Chapter 316: လျှို့ဝှက်ချက်များ
"နတ်ဘုရားအဆင့်တောင် မှ သံလိုက်မြူအမှောင်ထုကို မကျော်ဖြတ်နိုင်ဘူး ဟုတ်လား..."
ရှီယန်က အံ့အားသင့်ထိတ်လန့်စွာမေးသည်။
သူ့ မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်းများ ပါဝင်နေသည်။
တစ်ချက်စဉ်းစားလိုက်ပြီးနောက် ယီကျောင်းဖန်နှင့် လင်းယာချီတို့ကို လှမ်းကြည့်လိုက်သည်။
ရှာရှမ်းချွမ်က သူ့လက်ထဲရှိ ၀ိညာဉ်သွေးကြောဆေးလုံးကို အနုစိတ်ကြည့်ရှုနေပြီးနောက် သူ့ အမူအယာက တည်ကြည်လေးနက်လာသည်။
လင်းယာချီက လုံးဝ ဂရုမစိုက်ပါ။ သူမ ဒီအတိုင်းပင် အေးအေးလူလူရပ်နေရင်း အခြားသူများ၏ စကားများ အမူအယာများကို မမြင်သည့်အလားပင်ဖြစ်သည်။
ယီကျောင်းဖန်က ပြုံးနေသော်လည်း သူ့အပြုံးက တစ်ခုခုကို ဖုံးကွယ်ထားဟန်တူသည်။
"မင်းတို့က တကယ်ပဲ သံလိုက်မြူအမှောင်ထုကို ဖြတ်သန်းခဲ့တာလား"
ရှာရှမ်းချွမ်က အတန်ကြာ စဉ်းစားဆင်ခြင်နေပြီးနောက် လေးနက်သော မျက်နှာထားဖြင့်မေးသည်။
ယီကျောင်းဖန်က ခေါင်းညိတ်ပြန်သည်။
"သံလိုက်မြူ အမှောင်ထုကို မင်းတို့ ဘယ်လိုဖြတ်လာတာလဲ"
သိသာစွာပင် ရှာရှမ်းချွမ်က သူ့ကို မယုံပါ။ နတ်ဘုရားအဆင့်တောင် မဖြတ်သန်းနိုင်သော ထိုနယ်ပယ်ကို ဒီကောင်လေးက ဘယ်လိုလုပ် ကျော်ဖြတ်နိုင်ပါမည်နည်း။
"အဟီး...အဲ့ဒါတော့ ပြောလို့ မဖြစ်ဘူးဗျ..."
ယီကျောင်းဖန်က ခပ်ပြုံးပြုံးဖြင့်ပင် အဖြေပေးသည်။
"အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့မှာ နည်းစနစ်တချို့ရှိတယ်လေ...သာမာန်လူတွေအတွက်တော့ သံလိုက်မြူ အမှောင်ထုထဲ ၀င်သွားရင် အသက်ရှင်ဖို့ရာ မဖြစ်နိုင်သလောက်ပဲလေ...ဒါပေမဲ့ ကျနော်တို့က နည်းနည်း ပိုထူးခြားနေတာပေါ့...ပြီးတော့ ကျနော့်ဆရာကလဲ အဲ့ဒီထဲမှာ တစ်နှစ်ပတ်လုံး နေနေတာပါပဲ...သူက အဲ့ဒီဒေသရဲ့ မူမမှန်မှုတွေကို ဂရုမစိုက်ဘူးလေ"