ယုပေါ်ယွင်က ကုဖုန်းလက်ကို ပုတ်ချပြီး အိပ်ရာပေါ်ကဆင်းကာ ဖိနပ်ကောက်စွပ်ပြီး ရေချိုးခန်းထဲ ဝင်သွားလေတယ် ။

ကုဖုန်းက ယုပေါ်ယွင်ကျောပြင်ကို ငေးကြည့်နေခဲ့ပြီး အချိန်အတော်ကြာမှ တိတ်ဆိတ်စွာနဲ့ အိပ်ရာထဲက ထွက်လိုက်တယ် ။

ဒီနေ့ဟာ ယုပေါ်ယွင်အမေရဲ့ နှစ်ပတ်လည်နေ့ ။ ယုပေါ်ယွင်က ဒီနေ့ကို ကျိန်းသေ မေ့မှာမဟုတ်ဘူး ။ ဒါပေါ့ ကုဖုန်းလည်း ဘယ်မေ့ရဲပါ့မလဲ ။

ဒီနေ့အတွက် အလုပ်အချိန်စာရင်းကို ကုဖုန်းတွက်ချက်ပြီးသား ။ နေ့လည်ခင်းမှာ မဖြစ်မနေတက်ရောက်ရမယ့် အရေးကြီးအစည်းအဝေးတစ်ခုရှိပေမယ့် အဲ့ဒါက နှစ်နာရီအတွင်းပြီးမယ် ။ ရှယ်ယာရှင်တွေတင်ပြမယ့် အကြောင်းအရာတွေကို ကိုင်တွယ်ဖို့အတွက် တစ်နာရီနဲ့ ကျန်တစ်နာရီက တချို့သော ငြီးငွေ့ဖွယ်ရာ လုပ်ငန်းဆောင်တာတွေကို ဖြေရှင်းဖို့ ။ နှစ်နာရီက သူ့အတွက် ကောင်းကောင်းလုံလောက်တယ် ။ ပြီးရင် ယုပေါ်ယွင်အမေရဲ့ နှစ်ပတ်လည်ညစာစားပွဲကို ယုပေါ်ယွင်နဲ့အတူတူ ပါဝင်ဆောင်ရွက်ပေးလို့ရပြီ ။

အားလုံးကို အစီအစဉ်ဆွဲပြီးတဲ့နောက် သူလည်း ရေချိုးသန့်စင်ပြီး ယုပေါ်ယွင်နဲ့အတူ မနက်စာစားတယ် ။

ထမင်းစားခန်းထဲမှာ ဦးလေးလီက တစိုက်မတ်မတ်နဲ့ ကျားယွဲ့လေးနိုးလာရင်တိုက်ဖို့အတွက် နို့ဘူးကြိုဖျော်နေတယ် ။ သူ့ခမျာ ဒီနို့ဘူးဖျော်နည်းက ပြည်တွင်းမှာ အတွေ့အကြုံအရှိဆုံး အမယ်အိုကြီးကို တကူးတကမေးမြန်းထားရတာ ။ ဒီနည်းက ကုကျားယွဲ့လေး ‌ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ရာ အင်မတန်သင့်လျော်တဲ့ အာဟာရဓာတ်တွေ ပါဝင်တယ် ။

ဦးလေးလီက ယုပေါ်ယွင်လက်ထဲက ကျားယွဲ့လေးကို လှမ်းချီလိုက်တယ် ။ သူ့မျက်နှာက ပြုံးချိုပြီး ကျားယွဲ့လေး နို့ဘူးတပြွတ်ပြွတ်စို့နေတာကို ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ငေး‌ကြည့်နေတယ် ။ ပါးစပ်ကလည်း အငြိမ်မနေဘဲ ချစ်မြတ်နိုးစွာ တဖွဖွ စကားတွေဆိုတယ် ။

" အို့ ! အံ့ဩဖို့ကောင်းလိုက်တာ ..ကြည့်ပါဦး ကျားယွဲ့လေးက တကယ်လိမ္မာတာပဲ .. ဟုတ်ပြီ တော်တယ် စို့ထားနော် ..တကယ်တော်တဲ့ ကလေးလေး "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)जहाँ कहानियाँ रहती हैं। अभी खोजें