Chapter 298: အဆင့်မြင့် ကြယ်တာရာသိုင်းဝိညာဉ်
ရှီယန်က ခရမ်းရောင် သလင်းကျောက်သား ဝေါယဉ်တစ်ခုထဲတွင် မတ်တပ်ရပ်နေသည်။
သူ့လက်နှစ်ဖက်ကို နောက်ဖက်သို့ပစ်ထားပြီး ခေါင်းမော့ကာ ခန့်ညားသော အသွင်အပြင်ဖြင့် ရှိနေသည်။
ယီတျန်းမို၊ ခါ့ဘာနှင့် ယာမန်းတို့ကတော့ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်လျှက်ရှိသည်။
သူတို့က မျက်လုံးမှိတ်ထားပြီး တရားထိုင်နေကြဟန်တူသည်။
သလင်းကျောက်များဖြင့် အနားကွတ်ထားသော ခရမ်းရောင် ၀တ်စုံရှည်လေးနှင့် ချောင်ကျီလန်းကတော့ ဝေါယဉ်၏ ရှေ့ဆုံးတွင်ထိုင်လျှက်ရှိသည်။သူမ၏ ၀တ်စုံလေး လေတိုးသောအခါ သလင်းကျောက်လေးများနှင့် ဝေါယဉ် ထိတွေ့သံက သာယာနာပျော်ဖွယ် တိုးတိတ် ကြည်လင်စွာ ထွက်ပေါ်နေသည်။
ဒီ သယ်ယူပို့ဆောင်ရေး မှော်ရတနာကို ခရမ်းစွဲ ဝေါယဉ်ပျံဟု ခေါ်သည်။
ထိုအရာက အမိုးဖွင့် သတ္တာတစ်ခုနှင့်တူသည်။
နေရောင်အောက်တွင် ကြည်လင်သော ခရမ်းရောင် အလင်းများ ဖြာလျှက်ရှိသည်။
ခရမ်းစွဲ ဝေါယဉ်ပျံသည် သန့်စင်ပြီး ခရမ်းစွဲ သလင်းတုံး သုံးရာဖြင့် ပြုလုပ်ထားပြီး ရှားပါး တန်ဖိုးကြီးသော အရှိန်အ၀ါက သိသိသာသာ ထွက်ပေါ်နေသည်။
အမှန်လဲ ဒါက ချောင်မိသားစု၏ ရှားပါး မှော်ရတနာပင်ဖြစ်သည်။
ခရမ်းစွဲဝေါယဉ်ပျံ စုစုပေါင်းမှ သုံးစင်းသာရှိပြီး ချောင်မိသားစု၏ အရေးပါအရာရောက်ဆုံး လူများသာ ပိုင်ဆိုင်သည်။
ချောင်ကျီလန်းသည် ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်လေသည်။
နှင်းနဂါးကျွန်းမှ မထွက်ခွာခင် ရှီယန်က ယီတျန်းမိုကိုခေါ်ကာ သူတို့နှစ်ယောက်ကို သယ်ဆောင်ပျံသန်းသွားစေရန် ပြုသည်။
သို့သော်လည်း ချောင်ကျီလန်းက သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဝေါယဉ်ကို ထုတ်ပြခဲ့ခြင်းဖြစ်သည်။
သူမက စမ်းသပ်ပျံသန်းပြသောအခါ ထိုဝေါယဉ်၏ အမြန်နှုန်းသည် ရှီယန် ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်လျှက်ရှိလေသည်။