၂၃၈

1.4K 151 1
                                    

God of Slaughter (chapter – 238)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၈) စုပ်ယူခြင်း

သဲကန္တာရကြီး၏ အလယ်…
ဧရာမ ဓါးနီကြီးထံမှ မကောင်းဆိုးဝါးဆန်သော စိတ်ဝိညာဉ်တုန်ခါလှိုင်းများ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
စွမ်းအားမြင့် သိပ်သည်းလှိုင်းများပမာ ဖန်ကျိတို့နောက်သို့ တစ်လိမ့်လိမ့် လိုက်ပါသွားလေသည်။

ဧရာမ ဓါးနီကြီး ပျံသန်းထွက်ပေါ်လာပြီးနောက် သန့်စင်နေစွမ်းအင်များသည်လည်း ပိုမိုသိပ်သည်းစွာ လောင်ကျွမ်းလာသည်။

မီးတောက်မီးလျှံကြီးများ ကောင်းကင်ထက်သို့တိုင် ထိုးတက်သွားပြီးနောက် ခြောက်သွေ့ပူပြင်းသော သဲကန္တာရထဲမှ သဲများသည်ပင် ပိုမိုပူလောင်လာသည်။

ချောင်ကျီလန်း ဖန်ကျိ ဂူလင်းလောင် ချူးယန်ချင်း တို့သည် အရှေ့ပင်လယ်၏ ထိပ်တန်း ပါရမီရှင် လူငယ်များဖြစ်ကြသည်။
ယခု သူတို့သည် ရုပ်ပျက်ဆင်းပျက်ဖြင့် သန့်စင်နေ၀ိညာဉ်ထံမှ ထွက်ပြေးလာကြရသည်။
သူတို့ ဒီနေရာသို့ ရောက်မလာခဲ့ကြရင် ကောင်းမည်ဟုလည်း နောင်တရနေကြရင်းဖြင့်။

ဟိုး အနောက်ဖက်တွင် ကျန်ရစ်ခဲ့သော သိုင်းသမားများကတော့ ထို ပူလောင်ပြင်းပြသော နေရာသို့ မကပ်နိုင်ကြပါ။
ကောင်းကင်ကြီးတစ်ခုလုံး ပိုမိုနီရဲလာသည်ကိုသာ ငေးကြောင်ကြည့်နေမိကြသည်။
သူတို့က ထိုနေရာတွင် ဘာတွေဖြစ်နေလဲ သိချင်လှသော်လည်း ရှေ့သို့ တိုးမသွားဝံ့ကြပါ။

သို့သော်လည်း အတန်ကြာသည်အထိ လှမ်းမျှော်ကြည့်နေကြပြီးနောက် မနေနိုင်တော့ပဲ သိချင်စိတ်ဖြင့် တဖြည်းဖြည်းချင်း ရှေ့တိုးသွားကြသည်။

ခြေလှမ်းတစ်ရာခန့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာကြပြီးချိန်တွင် အသည်းအသန် ပြေးလာသော ချောင်ကျီလန်းကို တွေ့မြင်လိုက်ကြရသည်။

“ပြေးကြ…ပြေးကြ…”
ချောင်ကျီလန်း၏ မျက်နှာက မည်းမှောင်လျှက်ရှိသည်။
သူမက အော်ပြောသွားကာ ဘာမှ ရှင်းမပြပဲ သူတို့ကို ဖြတ်ကျော်ပြေးလွှားသွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now