Chapter 330: မိစ္ဆာတိမ်ထုများ ရောက်ရှိလာခြင်း
အဆင့်ခုနှစ် သားရဲကြီးဖြစ်သော ကြေးခွံစိမ်းနဂါးသည် ကျွန်းအပြင်ဘက်ပတ်ဝန်းကျင်တွင် အသည်းအသန် ကွေ့ပတ်ပျံသန်းနေရင်း အဆက်ပြတ် မြည်တွန်နေသည်။
နေ၀န်းကျွန်းအတွင်းသို့ အလောတကြီး ၀င်ရောက်လိုဟန်တူသည်။
ကြေးခွံစိမ်းနဂါးကြီးပေါ်တွင် ထိုင်နေသော ပုံရိပ်သည်လည်း ကျယ်လောင်စူးရှစွာအော်ဟစ်လျှက်ရှိသည်။
နေ၀န်းကျွန်းပေါ်ရှိ လူများကို ၀င်္ကဘာ အကာအကွယ်အား ဖယ်ရှားပေးရန် ပြောနေခြင်းဖြစ်သည်။
နေ၀န်းကျွန်းကို ဖုံးအုပ်ထားသော အကာအကွယ် ၀င်္ကဘာက အလွန်အားကောင်းသည်။
နတ်မင်းသုံးပါးဂိုဏ်း၏ ခွင့်ပြုချက်မရှိလျှင် အပြင်လူများ ၀င်ခွင့်ရလိမ့်မည်မဟုတ်ချေ။
သူသည် သိုင်းဝိညာဉ်နန်းတော်မှ ကျောင်းလီတန်ပင်ဖြစ်နေပါစေ ခြွင်းချက်မဟုတ်ချေ။
သူက ထို စည်းကမ်းကို ဖောက်ဖျက်နိုင်စွမ်းရှိမည်မဟုတ်ပါ။
ထိုလူက အပြင်ဘက်တွင်သာ ပျံသန်းနေရလေသည်။
ကျောင်းလီတန်နှင့် ကြေးခွံစိမ်းနဂါးကြီး၏ ဖြစ်ပျက်နေသော အခြေအနေကို မြင်တွေ့ရသောအခါ လူအုပ်ကြီးသည် အလွန် ကြောက်လန့်ကုန်ကြသည်။
ထွတ်မြတ်ရောင်စဉ်တောင်ပေါ်ရှိ ချောင်ကျီလန်းတို့ ချင်မင်တို့ အုပ်စုမှာလည်း တုန်လှုပ်အံ့သြသွားကြသည်။
သူတို့က ကောင်းကင်သို့ မော့ကြည့်ကာ ကြေးခွံစိမ်းနဂါးကြီး မည်သည့်အရာထံမှ ထွက်ပြေးလာသလဲ စဉ်းစားနေကြသည်။
နားကွဲလုမတတ် စူးရှသော အော်သံများက ကြောက်မက်ဖွယ်ရာ အရှိန်အ၀ါများနှင့်အတူ အဝေးဆီမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ရေမျက်နှာပြင်သည်ပင် မတည်မငြိမ်ဖြစ်လာပြီး လှိုင်းလုံးကြီးများ ရုန်းကြွလာသည်။
ထိုအသံများက နားစည်ကွဲလုမမတ် စူးရှလှပြီး လူအများ၏ ၀ိညာဉ်ကို ကျိုးပဲ့သွားစေသည့်နှယ်ပင်ဖြစ်သည်။