ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 541 ) ရှန့်ရှင်းချန်
လူတိုင်းက တိုက်ပွဲစင်မြင့်ကို စိုက်ကြည့်ရင်း တိုက်ပွဲကြီး ပြီးဆုံးတော့မည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် အဝေးမှ အေးစက်စက် အသံတစ်ချက် ထွက်ပေါ်လာ၏။
"လုမင်၊ မင်းလုပ်ဝံ့လား"
အသံပျောက်ကွယ်သွားသည်နှင့် နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။
၎င်းနတ်အလင်းက အလွန်မြန်ကာ လုမင်မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်လာ၏။
လုမင်လည်း ခဏချင်း တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအလင်းတန်းမှ သူဟာ သေနိုင်လောက်သော အန္တရာယ်တစ်ခုကို ခံစားလာရ၏။
သူက အနည်းငယ်မျှပင် မတုံ့ဆိုင်းဝံ့ဘဲ အနောက်ခုန်ဆုတ်ကာ နဝမနဂါးသွေးမျိုးဆက်ကို ပေါက်ကွဲလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဝါးမြိုခြင်းစွမ်းအင်များနှင့်လည်း ဖုံးလွှမ်းထားလိုက်၏။
သူက တာအိုသန္ဓေသုံးမျိုးကို ပေါင်းစပ်ပြီး အစစ်အမှန်ယွမ်ချီကိုပေါက်ကွဲစေကာ လှံချက်ထုတ်ဖော်လိုက်တော့သည်။
"အစစ်အမှန် နဂါးလှံ"
လှံချက်ထုတ်ဖော်လိုက်သည်နှင့် သုံးရောင်ခြယ်နဂါးကြီးတစ်ကောင်က နတ်အလင်းကို ထိမှန်သွားသည်။
"ဝုန်း"
ပေါက်ကွဲသံနှင့်အတူ နတ်အလင်းက သုံးရောင်ခြယ်နဂါးကြီးကို ဖောက်ထွင်သွားခဲ့သည်။ သူက တာအိုသန္ဓေသုံးမျိုးကိုပင် ဖျက်ဆီးသွားခဲ့၏။
"ဝှစ်"
၎င်းနတ်အလင်းက လုမင်ထံသို့ ဆက်လက်တိုးဝင်လာတော့သည်။
"အကြွင်းမဲ့လှံ"
ဤအခိုက်တွင် လုမင်က အနောက်မဆုတ်တော့ဘဲ လှံနှင့်လူ တစ်သားတည်း ဖြစ်သွားသကဲ့သို့ အရှေ့ကို ထိုးစိုက်လိုက်သည်။
"ဝုန်း"
လှံထိပ်ဖျားက နတ်အလင်းကို တိကျစွာ ထိုးဖောက်လိုက်မိသည်။
ချက်ချင်းပင် လှံဖျားမှ အင်အားကြီးတစ်ခုဟာ လုမင်ထံသို့ စီးဆင်းလာခဲ့၏။ လုမင်လည်း တူကြီးတစ်လက်နှင့် အထုခံလိုက်ရသည့်နှယ် အနောက်ဘက်သို့ လျှောထွက်သွားတော့သည်။
သူက မိုင်ဒါဇင်များစွာ လျှောသွားပြီးမှ အရှိန်ရပ်သွားသည်။
သူ့ခန္ဓာကိုယ်တွင်းမှ သွေးများဆူပွက်သွားကာ လှံကိုင်လက်ကလည်း တဆတ်ဆတ် တုန်ခါသွား၏။
"ကလစ်"
ထိုစဉ် မြို့နတ်ဆိုးလှံဖျားက အက်ကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။ အက်ကြောင်းများဟာ တဖြည်းဖြည်းပိုများလာ၏။ နောက်ဆုံးမှာတော့ မြို့နတ်ဆိုးလှံသွားဟာ လုံးဝ ကွဲကြေသွားတော့သည်။
မြို့နတ်ဆိုးလှံပင် ကြီးမားသော အင်အားကိုမခံနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့ရချေပြီ။
သို့ရာတွင် နတ်အလင်းကိုလည်း အောင်မြင်စွာ ခုခံနိုင်ခဲ့သည်။
"ဘယ်သူလဲ"
လုမင် နတ်အလင်းထွက်ပေါ်လာရာကို လှမ်းကြည့်လိုက်၏။
တခြားသူများလည်း ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
ထိုအခါ လေထဲမှ လက်နှစ်ဖက်ကိုနောက်ပစ်၍ ကြယ်တာရာဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် လျှောက်လာသည်အား မြင်တွေ့လိုက်ရသည်။
ထိုအခါ အားလုံး တုန်လှုပ်သွား၏။ ဆန်းကျယ်ကောင်းကင်မြို့တော်၏ တားမြစ်ချက်များကြောင့် သာမန်ဘုရင်များက ပျံသန်းမရပါချေ။ အထွတ်အထိပ်ဘုရင်များသာ လျှောက်လှမ်းနိုင်စွမ်းရှိသည်။
အနှီလူငယ်က နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးနှစ်ခန့်ရှိကာ ဓားသဏ္ဍန် ကော့တက်နေသော မျက်ခုံးများရှိသည်။ သူ့မျက်လုံးက ကြယ်ပွင့်များကဲ့သို့ တောက်ပနေကာ အလွန်ချောမော၏။
သူ့ခန္ဓာကိုယ် ဝန်းကျင်တွင်ကား နတ်ဘုရားတစ်ပါးကဲ့သို့ ကြယ်တရာအလင်းများ ဖြာထွက်နေတော့သည်။
"ရှန့်ရှင်းချန်... ဒါက ရှန့်ရှင်းချန်ပဲ"
တစ်ယောက်က အော်ဟစ်လိုက်သည်။
"ပြီးပြီ၊ လုမင်တော့ ပြီးပြီပဲ..။ ရှန့်ရှင်းချန်တောင် ထွက်လာပြီဆိုတော့ လုမင်တကယ်ပြီးပြီ"
"ဘုရားရေ... ရှန့်ရှင်းချန်က တကယ်ကြီး လေထဲကနေ လျှောက်လှမ်းလာတယ်ဟ..။ သူက အထွတ်အထိပ်ဘုရင် ဖြစ်သွားခဲ့ပြီလား"
လူများစွာက တုန်လှုပ်စွာ ပြောလိုက်ကြသည်။
ဤအသက်အရွယ်နှင့် အထွတ်အထိပ်ဘုရင်ဟာ မယုံနိုင်စရာကောင်း၏။
"မဟုတ်ဘူး... ရှန့်ရှင်းချန်က အထွတ်အထိပ်ဘုရင်ကို မချိုးဖြတ်သေးဘူး..။ သူက ဘုရင်ကြီးဖြစ်တဲ့ အဆင့်ကိုးသိုင်းဘုရင် အထွတ်အထိပ်မှာပဲ ရှိသေးတာ..။ ဒါပေမဲ့ သူ့ခွန်အားက အထွတ်အထိပ်ဘုရင်ထက် အားမနည်းတာကြောင့် လေထဲမှာ လမ်းလျှောက်နိုင်လာခဲ့တာပဲ"
ဆံဖြူအဘိုးကြီးတစ်ယောက်က ရှင်းပြလိုက်သည်။
ဤနေရာတွင် ရှန့်ယောက်အပြင် တခြားအကြီးအကဲများလည်း ရောက်ရှိနေပြီး ဆံဖြူအဘိုးအိုက တစ်ယောက်အပါအဝင်ဖြစ်သည်။
"အိုး... ဒါဆိုရင်တောင် မယုံနိုင်စရာဖြစ်နေတုန်းပဲ"
အားလုံး သက်ပြင်းချလိုက်ကြသည်။
ရှန့်ရှင်းချန်က အသက်နှစ်ဆယ့်ငါးနှစ်ခန့်သာ ရှိသေးသော်လည်း အထွတ်အထိပ်ဘုရင်ဖြစ်ရန် မလိုတော့ပေ။ ဤအတိုင်းဆိုလျှင် ဝိညာဉ်ပင်လယ်ကိုဖွင့်၍ ဝိညာဉ်ပင်လယ်နယ်ပယ်သို့ ချိုးဖြတ်လျှင်ပင် အသက်သုံးဆယ်ခန့်သာ ရှိနေဦးမည် မဟုတ်ပါလား။
မရေတွက်နိုင်သော မျက်လုံးများက ကောင်းကင်ယံမှ လူငယ်ကို လှမ်းကြည့်လိုက်ကြသည်။
"ရှန့်ရှင်းချန်"
လုမင်လည်း မျက်လုံးအရောင်လက်ကာ မော့ကြည့်လိုက်သည်။
ဆန်းကျယ်ကောင်းကင်မြို့တော်သို့ ရောက်ရှိချိန်မှစကာ ရှန့်ရှင်းချန်ဟူသောအမည်ကို မကြာခဏ ကြားခဲ့ရ၏။
၎င်းက ထိပ်တန်းပါရမီရှင်တစ်ထောင်ဇယားတွင် တစ်ယောက်အပါအဝင် ဖြစ်သောကြောင့်လည်း လူငယ်များစွာ၏ စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ရသည်။
ရှန့်ရှင်းချန်က လေထဲမှလျှောက်လာကာ လုမင်ကို ငုံ့ကြည့်လိုက်၏။
"သခင်လေးရှင်းချန်..."
၎င်းကိုမြင်သောအခါ ရှန့်ချုံ၊ ဝံပုလွေလေးနှင့် တခြားသူအားလုံး ဦးညွတ်လိုက်ကြသည်။
ရှန့်ရှင်းချန်ဟာ အနာဂါတ်တွင် ရှန့်မိသားစု၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ယင်းက သူတို့၏အနာဂါတ်များကိုပါ ချုပ်ကိုင်ပြီးသကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် ရှန့်ရှင်းချန်ကို သဘာဝအရ ကြောက်ရွံ့ရပေသည်။
ရှန့်ရှင်းချန်က သူတို့ကို ဂရုမစိုက်ဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သည်။
"မင်းတို့ဒဏ်ရာတွေကို ပြန်ကုလိုက်ကြတော့"
"ကောင်းပါပြီ"
ရှန့်ချုံတို့လည်း တစ်ဦးကိုတစ်ဦးဖေးမကာ တိုက်ပွဲစင်မြင့်မှ ဆင်းသက်သွားကြ၏။
ထို့နောက် ရှန့်ရှင်းချန်က လုမင်ကို ပြန်ကြည့်လိုက်လေသည်။
"မင်းက လုမင်လား... ငါ့ရဲ့ သန့်စင်မိသားစုတင်တွေကို ဒီလောက်ထိလုပ်ဝံ့တာ တကယ်သတ္တိကောင်းတယ်"
ရှန့်ရှင်းချန်က အပြောင်းအလဲမရှိသော မျက်နှာအမူအရာနှင့် ပြောလိုက်သည်။
"ကောင်းကင်နတ်ဘုရား တိုက်ပွဲစင်မြင့်ဆိုတာ တရားမျှတတဲ့တိုက်ပွဲပဲ"
လုမင် ပြောလိုက်၏။
"ဟားဟား"
ရှန့်ရှင်းချန်က ရယ်မောကာ ပြောလိုက်သည်။
"မင်းမဆိုးဘူး... ငါ့မှာ မြင်းထိန်းတစ်ယောက်ပဲရှိတာ..။ မင်းက ဒုတိယမြောက်လူဖြစ်လာနိုင်တယ်... မင်းလုပ်တာကောင်းရင် မင်းအနာဂါတ်မှာ ပိုတိုးတက်လာမယ်"
ရှန့်ရှင်းချန်လေသံက မတိုး၊ မကျယ်ပင်။ သူက လေထဲတွင်ရပ်ပြီး အာဏာသံလို၊ အမိန့်ပေးသံလိုနှင့် ပြောလိုက်သည်။
ယင်းက လူအားလုံးကို အံ့ဩသွားစေခဲ့၏။
ရှင်းချန်က လုမင်ကို အလွယ်တကူ အလွတ်ပေးမည်ဟု ထင်မထားခဲ့ပေ။
သူက လုမင်ကို မြင်းထိန်းလုပ်ရန်ပင် ပြောနေသည်။
အများအမြင်တွင် ရှန့်ရှင်းချန်၏ မြင်းထိန်းဖြစ်ရခြင်းက ဂုဏ်ယူစရာပင်။ သူ့မြင်းထိန်းဖြစ်လာလျှင်ပင် တော်ရုံဧကရာဇ်များ ကြောက်လန့်နေရမည် ဖြစ်သည်။
ထို့အပြင် သူ့လမ်းညွှန်မှုကိုလည်း ရယူနိုင်သေး၏။ ယင်းထက် ပိုကောင်းသည်က အဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။
လူအများ၏အမြင်တွင် ယင်းက ဘုရားပေးသောဆုလာဘ်သာ ဖြစ်တော့သည်။
"ရှန့်ရှင်းချန်က လုမင်ရဲ့ပါရမီကို တန်ဖိုးထားပုံရတယ်"
တချို့ကလည်း ရေရွတ်လိုက်ကြသည်။
"ချီးပဲ"
ရှန့်ဝူရွှမ်း အလွန်မနာလိုသွား၏။ ဤမျှကောင်းသည့်အခွင့်အရေးက သူ့အတွက် မဟုတ်ခဲ့ပါချေ။
"ခင်ဗျားအမြင် လုမင် သဘောတူမှာလား"
တစ်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။
"တော်စမ်း... ကျုပ်သာဆို သဘောတူမှာပေါ့..။ ရှန့်ရှင်းချန်ဆိုတာက ထိပ်တန်းပါရမီရှင် တစ်ထောင်ဇယားမှာတောင် ပါဝင်နိုင်သူလေ..။ လုမင်က ပါရမီရှိရင်တောင် ရှန့်ရှင်းချန်နဲ့သူ့ကြားမှာတော့ ကွာဟချက် ရှိနေတုန်းပဲ..။ နောက်ပြီး သူ့မြင်းထိန်းဖြစ်ရလည်း မဆိုးပါဘူး"
"အမှန်ပဲ... သူသဘောမတူရင် ရှန့်ရှင်းချန်က အလွတ်ပေးမှာ မဟုတ်ဘူး..။ ဒီအခြေအနေမျိုးမှာ သေချာပေါက် သဘောတူရလိမ့်မယ်"
"အမှန်ပဲ... ရှန့်ရှင်းချန်ရဲ့ မြင်းထိန်းဖြစ်လည်း မဆိုးဘူး"
ပတ်ဝန်းကျင်မှလူများက ခန့်မှန်းပြောဆိုလိုက်ကြ၏။
သို့သော် လုမင်နှုတ်ခမ်းမှ မထီမဲ့မြင်အပြုံးကိုတော့ မည်သူမျှ သတိမထားမိတော့ပေ။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 542 ) မူလန်နှင့်ပြန်ဆုံပြီ
"မင်းက ရှန့်ရှင်းချန် မဟုတ်လား"
လုမင် ခပ်ယဲ့ယဲ့ပြုံး၍ ရှန့်ရှင်းချန်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လုမင်မည်သို့ပြန်ဖြေမည်ကို သိချင်ဟန်ဖြင့် အားလုံးတိတ်ဆိတ်သွား၏။
"ရှင်းချန်... ငါကလည်း မင်းကို မဆိုးဘူးလို့ထင်တယ်..။ အခု ငါ့တံခါးမှာ တံခါးစောင့်မရှိလို့ မင်းကို လာလုပ်စေချင်တယ်"
လုမင် ပုံမှန်အတိုင်း ပြောလိုက်သည်။ သို့ရာတွင် ပတ်ဝန်းကျင်ကို မုန်တိုင်းထန်သွားစေခဲ့၏။
အားလုံး အံ့ဩသွားကြသည်။
ခဏကြာသောအခါ ထိတ်လန့်နေသော စကားသံများ ထွက်ပေါ်လာ၏။
"လုမင် ငြင်းလိုက်တယ်"
"သူက ငြင်းရုံတင်မကဘူး၊ ရှန့်ရှင်းချန်ကိုပါ တံခါးစောင့် လာလုပ်ဖို့ပြောလိုက်တာဗျ..။ တကယ်သတ္တိကောင်းတဲ့လူပဲ"
"ဒါက မီးပုံထဲကို ဆီပုံးပစ်ထည့်လိုက်တာပဲ..။ ရှန့်ရှင်းချန်ကို တံခါးစောင့်လုပ်ခိုင်းရအောင် သူက ထိုက်တန်လို့လား"
"..."
ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာ ဆွေးနွေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အတင့်ရဲလိုက်တာ... မင်းက ငါတို့ သန့်စင်မိသားစုရဲ့ သခင်ငယ်လေးကို ဒီလိုစကားမျိုး ပြောဝံ့သလား..။ သခင်လေးရှင်းချန်ရဲ့ မြင်းထိန်းဖြစ်ရတာ မင်းအတွက် ကောင်းချီးတစ်ခုပဲကွ... ဒါကို ငနွားက နားမလည်ဘဲ ခေါင်းမာနေတယ်"
ထိုစဉ် ရှန့်ယောက်က ငေါက်ငမ်းလိုက်သည်။
လုမင်သဘောတူမည်ကို စိုးရိမ်နေသော ရှန့်ဝူရွှမ်းကတော့ စိတ်ထဲမှ ရယ်မောလိုက်၏။
"မင်းငြင်းလိုက်တာလား"
ရှန့်ရှင်းချန်၏ မျက်နှာအမူအရာက အပြောင်းအလဲမရှိပေ။
"တော်စမ်း... တခြားလူတွေက မင်းရဲ့ခွေးဖြစ်ချင်နေတာ၊ ဒါ သူတို့ရဲ့ကိစ္စပဲ... ဒါပေမဲ့ ငါ လုမင်ကတော့ လုံးဝ ဂရုမစိုက်ဘူး..။ ဒီလောကကြီးမှာ မင်းအပါအဝင် ဘယ်သူမှ ငါ့ကို ဒီလိုမလုပ်နိုင်ဘူး"
လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ထိုစကားသံ ထွက်လာသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
"ချီး၊ မောက်မာလိုက်တာ... သူ့ကိုယ်သူ ဘယ်သူထင်နေလို့လဲ"
"ပါရမီနည်းနည်းရှိတာနဲ့ ကမ္ဘာ့နံပါတ်တစ်လို့ထင်နေတာက ရယ်စရာကောင်းတယ်"
"သူက ရှန့်ရှင်းချန်နဲ့ တစ်ဆင့်တည်းလို့ ထင်နေတာလား"
"သူက သခင်လေးရှင်းချန်နဲ့ နှိုင်းယှဉ်ရအောင် ဘာမလို့လဲ"
ထိုစဉ် ရှန့်ရှင်းချန်မျက်နှာက အေးစက်သွားသည်။ သူက လက်ကိုဝှေ့ယမ်းကာ အားလုံးကို ငြိမ်သက်စေလိုက်၏။
"ငါက မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ လက်ခံရကောင်းမှန်း မသိမှတော့ မင်းအကြောင်းပဲ"
ရှန့်ရှင်းချန် ပါးစပ်မှ ရေခဲတမျှအေးစက်သော စကားသံတစ်ချက် ထွက်ပေါ်လာသည်။
"ဝုန်း"
ထိုစဉ် ကြယ်အလင်းများက မီးလျှ့များကဲ့သို့ ဖြာထွက်လာကာ ကောင်းကင်ကို လင်းထိန်သွားစေခဲ့၏။
'ဒါက... ကြယ်တာအိုသန္ဓေပဲ'
လုမင်မျက်လုံး ကျဉ်းမြောင်းသွားခဲ့သည်။
မိုးနှင့်မြေကြားတွင် လေ၊မီးမိုးကြိုးကဲ့သို့ သဘာတာအိုများအပြင် အထူးတာအိုသန္ဓေများလည်းရှိသည်။
၎င်းအထူးတာအိုသန္ဓေများဟာ နားလည်ရန်ခက်ခဲသကဲ့သို့ အလွန်လည်း အစွမ်းထက်၏။
ကြယ်တာရာ တာအိုသန္ဓေကလည်း အထူးတာအိုသန္ဓေပင် ဖြစ်တော့သည်။
"ဝှစ် ဝှစ် ဝှစ်..."
ထို့နောက် ကြယ်အလင်းများနှင့် ဓားများဟာ လုမင်၏ သေကွင်းသေကွက်များသို့ တိုးဝင်လာသည်။ ကြယ်တစ်စင်းထွက်ပေါ်လာတိုင်း ကြောက်စရာအသံများ ဖြစ်ပေါ်လာ၏။
'သန်မာတယ်'
လုမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရှန့်ရှင်းချန်က သူပြန်မတိုက်ခိုက်နိုင်အောင် အလွန်သန်မာ၏။
"ဆုတ်"
လုမင် နဝမနဂါးခြေလှမ်းကိုသုံး၍ အမြန်ဆုတ်ပြေးလိုက်သည်။
"ငါ့အရှေ့ကနေ ထွက်ပြေးချင်သေးတာလား"
ရှန့်ရှင်းချန်က ခပ်တိုးတိုးပြောလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကြယ်အလင်းများက ပိုတောက်ပလာသည်။ ချက်ချင်းပင် လုမင်ဦးခေါင်းထက်တွင် ကြယ်အလင်းလက်ကြီးတစ်ဖက် ဖြစ်ပေါ်လာကာ ဖိအားပေးလာခဲ့၏။
ဤလက်ကြီးမှဖိအားက အလွန်ကြီးမား၍ လုမင် မရှောင်နိုင်တော့ပေ။
"တားဆီးလော့"
လုမင် သွေးမျိုးဆက်နှစ်ခုစလုံးကိုပေါက်ကွဲ၍ အဆင့်နိမ့် အဆင့်ငါးလှံတစ်လက်ကို ထုတ်ယူလိုက်သည်။ သူက အစစ်အမှန်ယွမ်ချီကိုလှည့်ပတ်ကာ တာအိုသန္ဓေသုံးမျိုးကိုပေါင်းစည်းပြီး ကြယ်တာရာလက်ကြီးကို တိုက်ခိုက်လိုက်သည်။
"ဝုန်း"
ပေါက်ကွဲသံနှင့်အတူ လုမင်ခန္ဓာကိုယ်က ဥက္ကာခဲကြွေသကဲ့သို့ ပြုတ်ကျသွား၏။ သူက တိုက်ပွဲစင်မြင့်အစွန်းသို့ ပြုတ်ကျသွားကာ သွေးများ အန်ထုတ်လိုက်ရတော့သည်။
"ဝုန်း"
လုမင်၏ အဆင့်ငါးအဆင့်နိမ့်လှံကလည်း တိုက်ရိုက် ပေါက်ကွဲသွားရသည်။
"ရထားကိုတားဆီးဖို့ ကြိုးစားနေတဲ့ ကျိုင်းကောင်တစ်ကောင်လို ကိုယ့်ခွန်အားကို ပိုတွက်ထားတာပဲ"
ရှန့်ရှင်းချန်က အရာအားလုံးကို ထိန်းချုပ်ထားသော ဧကရာဇ်တစ်ပါးကဲ့သို့ လုမင်ကို ငုံ့ကြည့်လိုက်သည်။
"ရှန့်ရှင်းချန်... မင်းဘာဟန်ဆောင်နေတာလဲ..။ မင်းကိုယ်မင်း အတုမရှိတဲ့ ပါရမီရှင်တစ်ယောက်ပုံမျိုး ဖမ်းမနေစမ်းပါနဲ့ကွာ..။ ထိပ်တန်းတစ်ထောင်စာရင်းမှာဆိုရင် မင်းက အဆင့် ကိုးရာကိုးဆယ့်ရှစ်ပဲ ရှိတယ်..။ မင်းထက်သန်မာတဲ့သူတွေက အများကြီးရှိနေတုန်းပဲ..။ ဒါကို ဘာတွေဟန်ဆောင်နေတာလဲ"
"နောက်ပြီး မင်းက ငါ့ထက် အသက်ငါးနှစ်လောက်ပိုကြီးတာကို ဘာတွေဂုဏ်ယူနေတာလဲ..။ ငါသာ နောက်ငါးနှစ်လောက် လေ့ကျင့်ပြီးရင် မင်းကို လက်တစ်ချောင်းတည်းနဲ့ ဖိနှိပ်နိုင်တယ်"
လုမင်က ရှန့်ရှင်းချန်မျက်လုံးကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
သူ့စကားက လူထုကို တုန်ခါသွားစေခဲ့၏။
လုမင်အသက်က ဘယ်လောက်ရှိပြီနည်း။ ရှန့်ရှင်းချန်အသက်အရွယ်တွင် သူ့ကို လက်တစ်ချောင်းတည်းဖြင့် ဖိနှိပ်ခြင်းက ကြွားဝါမှုသာဖြစ်မည်။ ထို့အပြင် ယနေ့တွင်လည်း ရှန့်ရှင်းချန်ကို လိုက်မှီနိုင်မည် မဟုတ်ပေ။
"ကိုယ့်ကိုယ်ကိုယ် အတော်ယုံကြည်မှုရှိနေပုံပဲ..။ သိုင်းလမ်းစဉ်ဆိုတာ တစ်ဆင့်ချင်းသွားရတာ... မင်းအနေနဲ့ ငါ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး... အခုက မင်းကိုလွှတ်ပေးဖို့ ငါ့စိတ်ကို လာဆွနေတာဆိုရင်တော့... ဟီးဟီး၊ ငါစိတ်မဝင်စားဘူး..။ အခု မင်းကိုအရင်သတ်မယ်"
ရှန့်ရှင်းချန် ပြောလိုက်သည်။ သူက နောက်တစ်ဖန် တိုက်ခိုက်တော့မည့်ဟန်နှင့် ကောင်းကင်တွင် ကြယ်အလင်းများ တောက်ပလာ၏။
'ငါ လဲ့တင်းကိုပဲ သုံးရတော့မယ်ထင်တယ်..။ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ရှန့်ရှင်းချန်ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာသေချာတယ်... ဒါပြီးရင်တော့ ငါလှုပ်နိုင်မှာ မဟုတ်တော့ဘူး... ဒါပေမဲ့လည်း ငါ့မှာ တခြားနည်းလမ်း မရှိတော့ဘူး'
လုမင်မျက်လုံးတွင် ရက်စက်မှုအလင်းများ ဖြစ်ပေါ်လာကာ လဲ့တင်းကို ဆက်သွယ်ထားလိုက်၏။
လုမင်မျက်ခုံးနှစ်ခုကြားတွင် အရောင်ဖျော့ဖျော့လင်းလက်နေ၍ လဲ့တင်းကို အချိန်မရွေး ဆင့်ခေါ်နိုင်နေပြီ ဖြစ်သည်။
"ရပ်လိုက်"
ထိုစဉ် အော်သံတစ်ချက် ထွက်ပေါ်လာ၏။
"ဂီး"
ထို့နောက် ငှက်အော်သံကို ကြားလိုက်ရသည်။
ကောင်းကင်တွင် လင်းယုန်ငှက်တစ်ကောင်က အလွန်မြင့်မားသောအမြန်နှုန်းနှင့် ပျံသန်းလာနေသည်ကို မြင်လိုက်ကြ၏။
ငှက်ပေါ်တွင်ကား လူရိပ်နှစ်ခုရှိနေသည်။
'မူရှို့ယွမ်နဲ့ ဂိုဏ်းတူအမတော် မူလန်'
လုမင်မျက်လုံး အရောင်လက်သွားသည်။
လင်းယုန်ငှက်နောက်ကျောပေါ်မှ လူနှစ်ယောက်ဟာ အမှန်တကယ် မူရှို့ယွမ်နှင့် မူလန်ပင်ဖြစ်၏။
"ဒါက မိန်းကလေးမူလန်မဟုတ်လား"
"မိန်းကလေးမူလန်က ဘာလုပ်တာလဲ"
အားလုဲးက သိချင်သွားမိကြသည်။
ရှန့်ရှင်းချန်လည်း ကြယ်အလင်းများကိုပယ်ဖျက်ကာ မတိုက်ခိုက်တော့ဘဲ လှည့်ကြည့်လိုက်၏။
"ဂီး"
ငှက်ကြီးက အော်မြည်ကာ တိုက်ပွဲစင်မြင့်ပေါ်တွင် ဆင်းသက်လိုက်လေသည်။
မူရှို့ယွမ်နှင့်မူလန်လည်း ချက်ချင်း ခုန်ဆင်းလာသည်။
"လုမင်၊ နင်အဆင်ပြေရဲ့လား"
မူလန်က စိုးရိမ်နေသော မျက်လုံးများနှင့် လုမင်ထံသို့ အမြန်ပြေးသွား၏။
"ဒါက ဒဏ်ရာလေးပါ၊ ကိစ္စမရှိဘူး... အမတော်မူလန်... ကျွန်တော်တို့ မတွေ့ရတာကြာပြီ"
လုမင် ပြုံးလိုက်သည်။
မတွေ့ရသော အချိန်များအတွင်းတယ် မူလန်က ပိုရင့်ကျက်၍ ချစ်စရာကောင်းလာသည်။ သူ့ခန္ဓာကိုယ် ကောက်ကြောင်းများကလည်း ဆွဲဆောင်မှုပိုရှိလာခဲ့၏။ သူ့ကိုမြင်လိုက်သည်နှင့် ထိန်းရခက်သော အတွေးတချို့ ဖြစ်ပေါ်လာစေပေလိမ့်မည်။
"မတွေ့တာကြာပြီလုမင်... နင်ကို ဒီအဆင့်ထိ မြန်မြန်ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး..။ နင်ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"
မူလန် ဖျော့တော့စွာ ပြုံးလိုက်၏။
"လန်အာ... ဒီကနေ ထွက်သွားပါ..။ ဒီကောင်လေးက ငါ့ရဲ့ သန့်စင်မိသားစုဝင်အများကြီးကို ထိခိုက်စေတယ်..။ ငါသူ့ကို အရင်ရှင်းထုတ်လိုက်အုံးမယ်"
ထိုစဉ် ရှန့်ရှင်းချန်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
---------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 543 ) ခြောက်လအကြာမှာ တိုက်ခိုက်မယ်
မူလန်က ရောက်ရှိသည်နှင့် လုမင်ထံသွားကာ ရယ်မောပြောဆိုခြင်းကလည်း ရှန့်ရှင်းချန်၏ သတ်ဖြတ်ချင်စိတ်များကို ပိုတိုးစေခဲ့သည်။
"ရှန့်ရှင်းချန်၊ သူ့ကို လွှတ်ပေးလိုက်... လုမင်ကို လွှတ်ပေးလိုက်ပါ"
မူလန်က ရှန့်ရှင်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"လန်အာ... မင်းဘာတွေပြောနေတာလဲ"
ရှန့်ရှင်းချန် မျက်နှာသိပ်မကောင်းတော့ဘဲ မျက်လုံးများ အေးစက်သွား၏။
"ရှန့်ရှင်းချန်... ကျွန်မ ဒီမှာရှိနေမှတော့ ရှင်သူ့ဆံပင်ကိုတောင် မထိစေရဘူး"
မူလန် ပြောလိုက်သည်။
"မူလန်"
ရှန့်ရှင်းချန်မျက်လုံးမှ လူသတ်ငွေ့များဟာ မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
မူလန်က သူနှင့်စေ့စပ်ထားသည့်သူ ဖြစ်သည်။ ယခုတော့ အများအရှေ့တွင် သူစိမ်းတစ်ယောက်ကို ကာကွယ်နေခဲ့ပြီ။ ယင်းက သူ့မျက်နှာကို ထားစရာမရှိအောင် ဖြစ်စေပေ၏။
တဖြည်းဖြည်းနှင့် ရှန့်ရှင်းချန်၏ လုမင်ကိုသတ်ဖြတ်ချင်စိတ်များဟာ ပို၍ သန်မာလာတော့သည်။
"အရင်က သူ့ရဲ့နယ်ပယ်ကိုပဲ ဖျက်ဆီးချင်ပေမဲ့ အခု သူသေရမယ်"
ရှန့်ရှင်းချန် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ရှင်လုပ်ရဲလား"
မူလန်က လုမင်အရှေ့တွင် ဝင်ရပ်လိုက်၏။
ပရိသတ်ကတော့ ဤအခြေအနေကို အံ့အားသင့်စွာ ကြည့်နေကြတော့သည်။
အခြေအနေကို သိထားသူများမှာလည်း ထူးခြားသော မျက်နှာအမူအရာများ ဖြစ်ပေါ်လာသည်။
"မူလန်... မင်းက ငါ့ကို တားဆီးနိုင်မယ်လို့ ထင်နေတာလား..။ ထွက်သွားစမ်း"
ရှန့်ရှင်းချန် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အလင်းတန်းတစ်ခုက မူလန်နှင့် မူရှို့ယွမ်ကို လွှမ်းခြုံသွားသည်။
"ဝုန်း ဝုန်း"
ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်လာသည်။
ဤအတောအတွင်း၌ မူလန်ဟာ အလွန်တိုးတက်လာပြီး သိုင်းဘုရင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မူရှို့ယွမ်ကလည်း အဆင့်ခြောက်သိုင်းဘုရင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သို့သော် အရာအားလုံးက အချည်းနှီးပင်။ ရှန့်ရှင်းချန်၏ ကြယ်အလင်းက မူလန်ကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားခဲ့သည်။ မူလန်လည်း လုံးဝမခုခံနိုင်ပေ။
"အမတော်မူလန်"
လုမင် အော်ဟစ်လိုက်၏။
"လုမင်"
မူလန်လည်း ပြန်အော်လိုက်လေသည်။
"လုမင်... အခုမင်းကို ဘယ်သူ ကယ်တင်နိုင်အုံးမှာလဲ..။ သေစမ်း"
ရှန့်ရှင်းချန်က သတ်ဖြတ်ချင်စိတ်များနှင့် ပြောလိုက်သည်။
"ဝုန်း"
ရှန့်ရှင်းချန်ခန္ဓာကိုယ်မှ အေးစက်စက်နှင့် သတ်ဖြတ်ချင်သော စိတ်ဆန္ဒများ ပေါက်ကွဲထွက်ပေါ်လာ၏။သူက လေထဲသို့ ဖမ်းဆုပ်လိုက်သောအခါ ကြယ်တာရာဓားတစ်လက် ထွက်ပေါ်လာတော့သည်။
"ရှန့်ရှင်းချန်၊ ဒီနေ့ မင်းသေမှာလား... ငါသေမှာလား..။ ငါကြည့်ချင်စမ်းတယ်"
ရှန့်ရှင်းချန်ကို စိုက်ကြည့်နေသော လုမင်မျက်လုံးများက အေးစက်သွား၏။
"မင်းကလား"
ရှန့်ရှင်းချန် အထင်မြင်သေးဟန်ဖြင့် ငေါက်ငမ်းလိုက်၏။
လုမင်မျက်လုံးများကလည်း ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်ပေါ်လာခဲ့ချေပြီ။
လဲ့တင်းဖြင့်ဆိုလျှင် ရှန့်ရှင်းချန်ကို သူသတ်နိုင်၏။ သို့သော် ထိုအခါ သူ့လျှို့ဝှက်ချက် ပေါ်ပေါက်သွားပြီး လွတ်လမ်းရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း ယခုတော့ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
"ရှန့်ရှင်းချန် ရပ်လိုက်ပါ... ကျွန်မကတိပေးပါတယ်..။ လုမင်ကို လွှတ်ပေးမယ်ဆိုရင် တစ်နှစ်အတွင်း ရှင်နဲ့ လက်ထပ်ပါ့မယ်"
ထိုအချိန်တွင် မူလန်က အော်ဟစ်လိုက်သည်။
သူ့စကားသံကြောင့် ရှန့်ရှင်းချန် ရပ်တန့်သွား၏။
သူက မူလန်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒီကောင်လေးက မင်းစိတ်ထဲမှာ တကယ်နေရာယူထားပုံပဲ"
"ဒါက ရှင်နဲ့မဆိုင်ပါဘူး..။ ကျွန်မ ရှင်နဲ့ တစ်နှစ်အတွင်း လက်ထပ်မယ်လို့ ကတိပေးတယ်... ဒါပေမဲ့ လုမင်ကို သတ်လိုက်ရင်တော့ ရှင့်ကိုလက်ထပ်မဲ့အစား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်"
မူလန် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"အမတော်မူလန်၊ မလုပ်နဲ့"
လုမင် အော်ဟစ်လိုက်၏။
သို့သော် မူလန်က သူ့ကိုလျစ်လျူရှုပြီး ရှန့်ရှင်းချန်ကိုသာ စိုက်ကြည့်နေသည်။
“ကောင်းပြီ၊ ငါမင်းကို ကတိပေးတယ်... ဒါပေမဲ့ တစ်နှစ်အတွင်း မဟုတ်ဘူး... နှစ်ဝက်ပဲ အချိန်ရမယ်..။ နှစ်ဝက်အကြာမှာ မင်းနဲ့ငါလက်ထပ်ရင် ဒီကောင့်ကို လွှတ်ပေးလိုက်မယ်"
ရှန့်ရှင်းချန် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"နှစ်ဝက်လား"
မူလန် အံကြိတ်ကာ လုမင်ကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်မ ကတိပေးတယ်"
မူလန့်ကတိကိုကြာသောအခါမှ ရှန့်ရှင်းချန်ဟာ သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါမှ ကြယ်အလင်းများ ပျောက်ကွယ်သွား၍ မူလန်ဂော မူရှို့ယွမ်ပါ ပြန်လည် လှုပ်ရှားလာနိုင်ခဲ့တော့သည်။
လွတ်မြောက်သည်နှင့် နှစ်ယောက်စလုံးဟာ လုမင်ထံ အပြေးလှမ်းသွား၏။
"အမတော်မူလန်၊ ခင်ဗျား ဘာကြောင့် သူ့ကိုကတိပေးလိုက်ရတာလဲဗျာ..။ သူကျွန်တော့်ကို မသတ်နိုင်ပါဘူးဗျ"
လုမင် ပြောလိုက်သည်။
မူလန်က ဂရုမစိုက်တော့ဘဲ ပြုံးကာ ပြောလိုက်သည်။
"လုမင်... သူနဲ့ငါကြားမှာ လက်ထပ်စာချုပ်တစ်ခုရှိတယ်လေ..။ ဒါက ကံကြမ္မာပါပဲ... ဒီကံကြမ္မာကနေ လွတ်မြောက်ဖို့အတွက် ငါအမြဲကြိုးစားခဲ့ပေမဲ့ အဆုံးမှာတော့ လွတ်မြောက်ဖို့ ခက်ခဲပါတယ်လေ"
ပြောရင်း သူက သက်ပြင်းရှည်တစ်ချက်ကို ချလိုက်သည်။
လုမင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
သူ့ကြောင့်သာမဟုတ်လျှင် မူလန်၏စရိုက်အရ ဘယ်တော့မှသဘောတူမည်မဟုတ်ကြောင်း သူသိသည်။
"လုမင်... ဒီနေ့တော့ လန်အာရဲ့ တောင်းဆိုမှုကြောင့် ငါမင်းကို ချမ်းသာပေးလိုက်မယ်"
ရှန့်ရှင်းချန်က လုမင်ကိုကြည့်ကာ အထင်မြင်သေးဟန်ဖြင့် ဆက်ပြောလိုက်သည်။
"မိန်းမတစ်ယောက် အနောက်မှာဘဲ ပုန်းနေတတ်တဲ့ မင်းလိုကောင်က ငါနဲ့ တန်းတူညီမျှချင်နေတာ... မင်း အိပ်မက်မက်နေတာပဲ"
သူက ပြောဆိုပြီး မထီမဲ့မြင်ဟန်ဖြင့် ပြုံးကာ လှည့်ထွက်သွား၏။
ထိုစဉ် လုမင်စကားသံက အေးစက်စက်နှင့် ထွက်ပေါ်လာသည်။
"ရှန့်ရှင်းချန်၊ အခု မင်းငါ့ရဲ့စိန်ခေါ်မှုကို လက်ခံဝံ့လား"
"ဝှား"
လုမင်စကားသံက မုန်တိုင်းတစ်ခုသို့ပင် ပရိသတ်ကို တစ်ဖန် တုန်လှုပ်စေခဲ့၏။
"ဘာကြီး၊ ကျုပ်ဘာကြားလိုက်တာလဲ..။ လုမင်က ရှန့်ရှင်းချန်ကို စိန်ခေါ်ချင်နေတာလား"
"တကယ် အတင့်ရဲတဲ့ကောင်ပါလား"
"မာနထောင်လွှားလိုက်တာ"
ပရိသတ်က တုန်လှုပ်စွာ ပြောဆိုလိုက်ကြသည်။
ဆန်းကျယ်ကောင်းကင်နယ်မြေကြီး၏ မျိုးဆက်သစ်များတွင် ရှန့်ရှင်းချန်ကို မည်သူမျှ စိန်မခေါ်ဝံ့ပေ။
"မင်းငါ့ကို စိန်ခေါ်တာလား"
ရှန့်ရှင်းချန် အနည်းငယ် အံ့သြသွားကာ လှည့်ကြည့်လိုက်၏။
"ဟုတ်တယ်... နှစ်ဝက်ကြာတဲ့အခါ မင်းနဲ့ငါ တိုက်ခိုက်မယ်... မင်းလက်ခံရဲလား"
လုမင် ကျယ်လောင်စွာ ပြောလိုက်သည်။
"နှစ်ဝက်အကြာလား"
ရှန့်ရှင်းချန်က လှောင်ပြောင်သရော်ဟန်ဖြင့် မူလန်ကို လှည့်ကြည့်ကာ ပြောလိုက်၏။
"မင်းက နှစ်ဝက်အတွင်းမှာ ငါ့ကို အမှီလိုက်နိုင်မယ် ထင်နေတာလား..။ ငါ့ကို တိုက်ခိုက်နိုင်မှာလား"
"ဒါက မင်းကိစ္စမဟုတ်ဘူး"
လုမင် ပြောလိုက်သည်။
"လုမင် မလုပ်နဲ့... နင်ငါ့ကြောင့်နဲ့ ဒီလိုလုပ်စရာမလိုပါဘူး..."
မူလန် စိုးရိမ်တကြီးပြောလိုက်၏။
လုမင်က ရှန့်ရှင်းချန်ကို နှစ်ဝက်အကြာတွင်တိုက်ခိုက်ရန် စိန်ခေါ်ခြင်းက သူနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေမှန်း သူမ သိသည်။
သို့ရာတွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံအရ နှစ်ဝက်နှင့် ရှန့်ရှင်းချန်ကို လိုက်မမှီနိုင်ပေ။
လုမင်က အဆင့်ကျော်ကာ တိုက်ခိုက်နိုင်သည့်တိုင် ရှန့်ရှင်းချန်ကလည်း တိုက်ခိုက်နိုင်သေး၏။
လုမင် တိုးတက်နေချိန်တွင် ရှန့်ရှင်းချန်ကလည်း ဆက်လက် တိုးတက်နေပေလိမ့်မည်။
ထို့ကြောင့် ခြောက်လအတွင်း ရှန့်ရှင်းချန်ကို အမှီလိုက်ရန်က မဖြစ်နိုင်သလောက်ပင်။
သူက လုမင်ကို မယုံကြည်ခြင်းမဟုတ်ပေ။ နောက်နှစ်အနည်းငယ်ဆိုလျှင် သူမ ယုံကြည်မှုရှိသည်။
သို့သော် နှစ်ဝက်အချိန်ဟာ တိုးတောင်းလွန်း၏။
လုမင်က မူလန်ကို လက်ကာပြ၍ တားလိုက်သည်။
"အမမူလန်... ဒီတိုက်ပွဲက ရှောင်လွှဲမရနိုင်ဘူး..။ အမအတွက်မဟုတ်ရင်တောင် ဒီနေ့အရှက်တရားကို ပြန်ပြီး ပေးဆပ်မယ်"
လုမင် အခိုင်အမာ ပြောလိုက်သည်။
"ရှန့်ရှင်းချန်၊ မင်းလက်ခံဝံ့လား"
လုမင် ရှန့်ရှင်းချန်ကို စိုက်ကြည့်လိုက်သည်။
"ကောင်းပြီ၊ ငါလက်ခံတယ်..။ မင်းငါ့ကို ဘယ်တော့မှ လိုက်မှီနိုင်မှာ မဟုတ်ဘူး... နှစ်ဝက်အကြာမှာ စိတ်ပျက်အားငယ်မှုက ဘာဆိုတာ မင်းသိအောင် ငါပြမယ်"
ရှန့်ရှင်းချန်၏ ယုံကြည်မှုအပြည့်ရှိသောအသံက ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားသည်။
အားလုံးက သွေးများ ဆူပွက်လာ၏။
ရှန့်ရှင်းချန်က လုမင်၏စိန်ခေါ်မှုကို အမှန်တကယ် သဘောတူခဲ့ပြီ။
၎င်းတို့က နှစ်ဝက်အကြာတွင် တိုက်ခိုက်ကြပေမည်။
ထို့အပြင် ဤတိုက်ပွဲက အလွန်စိတ်ဝင်စားစရာကောင်း၏။
ရှန့်ရှင်းချန်ရှုံးလျှင် မူလန်နှင့် လက်ထပ်စာချုပ်က ဖျက်သိမ်းခံရဖို့ များသည်။
လုမင်ရှုံးနိမ့်လျှင်တော့ ရှန့်ရှင်းချန်ဟာ မူလန်ကို လက်ထပ်နိုင်၏။
ထိုအချိန်မှစ၍ ဆန်းကျယ်ကောင်းကင်နယ်မြေကြီးဟာ ရှန့်ရှင်းချန်၏ကမ္ဘာ ဖြစ်လာခဲ့ရပေတော့မည်။
--------
ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 544 ) စတုတ္တမြောက် ဧရိယာ
"နှစ်ဝက်ကြာတဲ့အခါ လုမင်အတွက် မျှော်လင့်ချက်ရှိမယ်လို့ ခင်ဗျားထင်လား"
"ဘယ်လိုဖြစ်နိုင်မှာလဲ... နှစ်ဝက်ကြာပြီးရင် ရှန့်ရှင်းချန်က အထွတ်အထိပ်ဘုရင် နယ်ပယ်ထဲကိုတောင် ဝင်သွားနိုင်တယ်..။ လုမင်အတွက် ဘယ်လိုမှ မျှော်လင့်ချက် မရှိဘူး ”
"ကျုပ်လည်း ဒီလိုပဲ တွေးမိပါတယ်.. ဒါပေမဲ့ မျှော်လင့်နေတုန်းပဲ"
"နှစ်ဝက်အကြာမှာသာ လက်မလွတ်စေနဲ့
အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။
ထိုအချိန်တွင် ရှန့်ရှင်းချန်က အများကြီးမပြောတော့ဘဲ လှည့်ထွက်ကာ ကောင်းကင်ယံ၌ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။
"ဒီလုမင် နောက်တစ်ခါ လွတ်သွားပြန်ပြီ"
ရှန့်ဝူရွှမ်း အံကြိတ်လိုက်သည်။
"ဟမ့်... သူလွတ်သွားတော့ရော ဘာဖြစ်လဲ..။ နှစ်ဝက်ကြာတဲ့အခါ သူသေရမှာပဲ... သူက ခြောက်လလောက် ပိုပြီး ရှင်သန်ခွင့်ရသွားရုံပဲ"
ရှန့်ယောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့..."
ရှန့်ဝူရွှမ်း၏ မျက်လုံးများတွင် စိုးရိမ်မှုအချို့ ရှိနေဆဲပင်။
တကယ်တမ်း လုမင်ကလည်း ကြောက်စရာကောင်းသည်။ သူတို့ တစ်ကြိမ်တွေ့လိုက်တိုင်းတွင် လုမင်က ပိုသန်မာလာခဲ့၏။ ထို့ကြောင့် ရှန့်ဝူရွှမ်းဟာ သူ့ကို အသေကြောက်နေခဲ့ချေပြီ။
နောက်တစ်ကြိမ် ပြန်တွေ့ချိန်တွင် လုမင်က သူမခန့်မှန်းနိုင်သောအဆင့်သို့ ရောက်ရှိနေမည်ကို အမှန်တကယ် သူကြောက်၏။
"လုမင်က ပါရမီရှိရင်တောင် နှစ်ဝက်နဲ့ ရှန့်ရှင်းချန်ကို အမှီလိုက်နိုင်မယ်လို့ မင်းထင်နေတာလား..။ ဒါက လုံးဝ ဖြစ်နိုင်ခြေမရှိဘူးကွ"
ရှန့်ယောက် ပြောလိုက်သည်။
"ဟုတ်ပါတယ်"
ရှန့်ဝူရွှမ်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သို့တိုင် သူ့စိတ်ထဲ၌ စိုးရိမ်နေဆဲပင်။
ထို့နောက် လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲထွက်သွားခဲ့သည်။
သို့သော် နှစ်ဝက်အကြာမှ လုမင်နှင့် ရှန့်ရှင်းချန်၏ စိန်ခေါ်ပွဲသတင်းနှင့် မူလန်နှင့်ရှန့်ရှင်းချန်လက်ထပ်မည်ဟူသော သတင်းဟာ တောမီးကဲ့သို့ ပျံ့နှံ့သွား၏။
ယင်းက မုန်တိုင်းကဲ့သို့ပင် ဖြစ်နေတော့သည်။
"လုမင်... နင် ရှန့်ရှင်းချန်ကို စိန်မခေါ်သင့်ဘူး"
မူလန်က လုမင်ကို အပြစ်တင်ဟန်ဖြင့် ကြည့်လိုက်သည်။
သို့သော် ဘာကြောင့်မှန်းမသိဘဲ အနည်းငယ် ပျော်ရွှင်နေမိ၏။ လုမင် စိန်ခေါ်ရခြင်း၏ အကြောင်းရင်းအများစုက သူ့ကြောင့်ဖြစ်မှန်း သိထားခဲ့ပေသည်။
"အမမူလန်၊ ခင်ဗျား ကျွန်တော်ကို မယုံတော့ဘူးလား..။ မပူပါနဲ့... နှစ်ဝက်ကြာရင် ရှန့်ရှင်းချန်ကို ခင်ဗျား ခက်မထပ်စေရဘူး"
လုမင် ခပ်ဟဟရယ်၍ ပြောလိုက်သည်။
"နင်ကတော့ အခုထိ ယုံကြည်မှုရှိနေတုန်းပဲ"
မူလန်က လုမင်ကိုကြည့်ကာ အဖြူရော်သွားများပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။
“ဒါနဲ့... အမက ရှန့်ရှင်းချန်ကို ဘာလို့ လက်မထပ်ချင်ရတာလဲ..။ ဒီကောင်က ပါရမီရှင်တစ်ယောက်မို့ မောက်မာပေမဲ့ အမှန်အတိုင်းပြောရရင် သူ့စွမ်းရည်က မဆိုးဘူး..။ မဟုတ်မှလွဲ၊ အမ ကျွန်တော့်ကိုချစ်နေလို့ သူနဲ့ လက်မထပ်တာလား"
လုမင် ပြုံး၍ မူလန်ကို စိုက်ကြည့်လိုက်သည်။
"နင့်ကို... နင့်ကိုသဘောကျရမှာလား..။ အိပ်မက်တောင် မမက်လိုက်နဲ့"
မူလန် အော်ဟစ်လိုက်သည်။ သူ့မျက်နှာက ရှက်စိတ်ကြောင့် အနည်းငယ် နီမြန်းသွားကာ အလွန်ချစ်စရာကောင်းလာ၏။
ချက်ခြင်းပင် သူက သက်ပြင်းချ၍ ပြောလိုက်သည်။
"ဘယ်သူမှ ငယ်ငယ်ကတည်းက ကိုယ့်ကံကြမ္မာကို သတ်မှတ်မခံချင်သလို အခုလိုကိစ္စတွေကိုလည်း ဖြစ်ချင်ကြမှာ မဟုတ်ဘူးလေ..။ ရှန့်ရှင်းချန်က ပါရမီရှင်ဖြစ်ပေမဲ့ သူ့အပေါ်မှာ ငါ ဘာခံစားချက်မှ မရှိဘူး"
"အိုး"
လုမင် ပြုံးလိုက်သည်။
"အဟမြး အဟမြး"
ထိုစဉ် နံဘေးတွင်ရပ်နေသော မူရှို့ယွမ်က ချောင်းဟန့်ကာ ဝင်ပြောလိုက်၏။
"ငါတို့ အခု ဒီနေရာကနေ အရင်ထွက်သွားသင့်တယ် မဟုတ်လား"
"အင်း.. ဟုတ်တယ်... သွားကြရအောင်"
မူလန်က နီမြန်းနေသောမျက်နှာနှင့် မြန်မြန်ပြောလိုက်သည်။
လုမင် အကြည့်နှင့် အပြုံးဟာ သူမကို အနည်းငယ် လန့်သွားစေ၏။
ထို့နောက်တော့ မူလန်က လင်းယုန်ငှက်ကိုပြန်လွှတ်ကာ ဤအတိုင်းပင် လမ်းလျှောက်ထွက်ခဲ့တော့သည်။
"လုမင်... နင်အခုဘယ်မှာနေလဲ"
မူလန် မေးလိုက်သည်။
"မြို့ထဲက အိမ်တစ်လုံးမှာပါပဲ"
လုမင် ပြောလိုက်၏။
"အိုး၊ ငါ နင်နေဖို့ စတုတ္တဧရိယာကို ရွှေ့ပေးမယ်..။ အဲဒီမှာ နင့်အတွက် ခြံဝင်းတစ်ခုကို ငါစီစဉ်ပေးမယ်လေ... အဲဒီမှာဆိုရင် နင့်ရဲ့ကျင့်ကြံခြင်းက ပိုပြီးမြန်မြန် တိုးတက်လာမှာပါ"
မူလန် ပြောလိုက်သည်။
မူလန်ဖခင်က ဆန်းကျယ်ကောင်းကင်မြို့တော်၏ နန်းတော်သခင်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်အတွက် စတုတ္တဧရိယာတွင် ခြံဝင်းတစ်ခု ဖန်တီးပေးရန် မခက်ပေ။
ချက်ချင်းပင် သူတို့သုံးယောက်လည်း စတုတ္တဧရိရာသို့ လျှောက်လှမ်းလာခဲ့ကြသည်။
စတုတ္တဧရိယာကို တံတိုင်းကြီးကာရံထားကာ အစွမ်းထက်ပုဂ္ဂိုလ်များ စောင့်ကြပ်နေကြ၏။ သာမန်လူများ ချဉ်းကပ်လာပါက ခြွင်းချက်မရှိ အသတ်ခံရပေလိမ့်မည်။
သို့ရာတွင် မူလန်နှင့် မူရှို့ယွမ်ကြောင့် လုမင်ဟာ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
'တကယ်ကို သန်မာလိုက်တဲ့ တာအိုသန္ဓေနဲ့ သဘာဝစွမ်းအင်ပါလား'
စတုထ္ထနယ်မြေသို့ ဝင်လိုက်သည်နှင့် လုမင် အံ့အားသင့်သွားရသည်။
ဤနေရာတွင် သဘာဝစွမ်းအင်က အစိုင်အခဲဖြစ်လုနီးအထိ သိသည်းကြောင်းကို လုမင် မြင်တွေ့လိုက်ရ၏။
ဤနေရာရှိ တာအိုသန္ဓေကလည်း အရှေ့နန်းတော်မှ တာအိုနန်းတော်ထက် အဆများစွာ သန်မာသည်။
ဤအနေအထားအရ ရှန့်မိသားစုနှင့် မူမိသားစုထံမှ ပါရမီရှင်များ ဆက်တိုက် ထွက်ပေါ်လာသည်မှာ မဆန်းတော့ပါချေ။
ဤအခြေအနေမျိုး၌ ဝက်တစ်တစ်ကောင်ပင် ကောင်းကောင်း ကျင့်ကြံရနိုင်သည်။
မူလန်နှင့် မူရှို့ယွမ်က လုမင်ကို စတုတ္တဧရိယာအတွင်းပိုင်းသို့ ခေါ်ဆောင်သွား၏။
မကြာမီပင် သူတို့လေးယောက် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာကြတော့သည်။
"မိန်းကလေး မူလန်"
ခြံဝတွင် အဘိုးကြီးတစ်ယောက်က မူလန်ကို ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။
"အဘိုးချန်... နောက်ပိုင်းမှာ လုမင် ဒီခြံဝင်းမှာ နေပ်လိမ့်မယ်"
မူလန်က လုမင်ကို လက်ညိုးညွှန်ပြ၍ ပြောလိုက်သည်။
အဘိုးချန်မျက်လုံးက အရောင်တစ်ချက်လက်ကာ လုမင်ကို ကြည့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပါပြီ"
"မူလန်... ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရအောင်"
မူးလန် ပြုံးလိုက်သည်။
"ကောင်းသားပဲ"
လုမင် ခေါင်းညိတ်လိုက်၏။
မကြာမီ သူတို့သုံးယောက်က ခြံဝင်းထဲသို့ ရောက်ရှိလာသည်။
အကျယ်အဝန်းအရ ဤခြံဝင်းဟာ အရှေ့ဘက်ရှိ ကောင်းကင်နတ်ဘုရား ခြံဝင်းကဲ့သို့ မကျယ်ပါချေ။ သို့သော် ယင်းက ပုံမှန်သာဖြစ်သည်။
ဤနေရာက ဆန်းကျယ်ကောင်းကင်မြို့တော် စတုတ္တ ဧရိယာဖြစ်ကာ အလွန်အဖိုးတန်၏။ ထို့ကြောင့် ခြံဝင်းကြီးကြီး မထားနိုင်ပါချေ။
သို့သော် အပြင်အဆင်က အလွန်ကောင်းမွန်သည်။ ဤတွင် စွမ်းအင်လေ့ကျင့်ရန်၊ တာအိုနားလည်ရန်၊ သိုင်းပညာလေ့ကျင့်ရန် နေရာများရှိ၏။
လုမင်လည်း အလွန်ကျေနပ်သွားလေသည်။
ထို့နောက် ခြံဝင်းကို လှည့်ပတ်ကာ ပြန်လျှောက်လာခဲ့သည်။
"လုမင်၊ ဒါက နင့်ရဲ့ တံဆိပ်ပြားပဲ... ဒီတံတိပ်ပြားနဲ့ဆိုရင် စတုတ္ထဧရိယာကို နင် လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်"
မူလန်က ခရမ်းရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ပြီး လုမင်ကို ပေးလိုက်သည်။
လုမင်လည်း လက်ခံယူထားလိုက်၏။
"အမမူလန်... ဆန်းကျယ်ကောင်းကင်မြို့တော်မှာ ပန်းပဲပညာရှင်များ ရှိမလား... ကျွန်တော် လှံကောင်းကောင်းတစ်လက်လောက် ပြုလုပ်ချင်လို့"
လုမင် မေးလိုက်သာ်။
လုမင်၏ အကောင်းဆုံးလှံက လှံသွားကျိုး၍ သုံးမရတော့ပေ။
လုမင်တွင် အဆင့်နိမ့် အဆင့်ငါးလှံတချို့ ရှိသေးသော်လည်း ယင်းက လုမင်အဖို့ အသုံးမဝင်တော့ပါချေ။
"ဒါပေါ့... ပန်းပဲပညာရှင်က တကယ်ပဲ ရှိနေခဲ့ပါတယ်..။ နင်က ဘယ်အဆင့် ဝိညာဉ်လက်နက်ကို လိုချင်တာလဲ"
မူလန် မေးလိုက်သည်။
"အဆင့်ခြောက်ရရင်တော့ အကောင်းဆုံးပေါ့"
လုမင် ပြောလိုက်၏။
"အဆင့်ခြောက်လား"
မူလန်ရော မူရှို့ယွမ်ပါ လန့်ဖျတ်သွားကြသည်။
အဆင့်ခြောက် ဝိညာဉ်လက်နက်က ဝိညာဉ်ပင်လယ်အဆင့် တန်ခိုးရှင်များအတွက်သာ သင့်တော်သည်။ ၎င်း၏ အဖျက်စွမ်းအားက အလွန်ကြောက်စရာကောင်းသော်လည်း ပြုလုပ်ရန် လိုအပ်ချက်များဟာ အလွန်ဈေးကြီး၏။
လုမင်က အဆင့်ခြောက် ဝိညာဉ်လက်နက်ကို အမှန်တကယ် လိုချင်နေ၏လော။
လုမင် ခေါင်းညိတ်ပြလိုက်သည်။
သူ့ကျင့်ကြံခြင်းအခြေခံက အလွန်လျင်မြန်စွာ တိုးတက်နေပြီး အစစ်အမှန်ယွမ်ချီကလည်း သာမန်ထက် ဆယ်ဆပို သန်မာလွန်းသည်။ ထို့အပြင် သိုင်းပညာကလည်း အလွန်ကြောက်စရာကောင်းပေရာ ဝိညာဉ်လက်နက် လိုအပ်ချက်ကလည်း မြင့်မားရတော့၏။
သာမန်ဝိညာဉ်လက်နက်များက သူ၏ ပေါက်ကွဲအားကို မခံနိုင်တော့ပေ။
မြို့နတ်ဆိုးလှံကဲ့သို့ လက်နက်ကောင်းတစ်ခုပင် ပျက်ဆီးသွားခဲ့ရပြီ မဟုတ်ပါလား။
ထို့ကြောင့် အဆင့်ခြောက် ဝိညာဉ်လက်နက်မှသာ အချိန်တစ်ခုအထိ အသုံးပြုနိုင်ပေလိမ့်မည်။
"လုမင်... အဆင့်ခြောက်ဝိညာဉ်လက်နက်ကို သန့်စင်ချင်ရင် ဈေးနှုန်းက အရမ်းကြောက်စရာကောင်းတယ်နော်..။ ငါ့မှာတော့ ဝိညာဉ်ကျောက်တုံး အများကြီးမရှိဘူး"
မူလန် ပြောလိုက်သည်။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 545 ) အဆင့်ခြောက် ပန်းပဲပညာရှင်
"အမမူလန် စိတ်မပူပါနဲ့... ဒီကိစ္စက ကျွန်တော် ဖြေရှင်းလိုက်ပါမယ်"
လုမင် ပြုံးလျက် ပြောလိုက်သည်။
သူ့တွင် အဆင့်ခြောက်ဝိညာဉ်လက်နက် ဖန်တီးရန် လုံလောက်သော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ကိုးသန်းဝန်းကျင်အထိရှိ၏။
သူ့စကားက မူလန်နှင့် မူရှို့ယွမ်ကို အံ့ဩသွားစေခဲ့ပေသည်။
လုမင်က အဆင့်ခြောက် ဝိညာဉ်လက်နက်ကိုပင် ထုဆစ်နိုင်သလော။ သူတို့ လုမင်ကို လျှော့တွက်လိုက်မိပုံရသည်။
"ကောင်းပြီလေ... ဆန်းကျယ်ကောင်းကင်မြို့တော်မှာ ငါ့အဖေရဲ့မိတ်ဆွေ အဆင့်ခြောက် ပန်းပဲပညာရှင်ကြီးရှိတယ်... ဒါပေမဲ့ ဒီနှစ်ရက်လောက်တော့ သူမအားလောက်သေးဘူး... အဲတာကြောင့် သုံးရက်ကြာမှ ငါနင့်ကို လာခေါ်မယ်..။ အဲတော့မှ သွားကြတာပေါ့"
မူလန် ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ဝမ်းသာသွား၏။
ဆန်းကျယ်ကောင်းကင်မြို့တော်တွင် အဆင့်ခြောက် ပန်းပဲပညာရှင်ကြီး ရှိနေမည်ဟု ထင်မထားခဲ့ပါချေ။
အဆင့်ခြောက် ပန်းပဲပညာရှင်များဟာ အလွန်ရှား၍ အဆင့်အတန်း မြင့်မားသည်။ ၎င်းတို့ခွန်အားကလည်း ဝိညာဉ်ပင်လယ်အဆင့်ပင် ရှိနိုင်ကြ၏။
ဆန်းကျယ်ကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံး၌ပင် ဝိညာဉ်ပင်လယ်အဆင့် တန်ခိုးရှင်က အဆင့်အတန်း အလွန်မြင့်မားခဲ့ကြသည်။
တစ်ယောက်ချင်းစီဟာ ကောင်းကင်ကို ကိုင်လှုပ်နိူင်အောင် တန်ခိုးထွားကြ၏။
ဝိညာဉ်နတ်ဘုရား နယ်ပယ်သုံးခုက ဝိညာဉ်ပင်လယ်၊ ဝိညာဉ်သန္ဓေသားနှင့် နတ်ဝိညာဉ်အဆင့်များပင် ဖြစ်သည်။
နယ်ပယ်တစ်ခုစီဟာ အလွန်လျှို့ဝှက်ဆန်းကျယ်ပေ၏။ တချိန်တည်းမှာပင် ၎င်းတို့၏ အဖျက်စွမ်းအားက မိုးနှင့်မြေကြားတွင် အနှိုင်းမဲ့ပင်။ ၎င်းတို့က မိုးနှင့်မြေကို ဖျက်ဆီးနိုင်ကာ သိုင်းဘုရင်များနှင့် လားလားမျှမဆိုင်ပေ။
နတ်ဝိညာဥ်နယ်ပယ်အထက်သို့ ရောက်သောအခါမှာတော့ သိုင်းအုပ်ချုပ်သူ ဖြစ်လာခဲ့ချေပြီ။
နတ်ဝိညာဉ်အဆင့် အထွတ်အထိပ်ကို ပါရဂွန်အဆင့်ဟု ခေါ်သည်။ ယင်းက သိုင်းအုပ်ချုပ်သူနှင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကြားမှ တံတားတစ်ခုပင်။
အဓိပဓိကျိုးယန်၏ ကျင့်ကြံခြင်းအခြေခံက နတ်ဝိညာဉ်အထွတ်အထိပ်ဖြစ်ပြီး သိုင်းအုပ်ချုပ်သူဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သူပင်။
ဟုတ်၏။ လက်ရှိမှာတော့ ဤနယ်ပယ်များဟာ လုမင်နှင့် အလှမ်းကွာဝေး၍ စဉ်းစားရန် အချိန်မကျသေးပေ။
"လုမင်... နင့်ဒဏ်ရာတွေကို အရင်ကုသထားလိုက်ပါ"
မူလန်က စိုးရိမ်ပူဟန်နှင့်ပြောဆိုပြီး မူရှို့ယွမ်နှင့် ထွက်ခွာသွားခဲ့၏။
လုမင်လည်း အခန်းအတွင်းသို့ဝင်ကာ တင်ပျဉ်ခွေထိုင်ပြီး ဒဏ်ရာများကို ကုသလိုက်တော့သည်။
သူဟာ ရှန့်ရှင်းချန်ထံမှ နှစ်ကွက်သာ ခုခံရသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ထို့အပြင် ၎င်းက ရှန့်ရှင်းချန်၏ အင်အားအပြည့်မဟုတ်သေးပေ။ ရှန့်ရှင်းချန်က အင်အားအပြည့်သုံးလျှင် ပြင်ဆင်ထားမှုမရှိသောလုမင် သေဆုံးသွားရနိုင်ပေ၏။
သုံးနာရီကြာပြီးနောက် လုမင်ဒဏ်ရာများက ပို၍ကောင်းလာခဲ့ပေသည်။ ဤနှုန်းအတိုင်းဆိုလျှင် အပြည့်အဝပြန်ကောင်းရန် တစ်ရက်ပင် မကြာနိုင်ပေ။
'နှစ်ဝက်အကြာမှာ ရှန့်ရှင်းချန်ကို ရင်ဆိုင်ချင်ရင် အရင်းအမြစ်တွေ ငါပိုပြီးလိုအပ်လာပြီ'
“အရေးကြီးဆုံးကတော့ တာအိုသန္ဓေပဲ... တာအိုသန္ဓေနားလည်မှု နက်ရှိုင်းလာရင် လုံလောက်တဲ့အရင်းအမြစ်နဲ့ စိတ်ကြိုက် အဆင့်တက်နိုင်မှာ'
လုမင် တွေးလိုက်သည်။
ယခုအခါ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ရှိ၍ သူ၏ တာအိုသန္ဓေနားလည်မှုအမြန်နှုန်းက မြင့်မားနေပြီဖြစ်သော်လည်း သူမကျေနပ်သေးပေ။
ဤနှုန်းအတိုင်းဆက်သွားပါက နှစ်ဝက်အတွင်း ရှန့်ရှင်းချန်ကို မမှီနိုင်ပါချေ။
'တာအိုကျောက်တွေ အများကြီးရှိရင်တော့ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နဲ့ ငါ့ရဲ့နားလည်မှုက အများကြီး တိုးတက်လာမှာ..။ ဒါဆိုရင်တော့ ရှန့်ရှင်းချန်ကို လိုက်မှီနိုင်လောက်တယ်'
လုမင် တွေးလိုက်၏။
အမှန်အတိုင်းဆိုရလျှင် နှစ်ဝက်အချိန်က တိုတောင်းလွန်း၍ လုမင်ဟာ ဖိအားများစွာ ခံစားနေရသည်။
'နှစ်ဝက်အကြာမှာ ရှန့်ရှင်းချန်ကို ငါအနိုင်တိုက်ရမယ်... ရှန့်ရှင်းချန်ကိုတောင် အနိုင်မယူနိုင်ရင် အနာဂတ်မှာ ဧကရာဇ်ရီဝူဟွမ်နဲ့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ'
လုမင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ချက်ချင်းပင် ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို ဘေးတွင်ချ၍ မီးစွမ်းရည်တာအိုကျောက်များကို ထုတ်ယူလိုက်သည်။
သူဟာ မီးတာအိုသန္ဓေကို အရင်မြှင့်တင်ရန် ရည်ရွယ်ထား၏။
မီးစွမ်းရည်တာအိုကျောက်များကြောင့်လည်း သူ၏ မီးတာအိုသန္ဓေနာလည်မှုဟာ အမြန်ဆုံး တိုးတက်လာတော့သည်။
"ဝမ်"
လုမင်က မီးစွမ်းရည်တာအိုကျောက်ကို ခွဲချေလိုက်သည်။ ထိုအခါ မီးတာအိုသန္ဓေများက လုမင်ကို လွှမ်းခြုံသွား၏။
လုမင်လည်း မျက်လုံးမှိတ်၍ မီးတာအိုသန္ဓေကို စတင်နားလည်ဆင်ခြင်လိုက်ပေသည်။
မူလကတည်းက ဤနယ်မြေတွင် တာအိုသန္ဓေနားလည်မှုအမြန်နှုန်းက မြင့်မားသည်။ ယင်းကို ရှေးဟောင်းဉာဏ်အလင်းသစ်ပင်နှင့် တာအိုကျောက်အား ပေါင်းထည့်လိုက်သောအခါ အလွန်တရာ မြန်ဆန်လာ၏။
ယခုအခါ လုမင်၏ မီးတာအိုသန္ဓေနားလည်မှုအမြန်နှုန်းက ကြောက်စရာအဆင့်ကို ရောက်သွားခဲ့ချေပြီ။
"ခွပ် ခွပ်"
မီးစွမ်းရည်တာအိုကျောက်များ တစ်ခုပြီးတစ်ခု ကွဲကြေသွားသည်။
တစ်ခုပြီးလျှင် နောက်တစ်ခု...
တစ်ရက်ကြာသောအခါ လုမင်ဟာ မီးစွမ်းရည်တာအိုကျောက်နှစ်ဆယ်ကို အသုံးပြုပြီးသွား၏။ သူ၏ မီးတာအိုသန္ဓေကလည်း ပထမဆင့် သေးငယ်သောအောင်မြင်ခြင်း အလယ်လတ်အဆင့်သို့ ရောက်ရှိသွားတော့သည်။
မြန်သည်။ မြန်လွန်း၏။
ယခုအခါ လုမင်၏ ဒဏ်ရာများကလည်း အပြည့်အဝ ပြန်ကောင်းသွားချေပြီ။
"ဆက်မယ်"
လုမင်လည်း မီးစွမ်းရည်တာအိုကျောက်များကိုထုတ်ယူကာ ဆက်လက် နားလည်ဆင်ခြင်လိုက်သည်။
မျက်စေ့တစ်မှိတ်အတွင်း မူလန်နှင့်ချိန်းဆိုထားသည့် သုံးရက်မြောက်နေ့သို့ ရောက်လာခဲ့ချေပြီ။
ဤအတောအတွင်း လုမင်ဟာ မီးစွမ်းရည်တာအိုကျောက်ခြောက်ဆယ်ကို အသုံးပြုခဲ့၏။
လုမင်၏ မီးတာအိုကလည်း ပထမအဆင့် မီးတာအို သေးငယ်သောအောင်မြင်ခြင်း အလယ်လတ်၏ အထွတ်အထိပ်ကို ရောက်သွားခဲ့ချေပြီ။ ယင်းက နှောင်းပိုင်းအဆင့်သို့ရောက်ရန် မလိုတော့ပေ။
သို့ရာတွင် တာအိုသန္ဓေက တစ်ဆင့်တက်လာတိုင်း နားလည်ရန် ပိုခက်ခဲလာသည်။
အကယ်၍ တာအိုသန္ဓေက ပထမအဆင့် သေးငယ်သောအောင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့လျှင် လုမင်၏ကျင့်ကြံခြင်းအခြေခံကိုလည်း အဆင့်ငါးသိုင်းဘုရင်သို့ မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်ပေလိမ့်မည်။
တာအိုသန္ဓေမတိုးတက်ပါက ကျင့်ကြံခြင်းအခြေခံ တိုးတက်ရန်လည်းမလွယ်ပေ။
ယနေ့တွင် မူလန်က လုမင်၏ခြံဝင်းသို့ ရောက်ရှိလာသည်။
"လုမင် သွားရအောင်... ငါနင့်ကို သခင်မင်လျန်နဲ့ တွေ့ပေးမယ်"
မူလန် ပြောလိုက်သည်။
"ကောင်းပြီ"
လုမင်လည်း မျှော်လင့်နေဟန်ဖြင့် မျက်လုံး အရောင်လက်သွား၏။
မူလန်လည်း လုမင်ကို မြို့အတွင်းပိုင်းသို့ ခေါ်ဆောင်သွားတော့သည်။
စတုတ္တဧရိယာမှာတော့ လမ်းသွားလမ်းလာ အတော်ရှင်းသည်။ အများစုဟာ အပြင်ရောက်သူရောက်၊ မရောက်လျှင် တံခါးပိတ်ကျင့်ကြံနေတတ်၏။
လုမင်လည်း မူလန်အနောက်မှလိုက်ရင်း ဟောင်းနွမ်းနေသော ကျောက်အိမ်တစ်လုံးသို့ ရောက်ရှိလာခဲ့သည်။
"ဒါက သခင်မင်လျန်ရဲ့ ခြံဝင်းလား"
လုမင် အနည်းငယ်အံ့ဩသွား၏။
"ဟုတ်တယ်၊ ဆရာကြီးမင်လျန်က ဒေါသလည်းကြီးတယ်..။ ဒါပေမဲ့ သူက အဖေ့ရဲ့သူငယ်ချင်းဖြစ်တာကြောင့် နင့်လှံသန့်စင်ပေးဖို့ကို သဘောတူလောက်မှာပါ"
မူလန် ပြောလိုက်သည်။
သို့သော် သူ့လေသံအရ သူမလည်း မသေချာပေ။
လုမင်လည်း နှာခေါင်းကိုသာ ပွတ်လိုက်သည်
သူတို့နှစ်ယောက်လည်း ကျောက်တုံးအိမ်ထဲကို ၀င်ရောက်သွား၏။
၎င်းက ခြံဝင်းငယ်တစ်ခုဖြစ်သော်လည်း အထဲတွင် သတ္တုအကျိုးအပြတ်များဖြင့် ပြည့်နှက်နေသည်။
"ဦးလေးဟွမ်ရေ၊ ဦးလေးဟွမ်..."
မူလန်က ခပ်တိုးတိုး အော်ခေါ်လိုက်သည်။
"ဘယ်သူလဲ... ဒီအဘိုးကြီးအိပ်နေတာကို လာနှောင့်ယှက်ဝံ့တယ်လား"
အတွင်းမှ အသံတစ်ချက် ပြန်ထွက်လာ၏။
ထိုအသံကြောင့် လုမင်နှလုံးသားပင် တုန်ခါသွားရလေသည်။
ထို့ကြောင့် လုမင် အမြန်ရှာကြည့်လိုက်သော်လည်း ဘာမျှမတွေ့ပေ။
လုမင်အနေဖြင့် အရှိန်အဝါကိုပင် မခံစားရပေ။
"ဦးလေးဟွမ်... ကျွန်မ မူလန်ပါ... ဒီနေ့ အကူအညီတောင်းစရာရှိလို့"
မူလန်က အတွင်းကိုလှမ်းကြည့်ရင်း ပြောလိုက်သည်။
"အော်၊ မိန်းကလေးလန်ပဲ... ဘာကိစ္စရှိလို့လဲ"
အိုမင်းနေသောအသံက ထပ်မံ ထွက်ပေါ်လာ၏။
"ဦးလေးဟွမ်... ကျွန်မ ရှင့်ကို အဆင့်ခြောက် ဝိညာဉ်လက်နက်တစ်ခု ပြုလုပ်ဖို့ ကူညီပေးစေချင်ပါတယ်"
မူလန် ပြောလိုက်သည်။
"အဆင့်ခြောက် ဝိညာဉ်လက်နက် လှံရှည်လား..။ ကောင်မလေး၊ ဒါက နင့်ဘေးက လူငယ်လေးအတွက်မဟုတ်လား..။ ကောင်းပြီ... သူ့မှာ ဝိညာဉ်ကျောက်တုံး အလုံအလောက်ပါလား... ပြုလုပ်စရာ ပစ္စည်းတွေရော ပါလား"
အတွင်းမှ ထပ်မေးလာ၏။
"ဆရာကြီးခင်ဗျာ"
လုမင်က မှန်းဆကာ လက်ယှက်၍ ပြောလိုက်သည်။
"ကျွန်တော်မှာ ဝိညာဉ်ကျောက်တုံးတော့ ရှိပါတယ်... ဒါပေမဲ့ အဆင့်ခြောက်ဝိညာဉ်လက်နက် ပြုလုပ်ဖို့ ပစ္စည်းတွေမရှိဘူး"
"လိုအပ်တဲ့ပစ္စည်းမရှိဘူးပေါ့... ကောင်းပြီ၊ ဒါဆိုရင်လည်း ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်ပေးတယ်..။ စုစုပေါင်း ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းရရင် ငါကူညီပေးမယ်"
အသံပိုင်ရှင် ပြောလိုက်သည်။
"ငါး... ငါးသန်းတောင်လား"
မူလန် မျက်လုံးပြူးကျယ်သွား၏။
"ဦးလေးဟွမ်... ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းက ဈေးမကြီးလွန်းဘူးလား..။ အပြင်မှာဆိုရင် အဆင့်ခြောက် ဝိညာဉ်လက်နက်တစ်ခုတောင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းနည်းနည်းပဲ ရှိတာ"
မူလန် ပြောလိုက်လေသည်။
---------