အခန်း ၁၁၂: မျက်လုံးတွေကို မမှိတ်လိုက်နဲ့

236 55 5
                                    

အခန်း ၁၁၂: မျက်လုံးတွေကို မမှိတ်လိုက်နဲ့

ထိုအာရုံပျက်စေသော ပတ်တီးကို ဆွဲဖယ်ခံလိုက်ရသောကြောင့် ယိုဟော့လက်သည် ဗလာသက်သက်ဖြစ်သွား၏။

အကြောင်းတချို့ကြောင့် ချင်ကျိုးသည် ရုတ်တရက် အလွန်ဇွဲကောင်းနေသည်။ ယိုဟော့၏ မျက်လုံးထောင့်လေးများတစ်လျှောက် ဘယ်ဘက် ညာဘက်တွင် အနမ်းပွင့်လေးများ ခဏချင်းဆိုသလို ခြွေနေ၏။ ထိုအနမ်းပွင့်များသည် ယခင်ကအနမ်းများနှင့် အလွန် မတူကွဲပြားနေသည်။

ယိုဟော့သည် အနည်းငယ် ယားကျိကျိဖြစ်လာသည်အထိ အနမ်းခံနေရသော်လည်း ရှောင်ဖယ်သွားခြင်းမရှိပေ။

ချင်ကျိုးသည် ခေါင်းကို စောင်းငဲ့ထားပြီး မေးရိုးသည် ချွန်ပြီး ကောက်ကြောင်းထောင့်ချွန်းများသည် ပြတ်သားနေသည်။ သူ၏လည်တိုင်မှ ငေါထွက်နေသော အမို့လေးသော်လည်းကောင်း ပခုံးကြွက်သားများသည်လည်းကောင်း အားလုံး အားအင်တို့ပြည့်နေ၏။ ဤသူသည် သက်သောင့်သက်သာနားနေသည့်အချိန်တွင်ပင် အမြဲလိုလို သတိဝရိယအပြည့်ရှိသူဖြစ်သည်။ သူ၏ အဆိုပါ ကျူးကျော်တိုက်ခိုက်လိုသည့် စိတ်သည် မွေးရာပါအလားပင်။

သို့သော် ဤအခိုက်အတန့်တွင်မူ သူ့အနမ်းများမှာ အလွန်အမင်း ညင်သာလှသည်။ တန်ဖိုးထားပြီး နှစ်သိမ့်မှုပေးနေသည့်အလားပင်.....

".....ဘာဖြစ်လို့လဲ" ယိုဟော့သည် အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။

ချင်ကျိုး၏မျက်လုံးတို့မှာ မပွင့်တပွင့်နှင့် ထိုကျဉ်းမြောင်းမှေးနေသော မျက်ဝန်းကြားလေးတွင် အလင်းရောင်အချို့ မြင်နေရ၏။

သူက ယိုဟော့၏မျက်လုံးတို့ကို ခေါင်းမာစွာ ဆက်နမ်းနေပြီး အချိန်အတော်ကြာမှသာ ဩရှရှအသံနှင့် ပြန်ဖြေလာသည်။ "ဘာမှမဖြစ်ဘူး..... ဒီအတိုင်းပဲ မနမ်းဘဲမနေနိုင်တော့လို့"

ယိုဟော့သည် နေရာတွင်ပင် ရပ်နေခဲ့ပြီး စကားမဆိုခဲ့ပေ။

အမှန်စင်စစ် သူသည် ချူယွဲ့ပြောခဲ့သော အရာအများစုကို မမှတ်မိတော့ပေ။ ကြီးပြင်းလာပြီးနောက် သူက ဂရုမစိုက်တော့သောကြောင့် ဖြစ်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူကိုယ်တိုင်ပင်လျှင် သူက ပင်ကိုကပင် အေးစက်ပြီး အမှုမထားတတ်သောသူဟု ခံစားလာရသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now