အခန်း ၁၃၅: အမျိုးအမည်မသိသော အကြောင်းရင်း

220 40 4
                                    

အခန်း ၁၃၅: အမျိုးအမည်မသိသော အကြောင်းရင်း

ယိုဟော့၏အကြည့်များက ဓာတ်ပုံပေါ်တွင် မြဲမြံစွာရှိနေပြီး အချိန်ကြာမြင့်သည်အထိ စကားဆိုမလာခဲ့ပေ။

လောင်ယွီက နောက်ဆုံးစကားအချို့သည် သူလုပ်ကြံပြောခဲ့သော စကားများဖြစ်သောကြောင့် အနည်းငယ် အပြစ်ရှိသကဲ့သို့ခံစားနေရ၏။ ယိုဟော့ သူ့စကားများ၏ စစ်မှန်မှုကို မေးခွန်းထုတ်လာမည်ကို ကြောက်ရွံ့နေခဲ့ပြီး အလိမ်အညာတစ်ခုကို ဖုံးကွယ်ရန်အတွက် အလိမ်အညာစကား ၁၀ ခုလောက် ထပ်ဖန်တီးရပေလိမ့်မည်။ ရှင်းပြချက်တွေများလာလေလေ သူ့ဇာတ်လမ်းထဲမှ အပြစ်အနာအဆာများ ပေါ်လာလေလေဖြစ်ပေလိမ့်မည်။

သူ၏ ဤတူလေးသည် အလွန်ဉာဏ်ကောင်းသည်။ ယိုဟော့ သူ့အလိမ်အညာများထဲမှ အပေါက်တို့ကို ထိုးပြလိုက်မည်ကို ကြောက်ရွံ့နေတော့သည်။

ကသိကအောက်ဖြစ်သည်ဆိုသည်ထက် ယိုဟော့ စိတ်မကောင်းဖြစ်သွားမည်ကို ပို၍ စိုးရွံ့နေတော့၏။

သို့သော် ယိုဟော့ကမူ သူ့ကို ဘာမေးခွန်းမှ မမေးခဲ့ပေ။

သူက ပုံမှအကြည့်လွှဲလိုက်ပြီးနောက် ခေါင်းသာညိတ်ပြလာ၏။

အချိန်အတော်ကြာမှ မော့ကြည့်ပြီးနောက် လောင်ယွီကို မေးလာသည်။ "သူက ပရောဂျက်မှာ ပြဿနာရှိတယ်ဆိုတာ သတိထားမိတယ်လို့ ပြောလိုက်တယ်မလား၊ တကယ်လို့ ပြဿနာရှိနေတာကို အဲဒီတုန်းကတည်းက သိခဲ့ရင် ဘာဖြစ်လို့ ပရောဂျက်ကို ဆက်လုပ်ခဲ့ကြတာလဲ"

လောင်ယွီသည် လုံးဝကို ကြောင်အသွားခဲ့သည်။ "မင်း... မင်းက အဲဒီအကြောင်းကို မေးချင်တာလား"

ယိုဟော့သည် ဟုတ်မှန်ကြောင်း အသံပြုလိုက်ပြီးနောက် တည်ငြိမ်စွာ ဆက်ပြောသည်။ "အကြောင်းရင်းကို ဦးလေးကို ပြောခဲ့လား"

လောင်ယွီသည် အကြိမ်အနည်းငယ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးနောက် လုံးဝ ပြောစရာစကားမရှိဖြစ်သွားသည်။

ယွီဝမ်သည် သူ၏ ထိုပုံစံကို မကြည့်နိုင်တော့သောကြောင့် လောင်ယွီ့ကို မသိမသာ တွန်းလိုက်သည်။ ထိုမှသာ လောင်ယွီက အသိပြန်ကပ်သွားပြီးနောက် အလျင်အမြန် ခေါင်းခါပြလာ၏။ "ဟင့်အင်း သူမပြောခဲ့ဘူး၊ သူဆုံးသွားပြီးနောက် ငါလည်း ပရောဂျက်နဲ့ အဆက်အစပ်လုံးဝမရှိတော့ဘူး၊ ပြောရရင် အဲဒီလောက် လျှို့ဝှက်တဲ့အဆင့်မျိုးရှိတဲ့ဟာက ငါအလွယ်တကူ သိခွင့်ရနိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ၊ အဲဒီတုန်းက ငါသူပြောတာကြားလိုက်တော့ ပရောဂျက်ရပ်သွားမယ်လို့ပဲ ထင်ခဲ့တာ၊ နောက်ပိုင်း မင်းတို့တွေကို ဆွဲသွင်းခံရတော့မှ ပရောဂျက်က ဆက်ဖြစ်နေတုန်းပဲဆိုတာ သိလိုက်ရတာ"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now