<Unicode>
မင်းဆက် ညပိုင်းတစ်ယောက်တည်းကားနဲ့အပြင်ထွက်လာခဲ့သည်။ အမှန်က သူလူတစ်ယောက်နဲ့ချိန်းထားတဲ့အတွက် ထွက်လာခဲ့ခြင်းဖြစ်သည်။
ညပိုင်းဆိုပေမဲ့ တစ်မြို့လုံးလင်းထိန်နေပြီး လူသွားလူလာများလဲ ရှိကြသည်။
သူဆိုင်ထဲဝင်ကာခါနီး ဆိုင်ရဲ့ ဘေးနားမှာရှိတဲ့ လမ်းကြားလေးထဲကနေ ကောင်မလေးတစ်ယောက်ကထွက်လာပြီး ကတုန်ကရင်နဲ့ သူ့ရှေ့ဖြတ်သွားသည်။
ထိုလမ်းကြားနဲ့ဆိုင်က အနည်းငယ်တော့ ဝေးသည်။ မဆိုသလောက်လေး။
မူမမှန်တဲ့ကောင်မလေးကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်။
ဘာလို့ဒီကောင်မလေးက ဒီပုံစံဖြစ်နေရတာလဲ။
ကောင်မလေးရဲ့ပုံစံက တစ်ခုခုကိုကြောက်ရွံ့နေသလိုမျိုး၊ တစ်ခုခုကိုလျှို့ဝှက်ထားသလိုမျိုးဖြစ်တဲ့အတွက် သူစိတ်မသင်္ကာဖြစ်လာသည်။
ထို့ကြောင့် ကောင်မလေးရဲ့နောက်ကနေလိုက်ပြီး ပခုံးကို သွားကိုင်လိုက်သည်။
သူကောင်မလေးရဲ့ပခုံးကိုသွားကိုင်လိုက်တော့ ကောင်မလေးကလန့်ပြီးလှည့်ကြည့်လာသည်။ ဒီကောင်မလေးကအလွန်ဆုံးရှိမှ အသက်၁၄နှစ်လောက်သာဖြစ်သည်။
"ဘာဖြစ်လို့လဲ တစ်ခုခုကိုကြောက်နေတာလား"
မင်းဆက် ချိုသာတဲ့အသံလေးနဲ့ကောင်မလေးကိုမေးလိုက်သည်။ သူမေးလိုက်တော့ ကောင်မလေးက မျက်လုံးပြူးကာထိတ်လန့်သွားသည်။
ဂဏာမငြိမ်ဖြစ်နေတဲ့ မျက်လုံးကြောင့် ဒီကလေးမေေလးတစ်ခုခုဖြစ်နေတာသူသိလိုက်သည်။
"တစ်ခုခုကိုထိတ်လန့်နေတာလား။ မကြောက်နဲ့ အကို့ကိုပြော"
ကောင်မလေးက တုန်တုန်ရီရီနဲ့ သူထွက်လာတဲ့လမ်းကြားကိုလက်ညိုးထိုးပြသည်။ မင်းဆက်နောက်ကိုလှည့်ကြည့်လိုက်ပြီး ကောင်မလေးကိုပြန်ကြည့်ကာ
"အဲ့လမ်းကြားလား"
"အင်း"
မင်းဆက် ကောင်မလေးကိုကျောခိုင်းပြီး ထိုလမ်းကြားနားကိုလျောက်သွားလိုက်သည်။ သူနောက်ကိုပြန်ကြည့်တော့ ထိုကောင်မလေးကမရှိတော့။