Chapter 326: တောင်ထိပ်သို့
နောက်တစ်နေ့ နံနက်ခင်းတွင်
သိုင်းသမားများစွာသည် ထွတ်မြတ်ရောင်စဉ်တောင်ကြီး၏ ခြေရင်းတွင် စုဝေးနှင့်ကြပြီဖြစ်သည်။
အချို့လည်း ကိုယ့်အုပ်စုနှင့်ကိုယ် စကားပြောနေကြရင်း အချို့လည်း တောင်ထွတ်ဖျားဆီကို မျှော်ကြည့်နေကြရင်း အတွေးကိုယ်စီဖြင့် ရှိနေကြသည်။
နံနက်ခင်း၏ ပထမဦးဆုံး နေရောင်ခြည်သည် ထွတ်မြတ်ရောင်စဉ်တောင်ထိပ်သို့ ဖြာကျလာသည်။
ကြီးမားထည်ဝါလှသော တောင်ထွတ်ဖျားဆီမှ ဖြာကျလာသော ရောင်စဉ်တန်းတစ်ခုသည်ပင် လူအများကို မျက်စိကျိန်းသွားစေရန်လုံလောက်ပေသည်။
နေရောင်ခြည်သည် ထွတ်မြတ်ရောင်စဉ်တောင်ထွတ်ပေါ်သို့ ကျရောက်လာသောအခါ အကြိမ်ကြိမ်အထပ်ထပ် အလင်းပြန်သလို ရောင်စဉ်များ ဖြာလျှက်ရှိသည်။
ထို့ကြောင့် မျက်စိကျိန်းမတတ်အလင်းသည် ထွတ်မြတ်ရောင်စဉ်တောင်ထိပ်တစ်ခုလုံးကို ခနချင်း လွှမ်းခြုံသွားသည်။
တောင်ခြေရှိ သိုင်းသမား အများအပြားပင် တောင်ထိပ်သို့ မော့ကြည့်နေကြပြီး ရွှေရည်လောင်းသလို တဖြည်းဖြည်း ဖြာဆင်းကျလာသော အလင်းတန်းများကို ငေးကြည့်နေကြသည်။
ထွတ်မြတ်ရောင်စဉ်တောင်ကြီးတစ်ခုလုံးသည် နေရောင်အောက်တွင် ရွှေအုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသကဲ့သို့ရှိကာ အလွန်အမင်း တောက်ပသော မြင်ကွင်းကိုပေးသည်။
နေ၀န်းကြီးက တဖြည်းဖြည်း မြင့်တက်လာသောအခါ မရေမတွက်နိုင်သော အလင်းတန်းများဖြင့် တောက်ပလာသည်။
ထွတ်မြတ်ရောင်စဉ်တောင်ကြီးကို ရွှေတောင်ကြီးအလား ထင်မှတ်မှားစေပြီး တောက်ပသော ရွှေရောင်သည် လူအများကို လေးစားကြည်ညိုစေသော ခံစားချက်ကို ပေးစွမ်းလေသည်။
နံနက်ခင်းနေရောင်အောက်တွင် ထွတ်မြတ်ရောင်စဉ်တောင်ကြီးသည် နတ်ဘုရားတို့ စံမြန်းရာ တောင်ကြီးသဖွယ် ခန့်ငြားထည်ဝါသော အရှိန်အ၀ါများ ဖြာထွက်နေသည်။