ယုပေါ်ယွင်ရဲ့ တောင်းဆိုမှုကို ကုဖုန်း ငြင်းပယ်ရန် ဆန္ဒမရှိပါဘူး ။ တိတ်တိတ်လေးတောင် ကြိတ်ပျော်သွားသေးတယ် ။
ကုဖုန်းက ယုပေါ်ယွင်နဲ့ မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်တယ် ။
ယုပေါ်ယွင် မျက်မှောင်ကြုပ်သွားတယ်။
" အဝေးမှာထိုင်ပြီး ဘာလုပ်မလို့လဲ "
" ကိုယ် အနားကပ်ထိုင်လိုက်ရင် မင်း နဲ့ မင်းအမေ စကားပြောတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ "
ကုဖုန်း ဖြေရှင်းချက်ပေးတယ် ။
" ဒီလာထိုင် "
ယုပေါ်ယွင်က သူ့ဘေးကနေရာလွတ်ကို ညွှန်ပြကာ ဆိုလေတယ် ။
ကုဖုန်းက ခပ်သွက်သွက်နေရာရွေ့ကာ ချစ်ရသူ လက်ညှိုးညွှန်ရာနေရာမှာ ထိုင်လိုက်တယ် ။
ယုပေါ်ယွင် နဲ့ ကုဖုန်းက နေရာတကျဖြစ်ကာ ထိုင်နေကြရင်း ခဏအကြာမှာ ယုပေါ်ယွင်က ကုဖုန်းထံ အနည်းငယ်တိုးကပ်လာတယ် ။
" ခင်ဗျားလက် ဆန့်လိုက် "
ကုဖုန်းဟာ အနည်းငယ် နားမလည်နိုင်ဖြစ်နေပေမယ့် ချစ်ရသူအလိုကျ လက်မောင်းနှစ်ဖက်ကိုဖွင့်ကာ ဆန့်တန်းလိုက်တယ် ။
ယုပေါ်ယွင် နှုတ်ခမ်းတင်းတင်းစေ့ပြီး ကလေးချီထားလျက်နဲ့ ကုဖုန်းရင်ခွင်ထဲ တိုးဝင်လိုက်လေတယ် ။
" ကျွန်တော် ပင်ပန်းနေလို့ .. ခင်ဗျားကို ခဏလောက် မှီထားပါရစေ "
ကုဖုန်း တစ်ကိုယ်လုံး တုန်ခါသွားပြီး နှလုံးသားထဲက ပီတိတွေက ပေါက်ထွက်လာလုမတတ်ကို တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ ဘဝင်အခိုက်ကြီး ခိုက်သွားတော့တယ် ။
ယုပေါ်ယွင်က ဘေးပရောဂတွေမပါဘဲ ကိုယ့်စိတ်နဲ့ကိုယ် သူ့ရင်ခွင်ထဲ ဝင်လာခဲ့တာ ဒါနဲ့ဆို နှစ်ကြိမ်မြောက် ။
ဟုတ်တယ် ! နှစ်ကြိမ်မြောက် !
ကုဖုန်းဟာ မျက်လုံးအစုံမှေးမှိတ်ပြီး စိတ်အေးလက်အေးနဲ့ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သိမ်မွေ့နူးညံ့သူလေးကို ငုံ့ကြည့်လိုက်တယ်။ ဒီလူသားလေးလက်ထဲမှာက သူ့သားပေါက်စန ။ ဒီကြည်နူးစရာမြင်ကွင်းလေးကြောင့် သူ့နှလုံးသားက တစ်စုံတစ်ရာ ပြီးပြည့်စုံသွားသလို တဖြည်းဖြည်း ညံ့သက်ပျော်ဝင်လို့လာတယ် ။
" ကောင်းပါပြီ "
ကုဖုန်းက ယုပေါ်ယွင် ခေါင်းလေးကို ညင်သာဖွဖွပွတ်ရင်း ဆိုတယ် ။
" မင်း ဆန္ဒရှိသလောက် ကိုယ့်ကို အားကိုးမှီတွယ်လို့ရပါတယ် "
ယုပေါ်ယွင် နှာခေါင်းရှုံ့လိုက်တယ် ။
" အပြောလေးကတော့ ချိုနေတာပဲ ..လူနဲ့တောင် မလိုက်ဘူး "
ကုဖုန်းကတော့ ပြုံးပြုံးကြီးနဲ့ပဲ ပြန်ကြည့်နေခဲ့တယ် ။ အနက်ရောင်အုတ်ဂူက သူ့နံဘေးမှာ ။ သူ့မျက်လုံးတွေထဲ ခံစားချက်ပေါင်းများစွာ ရိုးတိုးရိပ်တိတ် ယှက်သန်းသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်တယ် ။
" ကိုယ်တောင်းပန်ပါတယ် "
" ဘာလဲ "
" ကိုယ်ပြောတာ ..........ကိုယ် တောင်းပန်ပါတယ်လို့ "
ကုဖုန်းအသံက တည်ကြည်လေးနက်တယ် ။
" အတိတ်မှာ ကိုယ် အမှားတွေအများကြီးလုပ်ခဲ့ပြီး မင်းကို စိတ်ဒဏ်ရာနက်နက်တွေ ပေးခဲ့မိတယ် .. ကိုယ် တောင်းပန်ပါတယ်နော် "
ယုပေါ်ယွင် စကားဆိုချင်ပေမယ့် စကားလုံးတွေက သူ့နှုတ်ဖျားမှာတင် ကွယ်ပျောက်သွားတယ် ။ ဒါကြောင့် ဘာမှမပြောဘဲ ဆိတ်ဆိတ်သာနေလိုက်တယ် ။
ကုဖုန်းက သစ်ရွက်လေတိုးသံတွေကို နားထောင်ပြီး ဆက်ပြောတယ် ။
" ကိုယ် အမြဲလိုလို ထင်ထားမိတာက မင်းက ကိုယ့်အနားကနေ ဘယ်တော့မှထွက်မသွားဘဲ ကိုယ်နဲ့အတူ ထာဝရရှိနေလိမ့်မယ်လို့လေ .. မင်းအလိုလိုက်လွန်းလို့ ကိုယ် ဆိုးမိခဲ့ပြီး မင်းရဲ့စိတ်ရင်းကိုမမြင်ခဲ့ဘဲ မင်းအသည်းကိုခွဲခဲ့မိတယ် .. အကြိမ်ပေါင်းများစွာ ရက်စက်မိပြီး ဒဏ်ရာတွေ အထပ်ထပ်ပေးခဲ့မိတယ် .. မင်းကိုဆုံးရှုံးသွားတဲ့အချိန်ထိ ကိုယ့်အနားမှာ မင်း တစ်ရက်လေးမရှိရင်တောင် နေမထိထိုင်မသာဖြစ်နေတတ်တယ်ဆိုတာ ကိုယ် လက်မခံနိုင်ခဲ့သေးဘူး .. ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်နေမှန်းတောင် မသိခဲ့ဘူး "
ကုဖုန်း ခေါင်းငုံ့ပြီး ယုပေါ်ယွင်မျက်နှာကို ဖွဖွလေး နမ်းလိုက်တယ် ။
" မင်းကို တခြားယောက်ျားတွေနဲ့ အတူတူတွဲတွေ့လိုက်တိုင်း ကိုယ့်မှာ နာကျင်သွားရတာ .. ချက်ချင်းပဲ မင်းကို ဘယ်သူမှမရှိတဲ့တစ်နေရာကို ဆွဲခေါ်သွားပြီး ကိုယ့်အနားကနေ ဘယ်မှသွားမရအောင် တစ်ကိုယ်လုံးကြိုးတွေနဲ့ တင်းနေအောင်တုပ်နှောင်ထားချင်မိတယ် .. မင်းကြည့်ခွင့်ရှိတာ ကိုယ့်ကိုပဲ .. မင်းတွေးခွင့်ရှိတာ ကိုယ်တစ်ယောက်တည်းကိုပဲ .. မင်းအပြုံးတွေက ကိုယ့်အတွက် ..သူများတွေအတွက် ချက်ပြုတ်ပေးမှာမျိုးလည်း မလိုလားခဲ့ဘူး .. မင်းလက်နဲ့ထိတွေ့ပြီး မင်းကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအသောက်ကို တစ်ကိုက်လေးပဲဖြစ်ဖြစ် တစ်ဖဲ့လေးပဲဖြစ်ဖြစ် စားလိုက်ရရင်ကို ကုဋေကုဋာမကတဲ့ ပျော်ရွှင်ခြင်းမျိုးနဲ့ ပျော်ရွှင်ခဲ့ရသူက ကိုယ်ပါကွာ .. မင်းသိရဲ့လား ဟင် ??"
ကုဖုန်းရဲ့ ရင်ခွင်နွေးနွေးထဲမှာ ယုပေါ်ယွင်ကိုယ်လေး မြုပ်ဝင်နေတယ် ။
" မင်း ကိုယ့်ကိုပေးခဲ့တဲ့လက်ဆောင်တွေအားလုံး အန်နာ့ဆီကနေ ကိုယ် ပြန်ဝယ်ထားတယ် .. အဲ့ဒီအမျိုးသမီးက တကယ်ပဲ လိမ္မာပါးနပ်တယ် .. ကိုယ့်ဆီက တစ် မီလီယံနီးပါး သဲ့ယူသွားတာ .. ဒါပေမယ့် ကိုယ် နှမျောစိတ်လေး နည်းနည်းတောင် မရှိခဲ့ဘူး .. ဈေးနည်းနေသေးတယ်လို့တောင် ခံစားရတယ် .. ငွေဆိုတာ အချိန်မရွေး ကိုယ် ပြန်ရှာလို့ရတယ် .. မင်းပေးခဲ့တဲ့လက်ဆောင်လေးတွေက ဘယ်လိုနည်းနဲ့မှ ထပ်မရနိုင်တော့ဘူး .. ဒါကြောင့် ကိုယ့်နှလုံးသည်းပွတ်လေးတွေလို ကိုယ် တန်ဖိုးထားတယ် ..တစ်ခုလောက်လေး ဆုံးရှုံးသွားမယ်ဆိုရင်တောင် ကိုယ် သေမတတ် စိတ်ဆင်းရဲမိမှာ "
ကုဖုန်းရင်ခွင်ထဲက ယုပေါ်ယွင်က ခေါင်းမော့ကာ ထရယ်လေတော့တယ် ။
" အန်နာက အဲ့ဒါတွေကို တစ်မီလီယံနဲ့ ရောင်းလိုက်တယ်ပေါ့ .. ဒါပေမယ့် အဲ့ဒီတစ်မီလီယံကို သူက ကျွန်တော့်ကဒ်ထဲ လွှဲပေးခဲ့တာ .. သူက ယွဲ့ယွဲ့လေးရဲ့ ခေါင်းကိုင်မိခင်လေ .. အဲ့ဒီပိုက်ဆံတွေကလည်း ယွဲ့ယွဲ့လေးအတွက် မုန့်ဖိုးတဲ့ .. ကျွန်တော့ကဒ်ထဲက တစ်မီလီယံကို ဘယ်လိုလုပ်ရမလဲ မသိသေးဘူး "
ကုဖုန်း မျက်ခုံးအသာပင့်ကာ ပြုံးတယ် ။
" သူမကိုတော့ ကျေးဇူးတင်သင့်ပြီ "
" တကယ်တော့ ကျွန်တော်က အမြဲတမ်း ကံကောင်းခဲ့ပါတယ်လေ "
ယုပေါ်ယွင်က ကုဖုန်းရင်ခွင်ထဲမှာ သက်သောင့်သက်သာ စိတ်အေးလက်အေး မှီတွယ်ထားရင်း ထိုလူရဲ့ရင်ဘတ်က အပူချိန်ကို ခံစားမိတဲ့အခိုက်အတန့်မှာ သူ့နှလုံးသားလေး တောင့်တင်းလို့သွားတယ် ။
" အထီးကျန်စွာလျှောက်လမ်းခဲ့တဲ့ လမ်းတလျှောက်မှာ ကောင်းတာတွေလည်း အများကြီး ရှိခဲ့ပါတယ် .. ကျွန်တော်နဲ့အတူ လျှောက်ခဲ့တဲ့လူတွေလည်းရှိတယ် .. အရင်တုန်းက ခင်ဗျား အရမ်းမိုက်မဲပြီးတုံးအလွန်းလို့ ခင်ဗျားခေါင်းကို တစ်ချက်တည်းပစ်သတ်လိုက်ချင်ပေမယ့် အခုကျတော့ ခင်ဗျားက ..........ဟို !"
ယုပေါ်ယွင် စကားဆက်မဆိုနိုင်ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြစ်သွားတာကြောင့် ကုဖုန်း ငုံ့ကြည့်လိုက်တယ် ။ သူ့ရင်ခွင်ထဲက လူသားလေးက နားရွက်ဖျားလေးနီတွေရဲတွတ်လို့ ။
ကုဖုန်း သဘောတကျနဲ့ ယုပေါ်ယွင်နားရွက်ထိပ်လေးကို ဖျစ်ညှစ်လိုက်တယ် ။
" အခု ကိုယ်က ဘယ်လိုလဲ..ပြောပါဦး "
" အရမ်းကောင်းတယ် "
ယုပေါ်ယွင် ခေါင်းညိတ်လျက်
" အရင်ထက် အများကြီး ပိုကောင်းလာတယ်..အနည်းဆုံးတော့ ခေါင်းကြောမမာတော့ဘူး .. တကိုယ်ကောင်းမဆန်တော့ဘူး .. မအေးစက်တော့ဘူး ..ကျွန်တော် အဲ့ဒါကို ခံစားလို့ရတယ် "
" မလုံလောက်သေးဘူး "
ကုဖုန်းက ယုပေါ်ယွင်နားရွက်လေးတစ်ခုလုံးကို ပါးစပ်နဲ့အပြည့်ငုံခဲနမ်းရှိုက်လိုက်တယ် ။
" ကိုယ် မင်းအပေါ် အများကြီး ကြင်နာယုယပေးချင်တယ် .. မင်းနဲ့ ယွဲ့ယွဲ့လေးကို အလိုလိုက်အကြိုက်ဆောင်ပြီး အရာရာအားလုံး မင်းတို့အလိုကျဖြစ်ပေးချင်တယ် . ချိုမြိန်တဲ့ပျားရည်အိုးကို နေ့တိုင်းစုပ်ယူနိုင်တဲ့ ဘဝမျိုး ပေးချင်တယ် .. ကိုယ် မင်းကို အကောင်းဆုံးတွေပဲ ပေးချင်တယ် ဘေဘီ .. ကိုယ်က မင်းအတွက် အနွေးထွေးဆုံး , လုံခြုံမှုအရှိဆုံး အိမ်ကလေး ဖြစ်ပေးချင်တယ် .. "
ယုပေါ်ယွင် ခေါင်းမော့ပြီး အရည်လဲ့ကာတောက်ပတဲ့မျက်လုံးတွေနဲ့ ကုဖုန်းကို ကြည့်လာတယ် ။
ကုဖုန်းက သူ့ကို ငုံ့ကြည့်ပြီး ပြုံးလိုက်တယ် ။
" ရာသီဥတုကလည်း ကိုယ့်ဘက်မှာ .. ဆိုတော့ကာ ကိုယ်တို့ ........နမ်းကြမလား "
ယုပေါ်ယွင် စကားမဆိုဘူး ။ သို့သော်ငြားလည်း သူ့ကိုယ်က အပေါ်ဘက်ကို ဖြည်းညှင်းစွာ တိုးကပ်သွားတယ် ။
ကုဖုန်း ခေါင်းလေးအနည်းငယ်ငုံ့လိုက်ရုံနဲ့ ယုပေါ်ယွင်နှုတ်ခမ်းလေးနှင့် တန်းပြီးဂဟေဆက်သွားလေတယ် ။
အေးမြမြ ညလေညင်းလေးတွေ တသုန်သုန် တိုက်ခတ်နေတယ် ။ သို့ပေမယ့် သူတို့ကတော့ ချိုမြိန်စွာ နမ်းရှိုက်နေကြဆဲ ။
ကုဖုန်းနှုတ်ခမ်းနဲ့လျှာက ကမူးရှူးတိုးဆန်စွာ ယုပေါ်ယွင်ရဲ့ အာခံတွင်းထဲထိ ကျူးကျော်သိမ်းပိုက်လာတယ် ။ သူ့လက်တစ်ဖက်ကို ယုပေါ်ယွင်ခေါင်းနောက်မှာထားပြီး လှုပ်မရအောင် ခပ်တင်းတင်း ချုပ်ထားတယ် ။ အချိန်အတန်ကြာမှ နှုတ်ခမ်းနှစ်စုံဟာ ဖြည်းညှင်းစွာ ခွာလိုက်ကြပေမယ့် နဖူးချင်းတော့ ထိစပ်ထားကြတုန်းပဲ ။
" ပေါ်ယွင် , မင်း နဲ့ ကိုယ့်သားလေးကို ကိုယ်သေဆုံးသွားချိန်အထိ ကာကွယ်စောင့်ရှောက်ပေးသွားမယ် .. ဘယ်နေရာမဆို ဘယ်အချိန်မဆိုပေါ့ .. အဲ့ဒါက ကိုယ့်တစ်သက်တာအတွက် ကျိန်ဆိုတဲ့ ကတိစကားတစ်ခွန်းပဲ..တကယ်ပါကွာ "
" အင်း "
" ဆိုတော့ ........ကိုယ့်ကို "
ကုဖုန်း ပြုံးနေပေမယ့် အပြုံးထဲမှာ အင်မတန် လေးနက်တဲ့ မျှော်လင့်ချက်အပြည့် ပါဝင်တယ် ။
" ကိုယ့်ကို အခွင့်အရေးပေးတာလား .. ဒါမှမဟုတ် မျှော်လင့်ချက်တွေပေးနေတာလား ..ဟမ် ???"
ယုပေါ်ယွင် သက်မချလိုက်တယ် ။တစ်ချိန်တည်းမှာပဲ သူ့အတွင်းစိတ်ထဲမှာ ပုံရိပ်အများအပြားက တဖျတ်ဖျတ်ပေါ်လာလေတော့တယ် ။
အဆုံးသတ်ပုံရိပ်တစ်ခုက , သူ့ကိုနောက်ဆုံးအပြုံးလေးပြုံးပြပြီး စကားဆိုနေတဲ့ သူ့အမေရဲ့ပုံရိပ် ။
" ပေါ်ယွင် , သား တကယ်နှစ်သက်သဘောကျတဲ့လူကိုတွေ့ရင် သူ့လက်ကို အသေအချာ မလွတ်တမ်း ဖမ်းဆုပ်ထားရမယ်နော် .. မားကတော့ အရင်သွားနှင့်ရတော့မယ် .. သားရဲ့ကျန်ရှိနေတဲ့ ဘဝတစ်သက်တာမှာ သားနဲ့အတူ လျှောက်လှမ်းပေးမယ့် တစ်စုံတစ်ယောက်ရှိလာမယ်ဆိုတာ မားယုံကြည်တယ် သား "
အဲ့ဒီလူက .........ကုဖုန်းများ ဖြစ်လေမလား ?!
ယုပေါ်က အကြာကြီး တိတ်ဆိတ်နေတယ် ။ ဘယ်လောက်ကြာလဲဆို ကုဖုန်းတောင် ငုတ်တုတ်ကြီး အိပ်ပျော်တော့မယ်လို့ တွေးလာမိတဲ့အထိ ။
ထိုအချိန်မှာ ယုပေါ်ယွင်က ခပ်ပေါ့ပေါ့ ဆိုလိုက်တယ် ။
" ဒါဆို ချစ်သူတွေဖြစ်ကြရအောင်လေ..ကြိုးစားကြည့်ကြမလား "
ကုဖုန်းဟာ တစ်စုံတစ်ရာနဲ့ ပြင်းပြင်းထန်ထန်အရိုက်ခံလိုက်ရသလို ခံစားရပြီး သူ့တစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ဘူး ။ အချိန်အတော်လေးကြာမှ ပုံမှန်အတိုင်းဖြစ်ကာ တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်တယ် ။ သူ့လက်တွေလည်း အသံနဲ့ထပ်တူ တုန်ရီစပြုလာတယ် ။
" ကောင်း , ကောင်းပါပြီ ! ကောင်းပါပြီ ! ပေါ်ယွင် , ကိုယ် ............ကျေးဇူးပါ ..ကျေးဇူးတင်ပါတယ်ကွာ "
အစစ်အမှန် စုံတွဲတွေမဟုတ်သေးဘူးလို့ ယုပေါ်ယွင် ဝန်ခံချင်စိတ်ပေါက်မိသွားတယ် ။
အချိန်ယူပြီး စမ်းသပ်ဖို့လိုနေသေးတာကို !
ကြိုးစားကြည့်မယ်ဆိုတာနဲ့တင် အဲ့ဒီလူက အရမ်းတွေပျော်နေတယ် !
သူက နှစ်ပေါင်းများစွာ ဝမ်းနည်းနာကျင်ခဲ့ရတယ် ။ အချိန်တွေအကြာကြီး စောင့်စားခဲ့ရပြီး အချိန်တွေအများကြီး မေ့လျော့ခံခဲ့ရတယ် ။ နောက်ဆုံးတော့ သူ့ရှေ့မှာ အောင်ပွဲတစ်ခုရဲ့ အရုဏ်ဦးလေးကို မြင်ခွင့်ရခဲ့ပြီ ။
ကုဖုန်းဟာ ရင်တဖိုဖိုနဲ့ စိတ်တွေလှုပ်ရှားကာ သူ့မျက်လုံးတွေကလည်း ဘလင်းဘလင်းတောက်နေပြီ ။
" ပေါ်ယွင် , ဒါက စမ်းသပ်ကာလဖြစ်ပြီး မင်း ကိုယ့်ကို စမ်းသပ်နေရင်တောင် ကိုယ် လုံးဝမကြောက်ဘူး .. ဒီအနေအထားနဲ့လည်း ကိုယ် ကျေနပ်တယ် .. ကိုယ် မင်းကို ချစ်တယ် .. ပြောမပြတတ်အောင်ချစ်တယ် .. ရှေ့လျှောက် အချစ်တွေနဲ့ သက်သေပြသွားမှာ..အနာဂတ်မှာ မင်းရဲ့ အစစ်အမှန် တရားဝင်ချစ်သူအဖြစ် ရာထူးတိုးစေဖို့ ရသမျှ အခွင့်အလမ်း အကုန်ရှာဖွေပြီး ကိုယ် အစွမ်းကုန် ကြိုးစားမှာ .. အိုခေလား "
ယုပေါ်ယွင်က မျက်လုံးလေး မှေးစင်းပြီး မော့လာတယ် ။ အဲ့ဒီမျက်လုံးလေးတွေထဲမှာ ရင်ခုန်မှုတွေအပြည့်နဲ့ ။
" ဒါဆို .......အနမ်းလေး ????"
ထိုစကားလေး ကြားကြားချင်း သည်းမခံနိုင်တော့စွာ ကုဖုန်းရဲ့ ချစ်စိတ်ပြင်းပျတဲ့ မွတ်မွတ်သိပ်သိပ်အနမ်းတွေက ယုပေါ်ယွင်နှုတ်ခမ်းတွေထက် တောင်ကျရေပမာ ဝေါခနဲ ပြိုဆင်းလာခဲ့တယ် ။
အုတ်ဂူရှေ့မှ နှစ်ယောက်သားဟာ အနမ်းရေယာဉ်ကြောမှာ ပူစီဖောင်းလေးတွေလို မျောလွင့်ပါသွားကြတယ် ။ အိမ်ပြန်ချိန်ကို သတိရပြီး ယုပေါ်ယွင် မရပ်တန့်ခင်အချိန်ထိပဲ ။
တရားဝင်ချစ်သူမဟုတ်သေးတဲ့ အစမ်းသပ်ခံချစ်သူကြီး ကုဖုန်းကတော့ တယူသန်သန်နဲ့ သာမန်ထက် ဝီရိယတွေ လွန်ကဲနေတော့တယ် ။ ချစ်ရတဲ့ ချစ်သူနဲ့ သူ့ သားပေါက်စနကို အရင်ကထက်ပိုစွာ ကာကွယ်စောင့်ရှောက်ရင်း သင်္ချိုင်းမြေမှ ထွက်ခွာလာလေတယ် ။
ယုပေါ်ယွင်အမေရဲ့ အုတ်ဂူရှေ့မှာချထားတဲ့ အဖြူရောင်ဂန္ဓမာပန်းလေးဟာ ရောင်ခြည်တစ်ချက်အလက်မှာ လေတစ်ချက်ဝေ့လိုက်တဲ့အလား ပွင့်ဖတ်လေးတွေ ကြွေလွင့်ပြီး မြေပြင်ပေါ် သက်ဆင်းလို့သွားတယ် ။
ထိုအချင်းအရာဟာ ယုပေါ်ယွင်က သူ့နှလုံးသားကို နည်းနည်းလောက်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာအတွက် တစ်စုံတစ်ဦး ရောက်လာခဲ့ရုံပဲလား ။ ဒါမှမဟုတ် တစ်စုံတစ်ဦးရဲ့ ပီတိဇောအဟုန်နဲ့ လှုပ်ခတ်တုန်ရီသွားလေသလား သူ မသိခဲ့ဘူး ။ ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး ။
( ပေါ်ယွင်က သူ့စိတ်သူ တင်းကျပ်ထားတာ .. ကုဖုန်းကို မယုံရဲလို့ .. သူ ထပ်ပြီးနာကျင်ရမှာကြောက်လို့ .. ဒါပေမယ့် အခု သူ့နှလုံးသားအလိုကို နည်းနည်းလောက်လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ..)
သင်္ချိုင်းမြေတစ်ခုလုံး သစ်ရွက်လေတိုးသံမှအပ တိတ်ဆိတ်ငြိမ်သက်ကာ အရာရာ ဗလာနတ္ထိ ။