တဲ့ စက်မှုလုပ်ငန်းတွေ ဖွင့်လှစ်နိုင်ခဲ့တယ် ။ အရေးပေါ်ဖြစ်နေတဲ့ စက်မှုလုပ်ငန်းရှင်တွေက ဒီလူငယ်လေးရဲ့ လွှမ်းမိုးခြယ်လှယ်ခြင်း ခံလိုက်ရတယ် ။ သူတို့က သက်လတ်ပိုင်း နဲ့ သက်ကြီးပိုင်းအရွယ်တွေ ။ တက်သစ်စ လူငယ်တွေရဲ့နောက်ကို အမှီမလိုက်နိုင်တော့ဘူး ။ လုမိသားစုရဲ့ ရှေ့ရေးက မရေမရာဖြစ်နေပြီ ။ လုရန်းကို ဆုံးရှုံးလိုက်ရတာက လုမိသားစုရဲ့ အနာဂတ်ကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲ ။
အဘိုးလုရဲ့ ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုချဖို့အရေး ဒီလောက်ထိ ဘေးကျပ်နံကျပ်ဖြစ်ခဲ့ရတာမျိုး မရှိခဲ့ဖူးဘူး ။
အဘိုးလုက စိပ်ပုတီးကို လက်မှာအထပ်ထပ် ရစ်ပတ်ရင်း အချိန်အတော်ကြာ တွေဝေနေတယ် ။ ထို့နောက်တော့ သူ့ဘေးမှ အိမ်တော်ထိန်းကို ပြောလိုက်တယ် ။
" ငါ ပြင်လာတဲ့လက်ဆောင်ကို လုရန်းဆီပေးလိုက် "
အိမ်တော်ထိန်း ကြက်သေသေသွားပေမယ့် ထရပ်ပြီး လုရန်းရှေ့မှာ သေတ္တာငယ်လေးတစ်လုံး ချပေးလိုက်တယ် ။
လုရန်း သေတ္တာကိုဖွင့်လိုက်တော့ အထဲမှာရှိနေတာက နဂါးသွဲ့ကျောက်လက်ကောက်တစ်ကွင်း ။စားပွဲမှာရှိတဲ့ လူတိုင်းလည်း မြင်လိုက်ကြတယ် ။
( တကယ်တော့ လက်ပတ်ပါ .. ဖတ်ရအဆင်ပြေအောင် လက်ကောက်လို့ပဲ ရေးမယ်နော် )
" ငါရဲ့ မူလအစီအစဉ်က လုရန်းရဲ့ဇနီးဖြစ်လာမယ့်သူကို စေ့စပ်လက်ဆောင်အဖြစ် ပေးမလို့ သိမ်းထားတာ "
အဘိုးလုက ပြုံးလျက် ခေါင်းခါရမ်းတယ် ။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးကတော့ အိုမင်းလာနေပြီ ။
" ငါက အိုနေပါပြီ .. ကမ္ဘာကြီးနဲ့ ဆက်လက်မတည်ရှိနိုင်တော့ပါဘူး .. မေ့လိုက်ပါပြီ .. မေ့လိုက်ပါပြီ .. ငါ့ရဲ့ သားသမီး မြေး မြစ်တွေ ပျော်ရွှင်နေသရွေ့ ........."
လုရန်းက လုရန်ကို ဝေ့ကြည့်ပြီး အဘိုးလုကို မြန်မြန်လေး ကျေးဇူးစကားဆိုရန် အချက်ပြလိုက်တယ် ။
လုရန်က နဂါးသွဲ့ကျောက်လက်ကောက်ကိုကြည့်ပြီး တစ်ချက်ကြည့်ရုံနဲ့ ဒါက အဖိုးတန်တယ်ဆိုတာ သူ နားလည်တယ် ။
ဒါဆို အဘိုးလုက သူ့ကို အသိအမှတ်ပြုလိုက်ပြီလား ?!
စာရေးသူမှာ ပြောစရာရှိပါတယ်
ရန်ရန်လေးက လုမိသားစုမှာ အခိုင်အမာ ရပ်တည်နိုင်သွားပါပြီ .. ရန်စုံတွဲရဲ့ ရှေ့ရေးကလည်း ပိုပိုပြီး ချောမွေ့လာပါပြီနော် hehe .....
***************************************
Chapter 215
လုရန် အံ့ဩဘနန်းနဲ့ လက်ကောက်ကို ကြည့်ပြီး အသာအယာ ထိကြည့်တယ် ။ လက်ကောက်က နွေးပြီး အစိုဓာတ်ကလေးရှိတယ် ။ အလွန်အကျူးလည်း လှရက်လွန်းတယ် ။ သစ်သားသေတ္တာငယ်လေးထဲက မထုတ်ဘဲ ဒီတိုင်းလေးကြည့်ရင်တောင် ကျောက်သွေးထားတဲ့ လက်ရာက အထူးကောင်းမွန်ကြောင်း သိနိုင်တယ် ။ လုရန်းလိုလူတောင်မှ ကျောက်စိမ်းဈေးကွက်ထဲမှာ ဒီလိုကျောက်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး ။ ဒီလက်ကောက်က အလွန်တရာ ဈေးမြင့်မားကြောင်း သူ သိလိုက်တယ် ။
စားပွဲကလူတိုင်း ဒါကိုမြင်လိုက်ရချိန်မှာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်ကုန်ကြတယ် ။
သခင်မကျန်းက ပိုတောင်ဆိုးသေး ။ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ စိုက်ကြည့်နေတာ မျက်လုံးကြီးတောင် အပြင်ထွက်ကျတော့မယ် ။
အဘိုးလုက ဒါကို လုရန်ကိုပေးတယ်ဆိုတော့ လုရန်ကို အသိအမှတ်ပြုလိုက်တဲ့ အဓိပ္ပါယ်ပဲ ။ လုရန်းသာ လုမိသားစုကို ပြန်လာရင် လုရန်းနဲ့ လုရန်ရဲ့ အချစ်ရေးအချစ်ရာ ၊ ကိုယ်ပိုင်ဘဝတွေကို စွက်ဖက်ခြင်း ၊ တားမြစ်ခြင်းတွေ မလုပ်လောက်တော့ဘူး ။
သခင်မကျန်းက မူလတုန်းက အဘိုးလုရဲ့ ကန့်ကွက်မှုကို လိုချင်ခဲ့တာ ။ ဒါပေမဲ့ အဘိုးလုရဲ့ ဩဇာအာဏာကို တွေးမိပြီး တွန့်ဆုတ်သွားတယ် ။ ဒါဆို လုရန်းက လုမိသားစုကို ပြန်ပြီးထိန်းချုပ်တော့မှာပေါ့ ။
"အဘိုး !"
လုယမ် ဒေါသတလူလူထွက်နေပြီ ။ သူက စိတ်ဆိုးမာန်ဆိုး ထရပ်ကာ ;
" အဘိုး , စိတ်ထွေပြားနေတာလား .. သူက ယောက်ျားတစ်ယောက်လေ .. ကလေးလည်း မမွေးနိုင်ဘူး .. မျိုးဆက်လည်း မချန်ပေးနိုင်ဘူး .. သူက လုမိသားစုထဲမှာ ဘယ်လိုများ အံဝင်ခွင်ကျဖြစ်နိုင်မှာလဲ ..အဘိုး !"
" ဆူညံလိုက်တာ "
အဘိုးလုက လုရန်ကို စိန်းစိန်းကြည့်တယ် ။
" မင်းထိုးတဲ့လက်ညှိုးက မင်းဘက်ပြန်လှည့်လာရင် ငါ ဘယ်လိုဆုံးဖြတ်ပေးရမလဲ "
" ဒါပေမဲ့ သူက သိသိသာသာ........"
အဘိုးလုက မျက်လုံးထဲက ဓားတွေကို လုယမ်ထံ ပစ်လွှတ်ပြီး ဟန့်တားလိုက်တယ် ။(ဓားသွားလို ထက်မြတဲ့အကြည့်လို့ ဆိုလိုတာပါ) ။
" လုမိသားစုကို မင်းလက်ထဲ ငါထည့်ပေးခဲ့တယ် .. အချိန်တိုလေးအတွင်းမှာ မင်းဘယ်လိုတောင် လက်စွမ်းပြလိုက်လဲ..ဘယ်မှာလဲ မင်းရဲ့လုပ်ဆောင်ချက် .. ဘယ်မှာလဲ မင်းရဲ့အစွမ်းအစ ?!"
လုယမ် သေလို့ရပြီ ။ သူက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး မျက်လုံးထဲက သွေးကြောတွေ နီရဲဖောင်းကြွကာ ပေါက်ထွက်လာလုနီးပါး ။ တစ်စုံတစ်ရာကို အတတ်နိုင်ဆုံးကြိုးစားသည်းခံနေရပုံမျိုး ။ သူ့ပုံစံကြီးက ကြောက်စရာကောင်းလိုက်တာ အရမ်းပဲ ။
" ငါ လိင်တူချစ်သူတွေအကြောင်းကို ကျွမ်းကျင်သူအနည်းငယ်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပြီးပြီ .. သူတို့က ပြောတယ် .. ဒါက လွဲမှားနေတာမျိုးလည်းမဟုတ်သလို ရောဂါလည်း မဟုတ်ပါဘူးတဲ့ .. ဒီအတိုင်း ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုပါပဲတဲ့ .. အဲ့တော့ မင်းရဲ့ရွေးချယ်မှုကို ငါလေးစားပေးနိုင်ဖို့ပဲ ရှိတော့တာပေါ့ "
ထို့နောက် အဘိုးလုက သူ့ရဲ့ကိုယ်ရေးလက်ထောက်အကူအညီနဲ့ ထရပ်ပြီး လုရန်းကိုကြည့်ကာ အလေးအနက် ဆိုလေတယ် ။
" ငါကအိုပြီ .. မင်းရဲ့ မိသားစုနဲ့ နောက်မျိုးဆက်သစ်တွေရဲ့ အရေးကိစ္စကို မင်းကိုယ်တိုင် ကိုင်တွယ်နိုင်ရမယ် .. ရန်လေး လုမိသားစုကြီးရဲ့ အကောင်းဆုံးဆက်ခံသူဖြစ်ပေးပါ .. ငါ့အတွက် လုမိသားစုကြီးရဲ့ အနာဂတ်အတွက် .. မဟုတ်ရင်တော့ ဒီအဘိုးကြီးက မင်းကိုလုံးဝ အလွတ်မပေးဘူးနော် "
အဘိုးလု ဒီစကားတွေပြောလာတဲ့အခါ အဘိုးလုအနေနဲ့ နောက်ဆုံး,ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီဆိုတာ လုရန် သိလိုက်တယ် ။
ပွဲပြီးပြီ !
"ကျေးဇူးတင်ပါတယ် အဘိုး "
လုရန်းက သူနံဘေးမှာထိုင်နေတဲ့ လုရန်ကို ဝေ့ကြည့်လိုက်တယ် ။
လုရန်အမူအရာကြည့်ရတာ အိပ်မက်ထဲ နစ်မြုပ်နေပုံမျိုး ။ လုရန်းလက်မနဲ့ လာမတို့ခင်အထိ တွေဝေငေးမောပြီး ထိုင်နေမိတုန်း ။ ထို့နောက်မှသာ ကမန်းကတန်းထရပ်ပြီး အဘိုးလုရဲ့ အကြည့်အောက်မှာ ဦးညွတ်ကာ ကျေးဇူးတင်စကားဆိုလိုက်ရလေတယ် ။
အဘိုးလု လက်ဝှေ့ယမ်းကာ တံခါးဝထံ လျှောက်သွားတယ် ။
ထိုအခိုက်အတန့်မှာ လုယမ်က သုန်မှုန်စူပုပ်ကာ ပြောလိုက်တယ် ။
" အဘိုးက အရမ်းဘက်လိုက်တာပဲ !"
အဘိုးလု မျက်မှောင်ကြုပ်လျက် လှည့်ကြည့်တယ် ။
" ကျွန်တော်လည်း အဘိုးမြေးပါပဲ "
လုယမ်အပြုံးက အလွန်မှုန်မှိုင်းနေတယ် ။
" လုရန်းကို ဘာလို့ အရမ်းချစ်ရတာလဲ .. ချွေးမက ယောက်ျားမဟုတ် မိန်းမမဟုတ်ဖြစ်နေလည်း ရတာပဲလား .. ကုမ္ပဏီကိုလည်း သူ့ကိုပဲ ပေးရလောက်အောင် အားကိုးတယ်ပေါ့..ဟား ဒါနဲ့များ ကိုယ့်ကိုယ်ကိုယ် ဘိုးအေကောင်းလို့ ပြောဦးမှာလား .. "
အဘိုးလု မျက်လုံးအစုံ ကျဉ်းမြောင်းသွားတယ် ။
" လုယမ် , အဘိုး မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ် ..ဒါပေမယ့် မင်းမှာ လုံလောက်တဲ့ အစွမ်းအစမရှိတာကတော့ မင်းသမိုင်းပဲလေ .. ဒါက အံ့ဩစရာမရှိ ............."
( ကုပေါက်ကြီးတို့ကို ဒီတစ်ပတ်ကစပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တိုင်း မပျက်မကွက် မှန်မှန်လေး တင်ပေးသွားတော့မှာပါ .. တစ်ပတ်သုံးပိုင်းပေါ့ .. အခု တစ်ပတ်စာ သုံးပိုင်း တင်ပေးလိုက်ပြီနော် .. see u next week ❤️❤️❤️ )