Chapter 315: သံလိုက်မြူ အမှောင်ထု
နေ၀န်းကျွန်းပေါ်တွင်...
ရှီယန်နှင့် ရှာစင်းယန်တို့ နှစ်ယောက်သား သုံးထပ်ကျောက်တုံးအိမ်တစ်လုံးဆီသို့ ဦးတည်သွားနေကြသည်။
ကျောက်တုံးအိမ်၏ ရှေ့တွင် လှပသော ပန်းဥယျာဉ်ငယ်တစ်ခုရှိသည်။
သဘာဝစွမ်းအင်များ သိပ်သည်းနေပြီး အချို့ ပန်းပွင့်လေးများက လရောင်အောက်တွင် အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေရာ မျက်စိပဒါသဖြစ်လှသည်။
ပန်းပင်များကြားတွင် ရှာရှမ်းချွမ်တစ်ယောက်တည်း မတ်တပ်ရပ်လျှက်ရှိနေသည်။
လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဖြာကျနေသော လရောင်ကို ငေးကာ တစ်စုံတစ်ရာ အတွေးနက်နေဟန်တူသည်။
ရှာမိသားစု၏ ခေါင်းဆောင်ကြီးအနေဖြင့် ရှာရှမ်းချွမ်သည် အရှေ့ပင်လယ်တွင် လေးစားသမှုပြုခံရသူဖြစ်ခဲ့သည်။
သို့သော်လည်း နေ၀န်းကျွန်းပေါ်ရောက်သောအခါ သူ့ထံ ဘယ်သူမှ လာမနှုတ်ဆက်ကြချေ။
ရှာမိသားစုသည်လည်း နေ၀န်းကျွန်းသို့ ဖိတ်ကြားခြင်းခံရသည်ကို အခြားအင်အားစုများက သိပင် သိကြဟန်မတူပါ။
လူများ၏ စိတ်သည် သိနိုင်ခက်ခဲလှသည်။
ခိုင်ရာပင်လယ်ပြင်က အတိဒုက္ခရောက်ခဲ့ရပြီဖြစ်သည်။
နတ်ဆိုးနယ်မြေထူးက သစ္စာဖောက်သွားပြီးနောက် ယန်မိသားစုက ရှောင်တိမ်းသွားကြသည်။
ရှာမိသားစုအနေဖြင့် တစ်ကိုယ်တည်းရပ်တည်ဖို့ရာ အင်မတန် ခက်ခဲခဲ့ပါသည်။
ယန်မိသားစု၏ အထောက်အကူမရှိတော့သည့်အပြင် သူတို့၏ ခေါင်းဆောင်ကြီး စိတ်မူမမှန်တော့သောအခြေအနေတွင် အခြားသူများ၏ အမြင်တွင် ရှာမိသားစု၏ အဆင့်အတန်းသည် အများကြီးကျဆင်းသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့်လည်း တိမ်တိုက်ကျွန်းသို့ တိတ်တဆိတ် ရွေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ရပြီး နတ်ရေကန်ကျွန်းနှင့် ဂူမိသားစုတို့၏ အထင်အမြင်သေး စော်ကားခြင်းကိုလဲ ခံခဲ့ရပြီဖြစ်သည်။