Chapter 308: ချစ်မျက်ဝန်းများ
"နင် ဆင်းလာဝံ့သလား..."
ကျယ်ဝန်းသော ရေပူစမ်း ဧရိယာတစ်ခုလုံး လင်းထိန်သွားသလို ခံစားလိုက်ကြရသည်။
ချောင်ကျီလန်း၏ ညှို့အားပြင်းထန်လှသော ပုံရိပ်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ရေခိုးရေငွေ့များက သူမ၏ သိမ်မွေ့သော လှုပ်ရှားမှုများနှင့်အတူ ဝေ့၀ဲကာ လိုက်ပါကခုန်နေကြသည်နှင့်တူသည်။
ထိုမြင်ကွင်းက လူအများ၏ ရင်ထဲတွင် ကာရံညီသော ကဗျာတစ်ပုဒ်နှယ် စွဲထင်သွားစေသည်။
ရေကန်ထဲတွင် ရပ်နေရင်း ချောင်ကျီလန်းက လှပစွာ ပြုံးနေသည်။
လူအများကြီး၏ ရှေ့တွင် သူမက ကြောက်ရွံ့ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း လုံးဝမရှိပေ။
သူမ၏ ချောမွတ်သွယ်ပြောင်းသော လက်ချောင်းလေးက ရှီယန့်ကို ညွှန်ပြနေပြီး ရေစိုအ၀တ်နှင့် ကပ်နေပြီး အသက်ရှူလိုက်တိုင်း လှုပ်ရှားနေသော အသားစိုင်များက ရှီယန့်ကို စိန်ခေါ်နေသယောင်။
လူတိုင်းပင် မကျေမနပ်ဖြစ်သွားကြသည်။
သူမကို သိသူများရော အခုမှ မြင်ဖူးသူများရော ရေထဲကရော ကုန်းပေါ်ကရော လူအားလုံးပင် အံ့အားသင့် တုန်လှုပ်သွားကြသည်။
ချောင်ကျီလန်း၏ လက်ချောင်းလေးများ ညွှန်ပြထားရာကို စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါကြည့်ရှုကြသည်။
သူမ၏ ပစ်မှတ်သည် ပြူတင်းပေါက်ဘေးတွင် ထိုင်နေသော ရှီယန်ပင်ဖြစ်ကြောင်း ရှာတွေ့သွားကြလေသည်။
မရေမတွက်နိုင်သည့် စူးစမ်းသည့် အကြည့်များအောက်တွင် ရှီယန့် မျက်နှာက ပုံမှန်အတိုင်းပင် ရှိနေပြီး သူက လူအားလုံး၏ ပစ်မှတ်ဖြစ်လာသည်ကို မသိရှိသည့်အလားပင်ဖြစ်သည်။
သူက မူမမှန်သော ပြောင်းလဲမှုများကိုလဲမပြ တမင်သက်သက်ကြီး လုပ်ယူထားဟန်လဲမရှိသော သူ့ နဂိုပုံစံအတိုင်းပင်ရှိနေသည်။
လင်းယာချီနှင့် ယီကျောင်းဖန်တို့သည်လည်း တအံ့တသြဖြင့် သူ့ကိုကြည့်နေကြသည်။